နိုင်ငံတော်တည်ငြိမ်ရေးနှင့်နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲကျင်းပ

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော  ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအားဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်နေ့ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊  အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်ခိုင်နှင့်တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းရင်းသားရိုးရာအကအဖွဲ့များနှင့်ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။  

တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်   စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊   နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့်ဝေးကွာ၍  နေ့မအားညမအားစွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ဂုဏ်ပြုပန်းကုံးများ၊ အောင်သပြေခက်များကမ်း၍ လည်းကောင်း၊ အတီး ၊ အမှုတ်၊ အက ၊ အခုန်များဖြင့်လည်းကောင်းသောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြသည်။ ယင်းနောက် တိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *