ယူကရိန်းနိုင်ငံက စစ်မြေပြင်မှာ လူသားစစ်သည်များ ထိခိုက်မှုလျော့နည်းစေရန် လူတူစက်ရုပ်များနဲ့ အလိုအလျောက်စနစ်များကိုအသုံးပြုမယ့် စက်ရုပ်တပ်မတော်စီမံကိန်းကို စတင်ဖော်ဆောင်သွားမယ်လို့ယူကရိန်းကာကွယ်ရေးဝန်ကြီးဟောင်းကပြောပါတယ်။
အဲဒီစီမံကိန်းထဲမှာ လူတူစက်ရုပ်များ၊ မောင်းသူမဲ့မြေပြင်သွားယာဉ်များ၊ ဒရုန်းများကို ပေါင်းစပ်အသုံးပြုဖို့ရည်ရွယ်ထားပြီး အန္တရာယ်များလှတဲ့စစ်မြေပြင်လုပ်ငန်းတာဝန်များကို စက်ရုပ်များက အစားထိုးဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
စီမံကိန်းအရဆိုရင် ခဲယမ်းများ ပို့ဆောင်ခြင်း၊ ဒဏ်ရာရစစ်သည်များကို ကယ်ထုတ်ခြင်း၊ ထောက်လှမ်းခြင်း၊ မိုင်းရှင်းလင်းခြင်း၊စစ်မြေပြင်အတွင်း အခြားအန္တရာယ်များတဲ့လုပ်ငန်းများမှာ စက်ရုပ်များကိုအသုံးပြုဖို့စီစဉ်ထားတာဖြစ်ပါတယ်။ ဒရုန်းများနဲ့စက်ရုပ်များကို ဆော့ဝဲနှင့် အယ်လဂိုရီသမ်များမှတစ်ဆင့် ချိတ်ဆက်အသုံးပြုရန်လည်း ရည်ရွယ်ထားပါတယ်။
သို့သော် စက်ရုပ်တပ်မတော်ဆိုတာကလက်ရှိမှာ အပြည့်အဝဖွဲ့စည်းပြီးဖြစ်တဲ့ တပ်မတော်တစ်ရပ်မဟုတ်ဘဲ အင်ဂျင်နီယာများ၊ စက်ရုပ်နည်းပညာအဖွဲ့များ၊ နည်းပညာကုမ္ပဏီများနဲ့ ရင်းနှီးမြှုပ်နှံသူများကိုစုစည်းပြီးတည်ဆောက်မယ့် နည်းပညာစီမံကိန်းအဆင့်မှာရှိပါတယ်။
