အမေရိကန်နိုင်ငံ မစ်ဆူရီတက္ကသိုလ်မှ သုတေသီများက သွေးတိုးရောဂါဖြစ်ပေါ်စေတဲ့ရောင်ရမ်းမှုနဲ့ သွေးကြောပြောင်းလဲမှုများမှာပါဝင်နိုင်တဲ့ TG2 ဟုခေါ်သော ပရိုတင်းတစ်မျိုးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ သုတေသီတွေရဲ့အဆိုအရ အဲဒီပရိုတင်းဟာအနာဂတ်ကာလမှာ သွေးတိုးရောဂါကုသရေးအတွက် ပစ်မှတ်အသစ်တစ်ခု ဖြစ်လာနိုင်တယ်လို့သိရပါတယ်။
သုတေသနအဖွဲ့က ကြွက်များကိုအသုံးပြုပြီးစမ်းသပ်ခဲ့ရာ ကိုယ်ခံအားကလာပ်စည်းများအတွင်းရှိ TG2 ကို ဖယ်ရှားလိုက်တဲ့ကြွက်များမှာ သွေးပေါင်ချိန်မြင့်တက်မှု၊ သွေးကြောတောင့်တင်းမှုနှင့်ရောင်ရမ်းမှုတို့ သိသိသာသာလျော့နည်းလာတာကို တွေ့ရှိခဲ့ကြပါတယ်။ အဲဒီလိုစမ်းသပ်မှုအတွင်းသွေးပေါင် ချိန်ကိုထိန်းညှိရာမှာပါဝင်တဲ့angiotensin II ဟော်မုန်းကို အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။
သုတေသီများရဲ့လေ့လာမှုအရဆိုရင် TG2 ကို ပစ်မှတ်ထားခြင်းအားဖြင့် သွေးတိုးရောဂါနဲ့ဆက်စပ်နေတဲ့ရောင်ရမ်းမှုများကိုလျှော့ချနိုင်မယ့် အလား အလာရှိနေတာတွေ့ရပါတယ်။ ဒါပေမဲ့ လူသားများမှာအဲဒီနည်းလမ်းက ဘေးကင်းပြီး ထိရောက်မှု ရှိ၊ မရှိကို ဆက်လက်သုတေသနပြုလုပ်ဖို့လိုအပ်နေပါသေးတယ်။ ယခုလေ့လာမှုမှာဆိုရင် ကြွက်မများကိုသာ အခြေခံထားလေ့လာခဲ့တာဖြစ်ပါတယ်။
