လူ(၅)ဦးတင်ဆောင်လာတဲ့ ပုဂ္ဂလိကလေယာဉ်ငယ်တစ်စီး ပင်ဆယ်ဗေးနီးယားတွင် ပျက်ကျ

အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် Manheim မြို့မှာရှိတဲ့ လူနေဧရိယာတစ်ခုကို လူ(၅)ဦးတင်ဆောင်လာတဲ့ ပုဂ္ဂလိကလေယာဉ်ငယ်တစ်စီးပျက်ကျခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်ရပ်ဟာ Lancaster လေဆိပ်အနီး မှာ မတ်လ(၉)ရက် ညနေ(၃)နာရီအချိန်လောက်က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားရာနေရာကို ရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်တွေမှာ ကားရပ်နားရာနေရာတစ်ခုမှာ မီးလောင်နေတဲ့ လေယာဉ်ကိုယ်ထည်အပိုင်းအစများစွာနဲ့အတူ မီးလောင်ကျွမ်းနေတဲ့ကားများစွာကို တွေ့မြင်ခဲ့ရပါတယ်။ အဲဒီ ဖြစ်ရပ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိတယ်လို့ ဒေသတွင်းသတင်းချန်နယ် WPVI-TV က ရေးသား ဖော်ပြခဲ့ပါတယ်။
ပင်ဆယ်ဗေးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂျို့ရှ်ရှာပီရိုက “အခင်းဖြစ်ပွားရာနေရာမှာ ကူညီမှုတွေလုပ်ဆောင်နေတဲ့တာဝန်ရှိသူတွေကို ပင်ဆယ်ဗေးနီးယားပြည်နယ်ရဲတပ်ဖွဲ့က ကူညီထောက်ပံ့ပေးမှုတွေ လုပ်ဆောင်ပေးနေပါတယ်။

တုံ့ပြန်မှုတွေကို ဆက်လက်လုပ်ဆောင်နေမှုနဲ့အတူ နောက်ထပ်သတင်းအချက်အလက်တွေကို မကြာခင် အချိန်အတွင်း ရရှိလာပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း အမေရိကန်နိုင်ငံမှာ လူအသေအပျောက်များတဲ့ လေကြောင်းဖြစ်ရပ်တွေ များစွာဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလက အမေရိကန်စစ်တပ် Black Hawk ရဟတ်ယာဉ်တစ်စင်းနဲ့ ခရီးသည်တင်လေယာဉ်တစ်စင်းတို့ Potomac မြစ်ပေါ်မှာ တိုက်မိခဲ့ပြီး လူ(၆၇)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် အလားတူလမှာပဲ ဆေးဘက်ဆိုင်ရာလေယာဉ်တစ်စင်းဟာ ဖီလာဒဲလ်ဖီးယားမြို့မှာ ပျက်ကျခဲ့ပြီး လူ(၇)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *