ညသန်းခေါင်လိုအချိန်မျိုးမှာ ပုစ္ဆာတစ်ပုဒ်ကိုနားမလည်လို့ အခက်တွေ့နေတယ်ဆိုပါစို့။ အရင်တုန်းကဆိုရင် နောက်တစ်နေ့ ဆရာနဲ့တွေ့တဲ့အထိ စောင့်ရတာမျိုး၊ ဒါမှမဟုတ် ကိုယ်ပိုင်ကျူရှင်တက်နိုင်မှ အဖြေသိရတာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှ ကျောင်းသူတစ်ဦးအတွက်တော့ အခုလိုမျိုးစောင့်စရာ မလိုတော့ပါဘူး။ ဖုန်းထဲက အပလီကေးရှင်းတစ်ခုကိုဖွင့်လိုက်ရုံနဲ့ စက္ကန့် ၆၀ အတွင်း တကယ့်ဆရာတစ်ဦးနဲ့ ဗီဒီယိုကနေတိုက်ရိုက်သင်ယူနိုင်နေပါပြီ။
အသက် ၁၅ နှစ်ရှိ ကာဂျယ်ကုမ္မာရီဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဘီဟာပြည်နယ်ပတ္တနာမြို့ရှိ အစိုးရကျောင်းတစ်ကျောင်းမှာပညာသင်ကြားနေသူပါ။ သူ့မိသားစုကနေ့စဉ်အသုံးစရိတ်ကိုတောင် ချွေတာသုံးစွဲနေရတာကြောင့် ကိုယ်ပိုင်ကျူရှင်တက်ဖို့က မဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေအတွက် ပြင်ဆင်ရာမှာ အခက်အခဲတွေ့ခဲ့ရပါတယ်။“ကျွန်မတို့မိသားစုမှာ နေ့စဉ်အသုံးစရိတ်ကိုတောင် အနိုင်နိုင်ဖြေရှင်းနေရတာပါ။ကိုယ် ပိုင်ကျူရှင်တက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး” လို့ ကာဂျယ်က ပြောပါတယ်။
သူ့အတွက် အခြေအနေပြောင်းလဲသွားစေတာက ပြည်နယ်အစိုးရက ပံ့ပိုးထားတဲ့ ဉာဏ်ရည်တု (AI) နည်းပညာအခြေပြု သင်ကြားရေးအစီအစဉ်ပါပဲ။ အခုဆိုရင် မြို့ကြီးတွေဆီ ပြောင်းရွှေ့စရာမလိုဘဲ အွန်လိုင်းကနေ ဆရာတစ်ဦးနဲ့ တိုက်ရိုက်သင်ယူနိုင်လာပါပြီ။ “ပညာသင်ဖို့အတွက် ကျွန်မတို့အားလုံး မြို့ကြီးတွေဆီပြောင်းရွှေ့နိုင်တာမဟုတ်ပါဘူး” လို့ သူကဆိုပါတယ်။ ကာဂျယ်လို ကျောင်းသားတွေအတွက်ဆိုရင်တော့ဒီနည်းပညာဟာ စာသင်ယူရတာပိုလွယ်ကူစေတဲ့ ကိရိယာတစ်ခုထက်ပင်ပိုပါတယ်။အရင်ကငွေကြေးနဲ့ ဒေသအကန့်အသတ်ကြောင့် လက်လှမ်းမမီခဲ့တဲ့ ပညာရေးအခွင့်အရေးကို ရရှိလာစေတဲ့နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။
ဘီဟာပြည်နယ်ဆိုတာ အိန္ဒိယနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်တစ်ခုပါ။ တစ်ဦးချင်းဝင်ငွေက ၃၈၄ ဒေါ်လာဝန်းကျင်သာရှိပြီး တစ်နိုင်ငံလုံးပျမ်းမျှဝင်ငွေထက် ၃၁ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိပါတယ်။ ဒီလိုအခြေအနေမှာ ပညာရေးအတွက် ကုန်ကျစရိတ်တွေသုံးစွဲဖို့ မိသားစုအများအပြားအတွက် ခက်ခဲနေပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ဘီဟာပြည်နယ်က Vidya Saathi လို့ခေါ်တဲ့ ဒီဂျစ်တယ်သင်ကြားရေးပလက်ဖောင်းကို စတင်မိတ်ဆက်ခဲ့ပါတယ်။ အဲဒီအစီအစဉ်ကနေတစ်ဆင့် အလယ်တန်းနဲ့ အထက်တန်းကျောင်းသား ၃၀၀၀၀၀ ကျော်ဟာ နေ့ရောညပါ အသုံးပြုနိုင်တဲ့ AI နည်းပညာအခြေပြု သင်ကြားရေးဝန်ဆောင်မှုတွေကို ရရှိနေကြပါပြီ။
ဒီအစီအစဉ်ကို ဘီဟာကျောင်းစာမေးပွဲဘုတ်အဖွဲ့က Filo AI ပလက်ဖောင်းနဲ့ ပူးပေါင်းစီမံဆောင်ရွက်နေတာဖြစ်ပါတယ်။ ပြည်နယ်ပညာရေးဝန်ကြီး မီသီလက်တီဝါရီကတော့ ပလက်ဖောင်းမှာ စာရင်းသွင်းထားတဲ့ ကျောင်းသား ၇၃ ရာခိုင်နှုန်းဟာ ကျေးလက်ဒေသတွေက ဖြစ်တယ်လို့ပြောပါတယ်။ ဒီအစီအစဉ်က မြို့ကြီးတွေမှာရှိတဲ့ ကျောင်းသားတွေအတွက်သာမဟုတ်ဘဲ ပညာရေးအခွင့်အလမ်းနည်းပါးတဲ့ ကျေးလက်ဒေသတွေအထိ ရောက်ရှိနေတယ်ဆိုတာကိုပြသတဲ့အချက်တစ်ခုပါပဲ။
လက်ရှိဘီဟာပြည်နယ်ရဲ့ ခရိုင် ၃၈ ခုစလုံးက စံပြအလယ်တန်းနဲ့ အထက်တန်းကျောင်း ၇၀၀ မှာ ဒီအစီအစဉ်ကိုအကောင်အထည်ဖော်ထားပါတယ်။ နဝမတန်းနဲ့ ဒသမတန်းကျောင်းသားတွေအပြင် သိပ္ပံဘာသာရပ်အထူးပြု ဧကာဒသမတန်းနဲ့ဒွါဒသမတန်းကျောင်းသားတွေဟာလည်း တစ်ဦးချင်းတိုက်ရိုက်သင်ကြားမှုကို အခမဲ့ရရှိနိုင်ပါတယ်။ အသုံးပြုပုံကလည်း ရိုးရှင်းပါတယ်။ ကျောင်းသားတစ်ဦးက ကျောင်းသုံးစာအုပ်ထဲက နားမလည်တဲ့မေးခွန်းကို ဓာတ်ပုံရိုက်ပြီး အပလီကေးရှင်းထဲ တင်လိုက်ရုံပါပဲ။ Filo ရဲ့ AI နည်းပညာက အဲဒီမေးခွန်းနဲ့ သင့်တော်တဲ့ ဆရာတစ်ဦးကိုရှာဖွေပေးပြီး စက္ကန့် ၆၀ မပြည့်ခင်မှာပင်ဗီဒီယိုကနေ တိုက်ရိုက်ချိတ်ဆက်ပေးပါတယ်။ ဒီနည်းလမ်းကြောင့် ကျောင်းသားတွေဟာ အင်ဂျင်နီယာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲနဲ့ ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲလိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ စာမေးပွဲအတွက်လည်း အချိန်မရွေးပြင်ဆင်နိုင်လာပါတယ်။
Filo ပူးတွဲတည်ထောင်သူ ရိုဟစ်ကူမာကတော့ AI နည်းပညာရဲ့ အဓိကကဏ္ဍဟာ ကျောင်းသားတွေ လိုအပ်နေတဲ့အချိန်မှာ အကူအညီရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်တယ်လို့ ရှင်းပြပါတယ်။ သူ့ရဲ့ပြောစကားအရဆိုရင် AI ဟာ ဆရာတစ်ဦးရဲ့နေရာကို အစားထိုးတာမဟုတ်ဘဲ ကျောင်း သားနဲ့ ဆရာကို အချိန်တိုအတွင်းချိတ်ဆက်ပေးတဲ့ ကြားခံနည်းပညာဖြစ်တယ်လို့သိရပါတယ်။ ဆရာကလည်း ကျောင်းသားက ဘယ်နေရာမှာ နားမလည်နိုင်ဖြစ်နေလဲဆိုတာကိုသိရှိပြီး သူနားလည်နိုင်မယ့်ပုံစံနဲ့ တစ်ဦးချင်း ရှင်းပြပေးနိုင်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ AI နည်းပညာကိုအသုံးပြုမှု တိုးတက်လာတာဟာ ပြည်နယ်တစ်ခုတည်းရဲ့ ကြိုးပမ်းမှုမဟုတ်ပါဘူး။ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီအစိုးရကလည်း နိုင်ငံတစ်ဝန်း ပညာရေးနဲ့ နည်းပညာကဏ္ဍကို ပေါင်းစပ်ဆောင်ရွက်ဖို့ အစီအစဉ်တွေ ချမှတ်ထားပါတယ်။ မိုဒီကဩဂုတ်လ ၁၅ ရက်မှာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့စာမေးပွဲတွေအတွက် အခမဲ့ပြင်ဆင်ပေးမယ့် အမျိုးသားအဆင့်အစီအစဉ်တစ်ခုကို ကြေညာခဲ့ပါတယ်။ “ကျူရှင်သင်တန်းတွေဟာ ဆင်းရဲသားတွေနဲ့ လူလတ်တန်းစားတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေပါတယ်” လို့ သူကပြောပါတယ်။ အစိုးရရဲ့ဒီဂျစ်တယ်အခြေခံအဆောက် အဦတွေကိုအသုံးပြုပြီး အခမဲ့အွန်လိုင်းသင်ကြားရေးစနစ်တွေဖော်ဆောင်ဖို့နဲ့ လာမယ့်တစ်နှစ်အတွင်းမှာလူငယ် ၁၀ သန်းကို AI နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတွေသင်ကြားပေးဖို့ ရည်ရွယ်ထားပါတယ်။
ဒီကြေညာချက်မတိုင်မီ ရက်သတ္တပတ်အနည်းငယ်ကလည်း အိန္ဒိယနိုင်ငံမှာစာမေးပွဲမသမာမှုကို ဆန့်ကျင်တဲ့ကျောင်းသားဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီဆန္ဒပြမှုတွေဟာ စာမေးပွဲစနစ်အပေါ် လူထုမကျေနပ်မှုနဲ့ ကိုယ်ပိုင်ကျူရှင်စရိတ်ကြီးမြင့်နေတဲ့ ပြဿနာတွေကို ပိုမိုထင်ရှားစေခဲ့ပါတယ်။ အဲဒီဆန္ဒပြမှုတွေရဲ့ နောက်ဆက်တွဲအဖြစ် ပညာရေးဝန်ကြီးဟာ ရာထူးကနုတ်ထွက်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ ကျောင်းသားဦးရေစုစုပေါင်း ၂၄၇ သန်းနဲ့ စာသင်ကျောင်းပေါင်း၁ ဒသမ ၄၇ သန်းရှိပါတယ်။ ကမ္ဘာ့အကြီးဆုံးပညာရေးစနစ်တွေထဲက တစ်ခုဖြစ်ပေမယ့် ကျောင်းသားအားလုံး တန်းတူအခွင့်အရေးရရှိဖို့တော့ အခက်အခဲတွေ ရှိနေဆဲပါ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အလယ်တန်းအဆင့်ကျောင်းထွက်နှုန်းဟာ ၁၂ ရာခိုင်နှုန်းရှိပေမယ့် ဘီဟာလို စီးပွားရေးအရအားနည်းတဲ့ဒေသတွေမှာ အဋ္ဌမတန်းကနေ ဒသမတန်းအထိ ကျောင်းထွက်နှုန်းဟာ ၄၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ဆင်းရဲမှု၊ အခြေခံအဆောက်အဦ အားနည်းမှု၊စာတတ်မြောက်ခြင်း နည်းပါးမှုနဲ့ကျေးလက်ဒေသရှိ အမျိုးသမီးငယ်တွေရဲ့ပညာရေးအခွင့်အလမ်းနည်းပါးခြင်းတို့ကအဓိကအကြောင်းရင်းတွေ ဖြစ်ပါတယ်။
ဘီဟာနဲ့အိမ်နီးချင်း ဂျာခန်းပြည်နယ်မှာလည်း အွန်လိုင်းသင်ကြားရေးအစီအစဉ်တွေက အကျိုးရလဒ်တွေ စတင်ပြသနေပါတယ်။ ဂျာခန်းပြည်နယ်အစိုးရဟာ ၂၀၂၃ ခုနှစ်ကတည်းက Filo နဲ့ ပူးပေါင်းပြီး Sampurna Shiksha Kavach (SSK) အစီအစဉ်ကို စတင်ခဲ့ပါတယ်။ ဒုမ်ကာ၊ လာတီဟာ၊ ဂွမ်လာ၊ ခွန်တီနဲ့ အနောက်ဆင်ဘူလို ဝေးလံခေါင်သီတဲ့ ခရိုင်တွေက ကျောင်းသားတွေဟာ ၂၄ နာရီပတ်လုံး အွန်လိုင်းကနေ သင်ကြားမှုအကူအညီရနိုင်ပါတယ်။ အနောက်ဆင်ဘူခရိုင်မှာဆိုရင် အစီအစဉ်ထဲပါဝင်တဲ့ ကျောင်းတွေရဲ့ စာမေးပွဲအောင်ချက်ဟာ ၈၇ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ပြီး အစီအစဉ်ထဲမပါဝင်တဲ့ကျောင်းတွေမှာတော့ အောင်ချက်က၇၃ ရာခိုင်နှုန်းသာရှိခဲ့ပါတယ်။ ဂွမ်လာခရိုင်ကလည်း ၂၀၂၆ ခုနှစ် ပြည်နယ်ဘုတ်အဖွဲ့စာမေးပွဲမှာ အောင်ချက် ၉၉ ဒသမ ၃၂ ရာခိုင်နှုန်းနဲ့ ပြည်နယ်တစ်ဝန်းပထမနေရာ ရရှိခဲ့ပါတယ်။ အခမဲ့အပြိုင်အဆိုင်စာမေးပွဲပြင်ဆင်ရေးသင်တန်းတွေကြောင့် ကျေးလက်ဒေသရှိကျောင်းသား ၁၀၀ ကျော်ဟာ နိုင်ငံအဆင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကိုလည်း အောင်မြင်ခဲ့ကြပါတယ်။
ဒုမ်ကာခရိုင်မှာနေထိုင်တဲ့ အသက် ၁၆နှစ်ရှိဆစ်လကီကုမ္မာရီဆိုရင် လူမှုရေးနဲ့ ပညာရေးအခွင့်အလမ်းနည်းပါးတဲ့ OBC အသိုင်းအဝိုင်းကဖြစ်ပါတယ်။ သူနေထိုင်တဲ့ ရွာမှာ မိန်းကလေးအများစုဟာ ပဉ္စမတန်းကျော်တဲ့အထိ ပညာသင်ယူခွင့်ရဖို့တောင် ခက်ခဲပြီး အိမ်ထောင်ပြုဖို့ကိုသာ အတင်းအကျပ်စီစဉ်ခံရလေ့ရှိပါတယ်။ ဒါပေမဲ့ သူကဆရာဝန်ဖြစ်ချင်တဲ့ သူ့ရဲ့အိပ်မက်ကိုတော့ လက်မလျှော့ခဲ့ပါဘူး။ “ကျွန်မက ဆရာဝန်ဖြစ်ချင်ပါတယ်။ ကျွန်မရဲ့ကြိုးစားမှုနဲ့ နားမလည်တဲ့အချက်တွေကို ရှင်းပြပေးနိုင်တဲ့ ဆရာတွေရှိနေတာကြောင့် စာမေးပွဲအောင်ပြီး ဆရာဝန်ဖြစ်နိုင်မယ်လို့မျှော်လင့်ချက်ရှိလာပါတယ်” လို့ သူကပြောပါတယ်။
ကိုဒါမာခရိုင်မှ ဒွါဒသမတန်းကျောင်းသား ရာဟူးရာနာကလည်း ပန်းချီဆရာတစ်ဦးရဲ့သားဖြစ်တာကြောင့် ကိုယ်ပိုင်ဝင်ခွင့်စာမေးပွဲပြင်ဆင်ရေးသင်တန်းတွေကိုတက်ရောက်ဖို့ ငွေကြေးမတတ်နိုင်ခဲ့ပါဘူး။ဒါပေမဲ့ အွန်လိုင်းကနေရရှိတဲ့ သင်ကြားမှုအကူအညီကြောင့် သင်္ချာဘာသာရပ်မှာ အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ပြီး JEE Mains စာမေးပွဲကို အောင်မြင်ခဲ့တယ်လို့ သူကပြောပါတယ်။ ဒါကြောင့် AI နည်းပညာဟာ ပညာရေးအခွင့်အလမ်းကွာဟနေမှုကိုလျှော့ချရာမှာ ဘယ်လောက်အထိ အထောက်အကူပြုနိုင်တယ်ဆိုတာကို ဒီလိုဖြစ်ရပ်တွေက ပြသနေပါတယ်။
အိန္ဒိယနိုင်ငံမှာ အင်တာနက်အသုံးပြုသူ ၁ ဒသမ ၀၉ ဘီလီယံခန့်ရှိပြီး ဆက်သွယ်ရေးကွန်ရက်လွှမ်းခြုံမှုကလည်း ၉၀ ရာခိုင်နှုန်းခန့် ရှိနေပါတယ်။ ဒီလိုမျိုးအခြေခံအဆောက်အဦတွေကြောင့် ဘီဟာလိုမျိုးပြည်နယ်တွေမှာ ဒီဂျစ်တယ်ပညာရေးအစီအစဉ်တွေ အကောင်အထည်ဖော်နိုင်လာတာပါ။ ဒါပေမဲ့ ဒီအစီအစဉ်တွေ ရေရှည်အောင်မြင်ဖို့ဆိုရင် မိုဘိုင်းဖုန်းအပလီကေးရှင်းနဲ့ နည်းပညာရှိရုံနဲ့ မလုံလောက်ပါဘူး။ ရေရှည်ရန်ပုံငွေ၊ အင်တာနက်နဲ့ ကွန်ပျူတာအပါအဝင် အခြေခံအဆောက်အဦတွေ၊ နိုင်ငံရေးအရ ဆက်လက်ပံ့ပိုးပေးနိုင်မှုတွေတို့လည်း လိုအပ်ပါတယ်။
ကျောင်းသားတွေအတွက်တော့ ဒီအစီအစဉ်ရဲ့ အောင်မြင်မှုကိုတိုင်းတာဖို့ စံနှုန်းက ရိုးရှင်းပါတယ်။ ညသန်းခေါင်အချိန်မှာ မေးခွန်းတစ်ခု နားမလည်ဖြစ်နေတဲ့အခါ ဖုန်းမျက်နှာပြင်ပေါ်မှာ ဆရာတစ်ဦးဟာ တကယ်ပေါ်လာနိုင်သလားဆိုတာပါပဲ။“အခုအချိန်မှာ ကျွန်မတို့ တကယ်လိုအပ်တာက ဆရာတစ်ယောက်ပါ။ အခုတော့ ကျွန်မတို့မှာ အဲဒီအခွင့်အရေး ရှိလာပါပြီ။ဒါဟာ ကောင်းချီးတစ်ခုပါပဲ” လို့ ကာဂျယ်က ပြောပါတယ်။ သူ့ရဲ့စကားတွေက ဒီအစီအစဉ်ရဲ့ အဓိကအဓိပ္ပာယ်ကို ဖော်ပြနေပါတယ်။
အခုလက်ရှိအခြေအနေတွေကိုကြည့်မယ်ဆိုရင် AI နည်းပညာဟာ ဆရာတစ်ဦးနေရာကိုအစားထိုးရယူဖို့ထက် ဆရာနဲ့ ကျောင်းသားကြားမှာရှိတဲ့အကွာအဝေးကို လျှော့ချပေးနိုင်တဲ့ကိရိယာတစ်ခု ဖြစ်လာပါတယ်။ အထူးသဖြင့် ငွေကြေးမတတ်နိုင်လို့ ပညာရေးအခွင့်အရေး ဆုံးရှုံးနေရတဲ့ ကျောင်းသားတွေအတွက်တော့ စက္ကန့် ၆၀ အတွင်းမှာဆရာတစ်ဦးနဲ့ ချိတ်ဆက်လိုက်နိုင်ခြင်းက သူတို့တစ်တွေရဲ့အနာဂတ်မျှော်လင့်ချက်ရောင်နီသန်းလာခြင်းသာဖြစ်ပါတယ်။
