တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားသည့်နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက်ဆောင်ရွက်

တနင်္သာရီတိုင်း၊   မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စက်တင်ဘာလ ၂၆  ရက် ညနေပိုင်း၌ မိုးသည်းထန် စွာ ရွာသွန်းမှုကြောင့် ပလောက် ချောင်းရေမြင့်တက်၍ ပလောက်မြို့၊ အမှတ် (၁) ရပ်ကွက်အတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည်။ အလားတူ ထားဝယ်ခရိုင် သရက်ချောင်းမြို့နှင့် လောင်းလုံးမြို့တို့တွင်လည်း စက်တင်ဘာလ ၂၆ ရက်နှင့် ၂၇ ရက်နေ့နံနက်ပိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ထားဝယ်မြစ်ရေမြင့်တက်မှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ရေဝင်ရောက်မှုဖြစ်ပေါ်လျက်ရှိသည့်  နေရာများရှိ ရေဘေးသင့်ပြည်သူများအား ယာယီ ရေဘေးကူညီကယ်ဆယ်ရေးစခန်း များဖွင့်လှစ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများပူးပေါင်း၍  အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကူညီကယ်ဆယ်ရေး နှင့် ရေဝင်ရောက်မှု တားဆီးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး   လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *