လူတိုင်းသက်ရှည်ကျန်းမာစွာနေထိုင်နိုင်ရေး လိုက်နာသင့်သည့်နည်းလမ်းများ

လူတိုင်းသက်ရှည်ကျန်းမာစွာ  နေထိုင်နိုင်ရန်နေ့စဉ်ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကို စားသုံးပြီး ကောင်းမွန်သည့်နေထိုင်မှုပုံစံကို လိုက်နာကျင့်သုံးရန်လိုအပ်သည်။ အောက်ပါ အလေ့အထများကို  လိုက်နာနိုင်လျှင်  သက်ရှည်ကျန်းမာစွာနေထိုင်နိုင်မည်ဖြစ်သည်။

အလွန်အကျွံမစားသင့်

သက်ရှည်ကျန်းမာစွာနေထိုင်လိုလျှင် အစားစားသည့်အခါ အလွန်အကျွံမစားဘဲအနည်းငယ်စီကို ကြေညက်စွာဝါးစားပြီး အကြိမ်ရေများများစား ပေးသင့်သည်။ တစ်ကြိမ်တည်းအဝစားခြင်းမျိုးကို ရှောင်ကြဉ်သင့်သည်။ စားသုံးသည့်  ကယ်လိုရီပမာဏနည်းလေလေ အသက်အရွယ်အိုမင်းရင့်ရော်မှုနှေးလေလေဖြစ်သည်။ အဆီနှင့်အငန်ကို လျှော့စားသင့်သကဲ့သို့ အရက်နှင့်ဆေးလိပ်သောက်ခြင်းကို လည်း ရှောင်ကြဉ်သင့်သည်။

အခွံမာသီးများစားသုံးသင့်

အာဟာရဓာတ်ပြည့်ဝစွာပါဝင်သည့် အခွံမာသီးများကိုစားသုံးသင့်သည်။  အခွံမာသီးများတွင် ဗီတာမင်နှင့်သတ္တုဓာတ်များပါဝင်သကဲ့သို့  ကော့ပါး၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နှင့် ဖောလိတ်တို့အပြင် ဗီတာမင်- B6 နှင့် ဗီတာမင်-E တို့ပါဝင်သည်။ အခွံမာ သီးကိုတစ်ပတ်လျှင် သုံးကြိမ်စားပေးမည်ဆိုပါက အရွယ်မတိုင်မီ သေဆုံးနိုင်ခြေ  ၃၉  ရာခိုင်နှုန်းလျှော့ချ ပေးနိုင်သည်။

နနွင်းစားပေးသင့်

နနွင်းစားခြင်းသည် အရွယ်မတိုင်မီအိုမင်းရင့်ရော်မှုကိုကာကွယ်ပေးနိုင်သည်။ နနွင်းတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်နေပြီး ဦးနှောက်၊   နှလုံးနှင့်အဆုတ်တို့ကို ကျန်းမာစေနိုင်သည်။ နနွင်းက ကင်ဆာရောဂါကို  ကာကွယ်ပေးသကဲ့သို့  အသက်အရွယ်ကြောင့်ဖြစ်သောရောဂါများကိုလည်း   ကာကွယ်ပေးသည်။

အသီးအရွက်များများစားပေးသင့်

အသီးအရွက်များများစားသူများသည် အသားစားသူများထက်အသက်ပိုရှည်နိုင်သည်။ ထို့ကြောင့် အရွယ်မတိုင်မီသေဆုံးခြင်းမျိုးမဖြစ်စေရန် ဗီတာ မင်နှင့်သတ္တုဓာတ်များ  ပြည့်ဝစွာပါဝင်သည့်  အသီးအရွက်များ စားပေးသင့်သည်။

ကိုယ်လက်လှုပ်ရှားပြုလုပ်သင့်

သက်ရှည်ကျန်းမာစွာနေထိုင်လိုသူများအနေဖြင့်  နေ့စဉ်နာရီဝက်မှ တစ်နာရီ အပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊   စက်ဘီးစီး၊ ရေကူးပြုလုပ်သင့်သည်။ တစ်နေ့လျှင် ၁၅ မိနစ်ခန့် ကိုယ်လက်လှုပ်ရှားပြုလုပ် ခြင်းက အရွယ်မတိုင်မီသေဆုံးနိုင်ခြေ  ၄ ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်သည်။ 

အရက်လျှော့သောက်သင့်

သက်ရှည်ကျန်းမာစေရန် အရက်သောက်သုံးမှုကို လျှော့ချသင့်သည်။ အရက်သောက်ခြင်းဖြင့် အသည်းအဆီဖုံးရောဂါ၊ အသည်းရောင်ခြင်း၊ အသည်း တွင် အမာရွတ်ဖြစ်ခြင်း၊  အသည်းကင်ဆာရောဂါတို့ဖြစ်ပွားနိုင်သည့်အပြင် နှလုံး၊ ပန်းကရိယ၊ အစာအိမ်နှင့်အူလမ်းကြောင်းတို့ကိုပါ   ထိခိုက်စေနိုင်သည်။ အရွယ်မတိုင်မီသေဆုံးနိုင်ခြေကို   မြင့်တက်စေနိုင်သောကြောင့်  အရက်ကိုတတ်နိုင်သမျှလျှော့သောက်သင့်သည်။

စိတ်ပျော်ရွှင်မှုကို ဦးစားပေးသင့်

သက်ရှည်ကျန်းမာစေရန် စိတ်ကိုပျော်ရွှင်အောင် နေထိုင်သင့်သည်။  အတတ်နိုင်ဆုံးစိတ်ဖိစီးမှုကိုလျှော့ချပြီး  အိပ်ရေးဝဝအိပ်စက်သင့်သည်။   စိတ်ပျော်ရွှင်သည့်သူက အသက်ပိုရှည်ကြသည်။ လေ့လာမှုများအရ စိတ်ပျော်ရွှင်စွာနေတတ်သည့်သူများက တခြားသူများထက်အသက်ရှည်နိုင်ခြေပိုများသည်။

စိတ်ဖိစီးမှုလျှော့ချသင့်

စိတ်ဖိစီးမှုက  အသက်တိုစေသည့် အဓိကအကြောင်းရင်းပင်ဖြစ်သည်။  စိတ်ဖိစီးမှုများသည့် အခါ နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် အဆုတ်ကင်ဆာရောဂါတို့ကိုဖြစ်စေနိုင်သည်။ ထို့ကြောင့် စိတ်ဖိစီးမှု ကိုလျှော့ချသင့်သည်။

ချစ်ချစ်ခင်ခင်နေသင့်

မိသားစုဝင်များ၊ သူငယ်ချင်းများနှင့်ချစ်ချစ်ခင်ခင်နေသင့်သည်။ လူမှုဆက်ဆံရေးကောင်းမွန်သူများက အသက်ပိုရှည်ကြသည်။ သူငယ်ချင်းမိတ်ဆွေကောင်းများပိုင်ဆိုင်သူက တခြားသူများထက် ၅၀ ရာခိုင်နှုန်း အသက်ပိုရှည်သည်။ ထို့ကြောင့် လူမှုဆက်ဆံရေး ကောင်းသူတစ်ယောက်ဖြစ်ရန်  ကိုယ့်ကိုယ်ကိုယ် ပျိုးထောင်သင့်သည်။

ကောင်းမွန်သောအိပ်စက်မှုရှိသင့်

နေ့စဉ်(၆-၈)နာရီပြည့်ပြည့်ဝဝအိပ်စက်သင့်သည်။ အကယ်၍ အိပ်ချိန်ထိုထက်နည်းမည်ဆိုလျှင် အရွယ်မတိုင်မီသေဆုံးနိုင်ခြေ ၁၂ ရာခိုင်နှုန်းအထိ တိုးစေ သည်။ နေ့စဉ် ၆ နာရီမှ ၈ နာရီအထိ အိပ်စက်သူများသည်  ဆီးချို၊  သွေးချို၊ အဝလွန်ခြင်း၊ နှလုံးကဲ့သို့ နာတာရှည်ရောဂါများဖြစ်နိုင်ခြေ ကျဆင်းနိုင်သကဲ့သို့တခြားသူများထက်  ၃၈ ရာခိုင်နှုန်းအထိ အသက်ပိုရှည်နိုင်သည်။ လူတိုင်းသက်ရှည်ကျန်းမာလိုကြသည်မှာ အမှန်ပင်ဖြစ်သည်။  လက်ရှိအသက်ထက်  သက်တမ်းပိုရှည်ကြာစွာ  နေထိုင်လိုလျှင် အောက်ပါနည်းလမ်း ငါးသွယ်ကိုလိုက်နာသင့်သည်။

အရွက်သုပ်စားခြင်း

နေ့စဉ်စားသည့် အစားအသောက်ထဲတွင် အရွက်သုပ်တစ်ခွက်ပါဝင်ရန်လိုအပ်သည်။ အရွက်သုပ်စားခြင်းက အသက်ကိုပိုရှည်နိုင်သည်။ အသီး အရွက်များကို ချက်ပြုတ်လိုက်သည့်အခါ အထဲတွင်ပါဝင်သော အင်တီအောက်စီးဒင့်များဆုံးရှုံးနိုင်သောကြောင့်ဖြစ်သည်။  အရွက်သုပ်စားသည့်အခါ ငရုတ်၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီစသည်တို့ ပါဝင်သင့်ပြီး နှမ်းဆီ၊ နေကြာဆီ၊ သံလွင်ဆီစသည့်ဆီ တစ်မျိုးမျိုးဖြင့် သုပ်စားသင့်သည်။

ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း

ခန္ဓာကိုယ်အလေးချိန် အချိုးအဆ(BMI) သာမန် (၁၈.၉-၂၄.၉)အတွင်းရှိသင့်သည်။  ဘီအမ်အိုင်ဆိုသည်မှာ ကိုယ်အလေးချိန် ကီလိုဂရမ်ကို အရပ် အမြင့် မီတာနှစ်ထပ်ကိန်းနှင့်စား၍ရသောရလဒ်ဖြစ်သည်။ ခန္ဓာကိုယ်တွင်အဆီများစုစေပြီး ကိုယ်အလေးချိန်တက်လာသောကြောင့် ဆီးချို၊ သွေးချို၊ နှလုံး ရောဂါ၊ လေဖြတ်ခြင်းနှင့်အူမကြီးကင်ဆာ ရောဂါစသည်တို့ကိုခံစားရနိုင်သည်။ လေ့ကျင့်ခန်းမလုပ်ဘဲလှုပ်ရှားမှုနည်းသည့် နေထိုင်မှုကလည်း လူ့သက်တမ်းကိုတိုစေသည်။

အစေ့အဆန်စားခြင်း

သရေစာအဖြစ် အစေ့အဆန်စားပါက အသက်ပိုရှည်သည်ကို လေ့လာသူများကတွေ့ရှိထားသည်။ အစေ့အဆန်ကို တစ်နေ့လျှင် ငါးအောင်စ တစ်ပတ်လျှင် ငါးကြိမ်စားသင့်သည်။ တခြားအစေ့အဆန်များထက်  သစ်ကြားသီးကို ပိုစားသင့်သည်။  အစေ့အဆန်များမှ အင်တီအောက်ဆီးဒင့်များအပြင်   ခန္ဓာကိုယ်အတွက်ကောင်းသော အဆီရရှိသည်။

သူငယ်ချင်းများနှင့်တွေ့ဆုံခြင်း

အားလပ်ချိန်တွင် သူငယ်ချင်းများနှင့်တွေ့ဆုံပြီး စကားစမြည်ပြောခြင်းကြောင့်  အသက်ပိုရှည်နိုင်သည်။  အလုပ်တွင်  စိတ်ဖိစီးမှုများသော်လည်း အားလပ်ချိန်တွင် မိတ်ဆွေအပေါင်းအသင်းနှင့်တွေ့ဆုံပြီး စကားစမြည်ပြောသောကြောင့် စိတ်ဖိစီးမှုကိုလျှော့ချနိုင်ကာ လူမှုပေါင်းသင်းဆက်ဆံရေးတွင် ပိုကောင်းစေနိုင်သည်။  အချင်းချင်းရင်ဖွင့်ပြောဆိုသောကြောင့်  စိတ်လက်ပေါ့ပါးကာ ပျော်ရွှင်မှုကို တိုးပွားစေသည်။

အများအကျိုးဆောင်ရွက်ခြင်း

အလုပ်မှအနားယူပြီးသည့်အချိန်တွင် စိတ်ဓာတ်ကျနိုင်ခြေပိုများသည်။ အသက်အရွယ်ကြောင့် စိတ်သွားတိုင်းကိုယ်မပါခြင်း၊ အလုပ်မရှိတော့ခြင်း စသည့် စိတ်အားငယ်ခြင်း၊ အထီးကျန်ဆန်ခြင်းများမဖြစ်ရန် အများအကျိုးဆောင်ရွက်နေသည့် အသင်းအဖွဲ့တို့တွင်ပါဝင်ဆောင်ရွက်သင့်သည်။ ထိုသို့အများအကျိုးဆောင်ရွက်ခြင်းဖြင့် အသက်ပိုရှည်သည်ဟု ပညာရှင်များကဆိုကြသည်။အချုပ်အားဖြင့်ဆိုသော် လူတိုင်းသက်ရှည်ကျန်းမာစွာသက်တမ်းစေ့နေထိုင်နိုင်ရန် ကျန်းမာရေး နှင့်ညီညွတ်မျှတသည့် အစားအစာများစားသုံးသင့်သည့်အပြင်   နေ့စဉ်ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်၍  လူနေမှုဘဝပုံစံများကို  ပြုပြင်ပြောင်းလဲ နေထိုင်သင့်ကြောင်း  အကြံပြုရေးသားလိုက်ရပါသည်။ ဒေါက်တာလွင်သန့်   

Leave a Reply

Your email address will not be published. Required fields are marked *