ဘန်ကောက်ရေဘေးသင့်ပြည်သူများ အကူအညီတောင်းခံ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  ၁၅ နှစ်အတွင်း အဆိုးဆုံးဖြစ်သည့် ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး နေအိမ်များအတွင်းပိတ်မိနေသည့် ပြည်သူများက အစားအစာများနှင့်သန့်ရှင်းသောသောက်ရေများ အရေးပေါ်ပို့ဆောင်ပေးရန်တောင်းဆိုနေကြောင်း ပြည်တွင်းသတင်းဌာနတစ်ခုက စက်တင်ဘာလ ၂၇ ရက်တွင်ဖော်ပြထားသည်။

မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက်ဘန်ကောက်မြို့ရှိ လမ်းမများ၊ နေအိမ်များနှင့်မော်တော်ယာဉ်များသည် ရေအောက်သို့ရောက်ရှိနေပြီး အချို့နေရာများတွင်မူရေမှာ ရင်ဘတ်အထိမြင့်တက်လျက်ရှိသည်။ ထိုသို့ရေကြီးမှုကြောင့် သွားလာရေးအခက်အခဲဖြစ်ပေါ်နေသည့်အပြင် နေအိမ်များတွင် ပိတ်မိနေသူများအတွက် အစားအစာနှင့် သောက်ရေရရှိရေးမှာ အရေးပေါ်လိုအပ်ချက်ဖြစ်လာသည်။

ဘန်ကောက်မြို့အရှေ့ပိုင်းဒေသများတွင် ရေကြီးမှုမှာပိုမိုဆိုးရွားနေပြီး မိုးရေများကို ရေမြောင်းစနစ်များက လုံလောက်စွာစီးဆင်းစေနိုင်ခြင်းမရှိသဖြင့် နေအိမ်များအတွင်းအထိ ရေဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မြို့နယ် ၅၀ လုံးကို ရေဘေးအန္တရာယ်ကျရောက်သည့်ဒေသများအဖြစ် သတ်မှတ်ထားသည်။

ရေဘေးအခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ထိုင်းဝန်ကြီးချုပ်သည် ဗြိတိန်ခရီးစဉ်ကို အချိန်မတိုင်မီရပ်တန့်ကာ ထိုင်းနိုင်ငံသို့ပြန်လည်ရောက်ရှိလာသည်။ လက်ရှိတွင် မိုးရွာသွန်းမှုလျော့ကျလာသော်လည်း ဘန်ကောက်မြို့ရှိ ရေဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် အရေးပေါ်အကူအညီများ    ဆက်လက်လိုအပ်နေဆဲဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *