ခေတ်မီမြို့ကြီးပြကြီးများတွင် အမှိုက်ကို ရိုးရှင်းစွာစွန့်ပစ်မည့်အစား စွမ်းအင်အဖြစ် ပြောင်းလဲထုတ်လုပ်သည့် Waste to Energy (WtE) နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါသည်။ နည်းပညာနှင့်သိပ္ပံပညာရပ်များ၏ တိုးတက်မှုကြောင့် WtE စက်ရုံများသည် ယခင်ခေတ်များကဲ့သို့ မီးရှို့စက်ရုံသက်သက်မဟုတ်တော့ဘဲ အဆင့်မြင့်စွမ်းအင်ထုတ်လုပ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အခြေခံအဆောက်အအုံများအဖြစ် အသွင်ပြောင်းလာခဲ့သည်။
အမှိုက်မှ စွမ်းအင်သို့ နည်းပညာသည် အမှိုက်ပမာဏကို ၉၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပြီး လျှပ်စစ်နှင့် အပူစွမ်းအင်ကိုပါ ထုတ်လုပ်ပေးနိုင်သောကြောင့် မြို့ပြသန့်ရှင်းရေး၊ ပြည်သူ့ကျန်းမာရေးနှင့် စွမ်းအင်ဖူလုံရေးတို့ကို တစ်ပြိုင်နက်တည်း ဖြေရှင်းပေးနိုင်သော မဟာဗျူဟာမြောက် နည်းလမ်းတစ်ခုဖြစ်လာပါသည်။
အမှိုက်မှ စွမ်းအင်သို့နည်းပညာ၏ ကောင်းကျိုးများနှင့် အကျိုးသက်ရောက်မှုများ
အမှိုက်မှ စွမ်းအင်သို့ နည်းပညာကို အသုံးပြုခြင်းဖြင့် မြို့ပြစီမံခန့်ခွဲမှု၊ ပြည်သူ့ကျန်းမာရေးနှင့် နိုင်ငံ့စီးပွားရေးကဏ္ဍများတွင် များစွာသောအကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။ ဤကောင်းကျိုးများကို အောက်ပါအတိုင်း ကဏ္ဍအလိုက် အသေးစိတ် ခွဲခြားသုံးသပ်နိုင်ပါသည် –
မြေနေရာဖူလုံစေခြင်းနှင့် မြို့ပြစီမံကိန်းဆိုင်ရာ ကောင်းကျိုးများ
အမှိုက်မှ စွမ်းအင်သို့ နည်းပညာသည် မူလအမှိုက်၏ ထုထည်ပမာဏကို ၉၀ ရာခိုင်နှုန်းအထိလည်းကောင်း၊ အလေးချိန်ကို ၇၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိလည်းကောင်း သိသာစွာလျှော့ချပေးနိုင်ပါသည်။ ဤသို့ လျှော့ချနိုင်ခြင်းကြောင့် လက်ရှိအသုံးပြုနေသော မြေမြှုပ်အမှိုက်ပုံများ၏ သက်တမ်းကို ဆယ်စုနှစ်များစွာ ဆွဲဆန့်ပေးနိုင်ပါသည်။ မြို့ပြများ ဖွံ့ဖြိုးလာသည်နှင့်အမျှ မြေနေရာသည် အလွန်တန်ဖိုးကြီးမားသော အရင်းအမြစ်တစ်ခုဖြစ်လာပါသည်။
ဧရာမအမှိုက်ပုံကြီးများအတွက် မြေနေရာများစွာ ဖယ်ထားရခြင်းကို အမှိုက်မှစွမ်းအင်သို့ နည်းပညာဖြင့် အစားထိုးခြင်းဖြင့် အဆိုပါမြေနေရာများကို လူနေအိမ်ရာများ၊ စီးပွားရေးဇုန်များ သို့မဟုတ် ပြည်သူ့ပန်းခြံများအဖြစ် ပြန်လည်အသုံးချနိုင်စေပါသည်။ ခေတ်မီအမှိုက်မှ စွမ်းအင်သို့ နည်းပညာစက်ရုံများသည် စမတ်စီးတီးစီမံကိန်းများ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လာသည်။ ဉာဏ်ရည်တုနှင့် အာရုံခံကိရိယာများကို အသုံးပြု၍ အမှိုက်စုဆောင်းမှု၊ မီးရှို့မှုလုပ်ငန်းစဉ်နှင့် စွမ်းအင်ထုတ်လုပ်မှုတို့ကို အလိုအလျောက်စနစ်ဖြင့် ထိန်းချုပ်နိုင်ကာ မြို့ပြစီမံခန့်ခွဲမှုကို ပိုမိုချောမွေ့စေပါသည်။
ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြသန့်ရှင်းရေးဆိုင်ရာ ကောင်းကျိုးများ
ရိုးရာအမှိုက်ပုံများသည် ကြွက်၊ ယင်၊ ခြင်နှင့် တခြားသောရောဂါပိုးမွှားသယ်ဆောင်သည့် သတ္တဝါများပေါက်ပွားရာ အသိုက်အမြုံကြီးများဖြစ်သည်။ အမှိုက်မှ စွမ်းအင်စက်ရုံများက အမှိုက်များ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် မီးရှို့ဖျက်ဆီးလိုက်သောကြောင့် ကာလဝမ်းရောဂါ၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများပြန့်ပွားမှုကို သိသာစွာတားဆီးပေးနိုင်ပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ်များကို များစွာသက်သာစေပါသည်။ အမှိုက်မှ စွမ်းအင်သို့ နည်းပညာစက်ရုံများသည် လေဖိအားအနုတ်စနစ်ဖြင့် လည်ပတ်ထားသောကြောင့် အမှိုက်များမှ ထွက်ပေါ်လာသော အနံ့ဆိုးများက ပြင်ပလေထုထဲသို့ လုံးဝမပျံ့နှံ့နိုင်ပါ။ အဆိုပါအနံ့ဆိုး ပါဝင်သောလေများကို မီးဖိုထဲသို့ လေဝင်ပေါက်များအဖြစ် ပြန်လည်စုပ်ယူအသုံးပြုသောကြောင့် အနံ့အသက်ကင်းစင်ပြီး မြို့ပြအင်္ဂါရပ်ကို ပိုမိုလှပစေပါသည်။
အပူချိန် ၈၅၀ မှ ၁၀၀၀ ဒီဂရီစင်တီဂရိတ်အထက်တွင် လည်ပတ်သောကြောင့် ဆေးရုံသုံးအမှိုက်များ၊ ရောဂါပိုးမွှားများနှင့် အချို့သောအန္တရာယ်ရှိ ဓာတုစွန့်ပစ်ပစ္စည်းများကို ဘေးကင်းစွာ အပြည့်အဝဖျက်ဆီးနိုင်ပါသည်။ ယင်းသည် ပြည်သူ့ကျန်းမာရေးဌာနများအတွက် အလွန်အားထားရသော အားသာချက်တစ်ခုဖြစ်သည်။ အမှိုက်ပုံများမှ စိမ့်ထွက်လာသော အမှိုက်စိမ့်ရည်တွင် အဆိပ်သင့်ဓာတုပစ္စည်းများနှင့် လေးလံသတ္တုများပါဝင်ပြီး မြေအောက်ရေကြောများကို ဆိုးရွားစွာညစ်ညမ်းစေသည်။ အမှိုက်မှစွမ်းအင်သို့ နည်းပညာသည် အမှိုက်များကို ပြာအဖြစ် ပြောင်းလဲလိုက်သဖြင့် ဤရေဆိုးထွက်ရှိမှုပြဿနာကို အမြစ်ပြတ်ဖြေရှင်းပေးနိုင်ပါသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကောင်းကျိုးများ
အမှိုက်ပုံများတွင် အော်ဂဲနစ်အမှိုက်များ ဆွေးမြည့်ရာမှ ကာဗွန်ဒိုင်အောက်ဆိုက်ထက် ၂၅ ဆ မှ အဆ ၈၀ ခန့် ပိုမိုပြင်းထန်သော မီသိန်း (Methane – CH4) ဓာတ်ငွေ့များ ထွက်ပေါ်ပါသည်။ အမှိုက်မှ စွမ်းအင်သို့ နည်းပညာသည် အမှိုက်များကို လောင်ကျွမ်းစေခြင်းဖြင့် မီသိန်းဓာတ်ငွေ့ထွက်ပေါ်မှုကို တားဆီးနိုင်ရုံသာမက လျှပ်စစ်ထုတ်လုပ်ပေးသဖြင့် ရုပ်ကြွင်းလောင်စာ (ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့) သုံးစွဲမှုကို အစားထိုးနိုင်ကာ ရာသီဥတုပြောင်းလဲမှုကို လျော့ပါးသက်သာစေပါသည်။ ခေတ်မီအမှိုက်မှ စွမ်းအင်စက်ရုံများသည် ရိုးရာ မီးရှို့စက်များနှင့်မတူဘဲ အဆင့်မြင့်သော လေထုသန့်စင်ရေးစနစ်များကို တပ်ဆင်ထားသည်။
ထို့ကြောင့် ပြင်ပသို့ ထုတ်လွှတ်လိုက်သော မီးခိုးငွေ့သည် နိုင်ငံတကာသဘာဝပတ်ဝန်းကျင် စံချိန်စံညွှန်းများထက်ပင် ပိုမိုသန့်စင်နေလေ့ရှိသည်။
စီးပွားရေး၊ စွမ်းအင်ဖူလုံရေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ ကောင်းကျိုးများ
နေရောင်ခြည်နှင့် လေစွမ်းအင်ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များသည် ရာသီဥတုအခြေအနေအပေါ် မှီခိုနေရသဖြင့် အချိန်ပြည့် လျှပ်စစ်မထုတ်ပေးနိုင်ပါ။ သို့သော်အမှိုက်မှစွမ်းအင် စက်ရုံများသည် နေ့ရောညပါ ၂၄ နာရီပတ်လုံးလည်ပတ်နိုင်ပြီး တည်ငြိမ်သော အခြေခံလျှပ်စစ်ဓာတ်အားကို ပေးစွမ်းနိုင်သည်။ နိုင်ငံတစ်နိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်ကို ပြည်ပမှတင်သွင်းရသော ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုနေရခြင်းထက် ပြည်တွင်းမှမဖြစ်မနေထွက်ရှိနေသော အမှိုက်များကိုအသုံးပြု၍ လျှပ်စစ်ထုတ်လုပ်ခြင်းသည် နိုင်ငံ၏စွမ်းအင်လုံခြုံရေးနှင့် အမျိုးသားကာကွယ်ရေးမဟာဗျူဟာအတွက် အလွန်အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သည်။
အမှိုက်မှ စွမ်းအင်စက်ရုံတည်ဆောက်ခြင်း၊ လည်ပတ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အမှိုက်စုဆောင်းခြင်း ကွင်းဆက်တစ်လျှောက်တွင် အင်ဂျင်နီယာများ၊ ကျွမ်းကျင်လုပ်သားများနှင့် အခြေခံလုပ်သားများအတွက် အရည်အသွေးမြင့် အလုပ်အကိုင်ပေါင်းများစွာကို တိုက်ရိုက်ရောသွယ်ဝိုက်၍ပါ ဖန်တီးပေးနိုင်ပါသည်။
အမှိုက်များကို မီးရှို့ပြီးနောက် ကျန်ရှိနေသော အောက်ခံပြာများထဲမှ သံလိုက်နှင့် အခြားခွဲခြားရေး စက်များအသုံးပြု၍ သံ၊ ကြေးနီ၊ အလူမီနီယံ စသည့်သတ္တုများကို ပြန်လည်ထုတ်ယူကာ စက်မှုကုန်ကြမ်းအဖြစ် ပြန်လည်ရောင်းချနိုင်ပါသည်။ အေးချမ်းသောရာသီဥတုရှိသည့် နိုင်ငံများတွင် လျှပ်စစ်ထုတ်လုပ်ပြီး ကျန်ရှိသောအပူငွေ့ကို မြို့ပြများရှိ နေအိမ်များသို့ ရေနွေးပိုက်လိုင်းများဖြင့် ပေးပို့ကာ အပူပေးစနစ်အဖြစ်ပါ အကျိုးရှိရှိအသုံးပြုနိုင်ကြသည်။
အမှိုက်မှစွမ်းအင်သို့ နည်းပညာအမျိုးအစားများ အသေးစိတ်လေ့လာချက်
အမှိုက်မှ စွမ်းအင်ထုတ်လုပ်ရာတွင် အသုံးပြုသော နည်းပညာများကို အမှိုက်၏သဘောသဘာဝ၊ ရင်းနှီးမြှုပ်နှံနိုင်စွမ်းနှင့် မြို့ပြ၏လိုအပ်ချက်များအပေါ်မူတည်၍ အောက်ပါအတိုင်း ခွဲခြားအသုံးပြုနိုင်ပါသည် –
အပူပေးလောင်ကျွမ်းစေခြင်း
ဤနည်းပညာသည် ကမ္ဘာပေါ်တွင် အသုံးအများဆုံး အမှိုက်မှစွမ်းအင်သို့ နည်းပညာဖြစ်သည်။ ဝင်ရောက်လာသောအမှိုက်များကို ကြိုတင်ခွဲခြားမှု အနည်းငယ်သာပြုလုပ်ပြီး (သို့မဟုတ်) လုံးဝမပြုလုပ်ဘဲ ဧရာမမီးဖိုကြီးများထဲသို့ တိုက်ရိုက်ထည့်သွင်း မီးရှို့သည့်စနစ်ဖြစ်သည်။ အမှိုက်များကို အပူချိန် ၈၅၀ မှ ၁၀၀၀ ဒီဂရီစင်တီဂရိတ်အထိ မီးရှို့ပြီး ထွက်ပေါ်လာသော အပူဖြင့် ရေနွေးငွေ့ထုတ်ကာ တာဘိုင်များကို လည်ပတ်စေခြင်းဖြင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်သည်။ ခေတ်မီ Incinerator များတွင် Moving Grate စနစ်ကို အသုံးပြုထားသဖြင့် အမှိုက်များကို မီးဖိုထဲတွင်ရွေ့လျားစေပြီး အပြည့်အဝလောင်ကျွမ်းစေရန် ဖန်တီးထားသည်။ ဤနည်းပညာသည် စိုစွတ်မှုနည်းပါးပြီး ကယ်လိုရီတန်ဖိုးမြင့်မားသော အမှိုက်များအတွက် အသင့်တော်ဆုံးဖြစ်သည်။
ဓာတ်ငွေ့ပြောင်းလဲခြင်းနှင့် Pyrolysis
ဓာတ်ငွေ့ပြောင်းလဲခြင်း (Gasification) နှင့် Pyrolysis နည်းပညာသည် အောက်ဆီဂျင်မပါဝင်ဘဲ သို့မဟုတ် အနည်းငယ်သာပါဝင်သောအခြေအနေတွင် အလွန်မြင့်မားသောအပူချိန်ဖြင့် အမှိုက်များကို ဖြိုခွဲကာ Syngas (Synthesis Gas) ဟုခေါ်သော လောင်ကျွမ်းနိုင်သည့် ဓာတ်ငွေ့ထုတ်လုပ်သော နည်းပညာများဖြစ်သည်။ Syngas တွင် အဓိကအားဖြင့် ကာဗွန်မိုနောက်ဆိုက် (CO) နှင့် ဟိုက်ဒရိုဂျင် (H2) တို့ပါဝင်သည်။ ဤဓာတ်ငွေ့ကို သန့်စင်ပြီးနောက် ဓာတ်ငွေ့တာဘိုင်များ သို့မဟုတ် ဓာတ်ငွေ့အင်ဂျင်များတွင်အသုံးပြု၍ လျှပ်စစ်ထုတ်လုပ်နိုင်သည်။ ဤနည်းစနစ်သည် ရိုးရိုးမီးရှို့ခြင်းထက် ပိုမိုသန့်စင်သော်လည်း ကုန်ကျစရိတ်ပိုမိုကြီးမားပြီး နည်းပညာပိုင်းဆိုင်ရာ ရှုပ်ထွေးမှုများစွာရှိပါသည်။
ဇီဝနည်းဖြင့် ဆွေးမြည့်စေခြင်း
ဇီဝနည်းဖြင့် ဆွေးမြည့်စေခြင်း (Anaerobic Digestion – AD) နည်းပညာသည် အစားအသောက် စွန့်ပစ်ပစ္စည်းများနှင့် စိုစွတ်သောအမှိုက်များအတွက် အသင့်တော်ဆုံးဖြစ်သည်။ လေမဲ့အခြေအနေတွင် ဗက်တီးရီးယားများဖြင့် ဆွေးမြည့်စေပြီး ဇီဝဓာတ်ငွေ့ (Biogas – Methane) ထုတ်လုပ်ကာ လျှပ်စစ်နှင့် ဓာတ်မြေဩဇာရယူသည်။ အာရှနိုင်ငံအများစုတွင်ထွက်ရှိသော မြို့ပြအမှိုက်များ၌ စားကြွင်းစားကျန်နှင့် ရေဓာတ်ပါဝင်မှုအလွန်မြင့်မားသဖြင့် မီးရှို့စက်ရုံများထက်စာလျှင် ဤ AD နည်းပညာက ပိုမိုသင့်လျော်မှုရှိနိုင်ပါသည်။ ထွက်ရှိလာသော ဇီဝဓာတ်ငွေ့ကိုသန့်စင်ပြီး ယာဉ်များတွင် လောင်စာအဖြစ် အသုံးပြုခြင်း သို့မဟုတ် လျှပ်စစ်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ပြီး ကျန်ရှိသောအနှစ်များကို စိုက်ပျိုးရေးသုံး သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးချနိုင်ပါသည်။
အမှိုက်ပုံမှ ဓာတ်ငွေ့ထုတ်ယူခြင်း
အမှိုက်ပုံမှ ဓာတ်ငွေ့ထုတ်ယူခြင်း (Landfill Gas Recovery) နည်းပညာသည် လက်ရှိအသုံးပြုနေသော သို့မဟုတ် ပိတ်သိမ်းထားသော အမှိုက်ပုံကြီးများမှ ထွက်ပေါ်လာသော မီသိန်းဓာတ်ငွေ့ကို စုစည်းစုပ်ယူပြီး စွမ်းအင်အဖြစ် အသုံးပြုခြင်းဖြစ်သည်။ အမှိုက်ပုံထဲသို့ ပိုက်လိုင်းများထိုးသွင်းကာ စုဆောင်းရရှိသော ဓာတ်ငွေ့များကို သန့်စင်ပြီးနောက် လျှပ်စစ်ဓာတ်အားပေးစက်များ မောင်းနှင်ရာတွင်အသုံးပြုသည်။ ယင်းသည် လက်ရှိရှိပြီးသား အမှိုက်ပုံကြီးများမှ ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ပေါ်မှုကိုတားဆီးရန် အထိရောက်ဆုံး ကနဦးလုပ်ငန်းစဉ်တစ်ခုဖြစ်သည်။
ကမ္ဘာ့မြို့ကြီးများ၏ အမှိုက်မှ စွမ်းအင်သို့ နည်းပညာအတွေ့အကြုံနှင့် စီမံခန့်ခွဲမှုပုံစံများ
ကမ္ဘာ့ထိပ်တန်းမြို့ကြီးများသည် ယင်းတို့၏ မြို့ပြအုပ်ချုပ်ရေး၊ အခြေခံအဆောက်အအုံနှင့် ပြည်သူ့ကျန်းမာရေးမူဝါဒများအပေါ်မူတည်၍ မတူညီသောအမှိုက်မှ စွမ်းအင်စနစ်များကို အကောင်အထည်ဖော်လျက်ရှိသည်။ မြို့ကြီးများ၏ အောင်မြင်မှုများကို လေ့လာခြင်းဖြင့် မြို့ပြစီမံခန့်ခွဲသူများအတွက် အဖိုးတန်သင်ခန်းစာများ ရရှိနိုင်ပါသည်။
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ Mapo Resource Recovery Facility သည် အမှိုက်ပြဿနာကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်ခဲ့သော အကောင်းဆုံးသာဓကတစ်ခုဖြစ်သည်။ ယခင်က ဧရာမအမှိုက်ပုံကြီးဖြစ်ခဲ့သော Nanjido နေရာကို ဂေဟစနစ်နှင့်ညီညွတ်သည့် World Cup Park ပန်းခြံအဖြစ် အံ့မခန်းပြောင်းလဲတည်ဆောက်ခဲ့ပြီး အဆိုပါအမှိုက်မှ စွမ်းအင်စက်ရုံမှထွက်ရှိသော အပူစွမ်းအင်ကို အနီးအနားရှိ လူနေအိမ်ရာများအတွက် အပူပေးစနစ်အဖြစ် ဖြန့်ဝေပေးပါသည်။ တောင်ကိုရီးယား၏ တိကျသောအမှိုက်စွန့်ပစ်ခ ကောက်ခံမှုစနစ်ကြောင့် ပြည်သူများသည် အမှိုက်ကို စနစ်တကျ ခွဲခြားစွန့်ပစ်လာကြပြီး စက်ရုံ၏လည်ပတ်မှုစွမ်းဆောင်ရည်မှာ အလွန်မြင့်မားလျက်ရှိပါသည်။
တရုတ်နိုင်ငံ ရှန်းကျန့်မြို့
တရုတ်နိုင်ငံ၏ နည်းပညာမြို့တော်ရှန်းကျန့်တွင် ကမ္ဘာ့အကြီးဆုံးဖြစ်လာမည့် Shenzhen East WtE Plant ကို တည်ဆောက်လျက်ရှိသည်။ တစ်ရက်လျှင် အမှိုက်တန်ချိန် ၅၀၀၀ အထိ မီးရှို့နိုင်မည်ဖြစ်ပြီး မြို့တော်၏အမှိုက်ပြဿနာကို ကြီးမားစွာဖြေရှင်းပေးနိုင်မည်ဖြစ်သည်။ စက်ရုံ၏ အမိုးတစ်ခုလုံးကို နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများ (၄၄၀၀၀ စတုရန်းမီတာ) ခင်းကျင်းထားပြီး အမှိုက်မှသာမက နေရောင်မှပါ စွမ်းအင်ထုတ်လုပ်မည့် အဆင့်မြင့်ဒီဇိုင်းဖြစ်သည်။ ဤစက်ရုံသည် စက်ရုံသက်သက်သာမက အများပြည်သူလာရောက်လေ့လာနိုင်သည့် ပညာပေးစင်တာတစ်ခုအဖြစ်ပါ ဆွဲဆောင်မှုရှိအောင် တည်ဆောက်ထားသည်။
ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့
ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင် CopenHill (Amager Bakke) ဟုခေါ်သော အမှိုက်မှ စွမ်းအင်စက်ရုံသည် စက်မှုဇုန်တစ်ခုသက်သက် မဟုတ်ဘဲ မြို့ပြအနုပညာနှင့် အပန်းဖြေစရာနေရာအဖြစ် တည်ဆောက်ထားသည်။ စက်ရုံအမိုးပေါ်တွင် နှင်းလျှောစီးကွင်း တည်ဆောက်ထားပြီး ဘေးဘက်နံရံများတွင် ကျောက်တောင်တက်လေ့ကျင့်ရေးနံရံများကို တပ်ဆင်ထားသည်။ အလွန်အဆင့်မြင့်သော ဓာတ်ငွေ့သန့်စင်စနစ်များကြောင့် အဆိပ်သင့် ဓာတ်ငွေ့ထွက်ရှိမှု လုံးဝနီးပါးကင်းစင်သည်။ ပြည်သူ့ကျန်းမာရေးကို ထိခိုက်မှုမရှိကြောင်း သက်သေပြနိုင်သဖြင့် မြို့လယ်ကောင်နှင့် နီးကပ်စွာ တည်ဆောက်ထားနိုင်သည်။ ယင်းသည် နိုင်ငံတကာ မြို့ပြ စီမံကိန်းရေးဆွဲသူများအတွက် စံပြတစ်ခု ဖြစ်လာသည်။
ဂျပန်နိုင်ငံ တိုကျိုမြို့တော်
ဂျပန်နိုင်ငံ တိုကျိုမြို့တော်ဧရိယာအတွင်းတွင် အမှိုက်မီးရှို့စက်ရုံပေါင်း ၂၁ ရုံရှိသည်။ တိုကျို၏ အောင်မြင်မှုလျှို့ဝှက်ချက်မှာ နည်းပညာသာမက ပြည်သူလူထု၏ တိကျသောအမှိုက်ခွဲခြားမှုစနစ် ဖြစ်သည်။ လောင်ကျွမ်းနိုင်သောအမှိုက်၊ မလောင်ကျွမ်းနိုင်သောအမှိုက်၊ ပြန်လည်အသုံးပြု နိုင်သောအမှိုက်ဟူ၍ အိမ်ထောင်စုအဆင့်ကတည်းက တိကျစွာခွဲခြားထားသဖြင့် စက်ရုံများ၏ စွမ်းဆောင်ရည် အလွန်မြင့်မားသည်။ ဤစက်ရုံများသည် လူနေရပ်ကွက်များအတွင်း၌ပင် တည်ရှိနေ ပြီး ပြည်သူလူထု၏ယုံကြည်မှုကို အပြည့်အဝ ရရှိထားသည်။
သြစတြီးယားနိုင်ငံ ဗီယင်နာမြို့
သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် Spittelau စက်ရုံသည် အမှိုက်မှစွမ်းအင်စက်ရုံများကို အများ ပြည်သူလက်ခံလာစေရန် (NIMBY – Not In My Back Yard အမြင်ကို ချေဖျက်ရန်) အနုပညာ လက်ရာမြောက်စွာ ဆောက်လုပ်ထားသည်။ နာမည်ကျော် ဗိသုကာပညာရှင် Friedensreich Hundertwasser ၏ ဒီဇိုင်းဖြင့် လှပစွာတည်ဆောက်ထားပြီး စက်ရုံမှထွက်သောအပူကို မြို့တော်၏ District Heating (နေအိမ်များသို့ အပူပေးစနစ်)အတွက် အသုံးပြုသည်။ ယင်းသည် ဗီယင်နာမြို့၏ ခရီးသွားများလာရောက်လည်ပတ်ရာ အထင်ကရ နေရာတစ်ခုပင် ဖြစ်လာခဲ့သည်။
ကုန်ကျစရိတ်နှင့် စွမ်းအင်ရရှိမှု (ဘဏ္ဍာရေးဆိုင်ရာ သုံးသပ်ချက်)
အမှိုက်မှစွမ်းအင်သို့ စီမံကိန်းများကို ဆောင်ရွက်ရာတွင် အရေးကြီးဆုံးမေးခွန်းမှာ “ကုန်ကျငွေနှင့် ရရှိသော စွမ်းအင်တွက်ခြေကိုက်ပါသလား” ဆိုသည့်အချက်ဖြစ်သည်။ ဤမေးခွန်း အတွက်အဖြေကို အောက်ပါဘဏ္ဍာရေးအညွှန်းကိန်းများဖြင့် သုံးသပ်ရပါမည် –
အမှိုက်မှစွမ်းအင်စက်ရုံများသည် တည်ဆောက် စရိတ်အလွန်ကြီးမားပါသည်။ အဆင့်မြင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စစ်ထုတ်စနစ်များ ပါဝင်သော ခေတ်မီစက်ရုံတစ်ရုံသည် အမှိုက်တစ်တန် စွမ်းဆောင်ရည်အတွက် အမေရိကန်ဒေါ်လာ ၈၀၀ မှ ၁၂၀၀ အထိ ကုန်ကျနိုင်ပါသည်။ ထို့ကြောင့် တန်ချိန် ၁၀၀၀ လည်ပတ်မည့် စက်ရုံတစ်ရုံလျှင် ဒေါ်လာသန်း ၁၀၀ မှ ၈၀၀ အထိ ကုန်ကျနိုင်ပါသည်။ အပူချိန်မြင့်မားစွာ လည်ပတ်ရခြင်း၊ အဆိပ်သင့် ဓာတ်ငွေ့များကို ဓာတုဗေဒနည်းဖြင့် ခြေဖျက်ရခြင်း တို့ကြောင့် နေ့စဉ်လည်ပတ်စရိတ် (Operational Expenditure – OPEX) လည်း ကြီးမားပါသည်။
WtE စက်ရုံများ၏ ဝင်ငွေသည် အဓိကအားဖြင့် လမ်းကြောင်းနှစ်ခုမှ လာပါသည်။
၁။ ထုတ်လုပ်ရရှိသော လျှပ်စစ်နှင့် အပူစွမ်းအင်ကို နိုင်ငံတော်ဓာတ်အားလိုင်းသို့ ရောင်းချခြင်း၊
၂။ စည်ပင်သာယာရေးအဖွဲ့များက အမှိုက်လာရောက်စွန့်ပစ်သည့်အတွက် စက်ရုံသို့ ပေးဆောင်ရသောအခကြေးငွေ (Tipping Fee)။ (အချို့နိုင်ငံများတွင် ကာဗွန်ခရက်ဒစ် ရောင်းချ ခြင်းမှလည်း ဝင်ငွေရရှိနိုင်ပါသည်။)
ကမ္ဘာ့ဘဏ်၏ လေ့လာချက်များနှင့် စီးပွားရေးပညာရှင်များ၏ တွက်ချက်မှုအရ အမှိုက်မှ စွမ်းအင်စက်ရုံများကို လျှပ်စစ်စွမ်းအင်ထုတ်လုပ်သည့် စက်ရုံသက်သက်အဖြစ် ရည်ရွယ်တည်ဆောက်ပါက တွက်ခြေမကိုက်ပါ။ ရရှိသော လျှပ်စစ်ရောင်းချ ငွေသည် စက်ရုံလည်ပတ်စရိတ်ကိုပင် ကာမိရန် ခက်ခဲပါသည်။ သို့သော် အမှိုက်မှစွမ်းအင်သို့ နည်းပညာကို မြို့ပြအမှိုက်ရှင်းလင်းရေးအခြေခံ အဆောက်အအုံအဖြစ် ရှုမြင်ပါက အလွန်တန်ဖိုး ရှိပါသည်။
အမှိုက်ပုံများ တိုးချဲ့ရမည့် ကုန်ကျစရိတ်၊ မြေနေရာတန်ဖိုး၊ မြေအောက်ရေနှင့် လေထု ညစ်ညမ်းမှုကြောင့် ပြည်သူ့ကျန်းမာရေးထိခိုက်မှု စရိတ်များကို ထည့်သွင်းတွက်ချက်ပါက အမှိုက်မှ စွမ်းအင်သို့ နည်းပညာသည် စည်ပင်သာယာရေး ကော်မတီများအတွက် ရေရှည်တွင် အကျိုးအမြတ် ရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်ပါသည်။ ထို့ကြောင့် အမှိုက်မှစွမ်းအင်သို့ နည်းပညာရှင်သန်ရပ်တည် နိုင်ရန် အစိုးရ သို့မဟုတ် စည်ပင်က သင့်တင့်သော အမှိုက်စွန့်ပစ်ခ ထောက်ပံ့ပေးရန် မဖြစ်မနေလိုအပ် ပါသည်။
ပြည်သူ့ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု
မြို့ပြကျန်းမာရေးဌာနများနှင့် စည်ပင်သာယာ အုပ်ချုပ်ရေးအဖွဲ့များ အဓိကစိုးရိမ်ရသည့်အချက်မှာ မီးရှို့စက်ရုံများမှ ထွက်ပေါ်လာသော လေထုညစ်ညမ်းမှုဖြစ်သည်။ အထူးသဖြင့် ပလတ်စတစ်များကို မီးရှို့ရာတွင် ထွက်ပေါ်လာနိုင်သော Dioxins နှင့် Furans ကဲ့သို့သော ကင်ဆာဖြစ်စေနိုင်သည့် ဓာတုဒြပ်ပေါင်းများ၊ ပြာမှုန့် (Particulate Matter- PM) နှင့် လေးလံသတ္တု (Heavy Metals) များ ထွက်ရှိနိုင်ပါသည်။ သို့သော် ခေတ်မီ WtE စက်ရုံများသည် အဆိုပါပြဿနာများကို နည်းပညာဖြင့် အောင်မြင်စွာဖြေရှင်းနိုင်ခဲ့သည်။
Electrostatic Precipitators (လျှပ်စစ်သံလိုက်ဖြင့် ဖုန်မှုန့်စုပ်ယူခြင်း)၊ Baghouse Filters (အထူးပြုလုပ်ထားသောအိတ်များဖြင့် ပြာမှုန့်စစ်ထုတ်ခြင်း)နှင့် Scrubber များကိုအသုံးပြု၍ အဆိုပါညစ်ညမ်းမှု ၉၉ ရာခိုင်နှုန်းကျော်ကို ဖယ်ရှားနိုင်ပါသည်။ စက်ရုံတည်ဆောက်စရိတ်၏ သုံးပုံ တစ်ပုံခန့်သည် ဤလေထုသန့်စင်ရေးစနစ်များ အတွက်ဖြစ်သည်။ မီးရှို့ပြီး ကျန်ရှိသော အောက်ခံ ပြာကို ဆောက်လုပ်ရေးလုပ်ငန်းများ၊ လမ်းခင်းခြင်းများတွင် ပြန်လည်အသုံးပြုနိုင်ပြီး လေလွင့်ပြာကိုမူ အဆိပ်သင့်ပစ္စည်းအဖြစ် သတ်မှတ်ကာ ဘေးကင်းစေရန် အထူးပြုပြင်ပြီးမှသာ သီးသန့်မြေမြှုပ်စွန့်ပစ် ရသည်။ ကျန်းမာရေးရှုထောင့်မှကြည့်လျှင် စနစ်တကျ မထိန်းချုပ်ထားသော ရိုးရာအမှိုက်ပုံကြီးများထက် ခေတ်မီအမှိုက်မှစွမ်းအင်စက်ရုံများက ပြည်သူ့ကျန်းမာရေးအတွက် များစွာပိုမို ဘေးကင်းပါသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် သင်ခန်းစာများနှင့် စိန်ခေါ်မှုများ
ဥရောပနှင့် အဆင့်မြင့်အာရှနိုင်ငံများတွင် အောင်မြင်သောစနစ်ကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တိုက်ရိုက်ကူးယူကျင့်သုံးရန် အခက်အခဲများစွာရှိပါသည်။ ထိုနိုင်ငံများ၏ အခြေအနေနှင့်ကိုက်ညီသော နည်းပညာနှင့်မူဝါဒများကို သေချာစွာစိစစ်ရွေးချယ် ရမည်ဖြစ်သည်။ အာရှနိုင်ငံများ၏ အမှိုက် ၅၀ ရာခိုင် နှုန်းမှ ၆၀ ရာခိုင်နှုန်းသည် အစားအသောက်စွန့်ပစ် ပစ္စည်းဖြစ်ပြီး ရေဓာတ်အလွန်မြင့်မားပါသည်။ ရေဓာတ်များသောအမှိုက်သည် အပူစွမ်းအင်ထွက်ရှိမှုနည်းပါးသဖြင့် မီးရှို့ရာတွင် လောင်စာဆီထပ်မံ ဖြည့်စွက်ရခြင်းကြောင့် ကုန်ကျစရိတ်ပိုတက်စေပါသည်။ ဥရောပတွင်မူ စက္ကူနှင့် ပလတ်စတစ် ပါဝင်မှုများသဖြင့် မီးရှို့ရန် ပိုမိုလွယ်ကူသည်။
တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ကဲ့သို့ အရင်းအမြစ်မှစ၍ အမှိုက်ခွဲခြားသည့်စနစ် အားနည်းသဖြင့် ပလတ်စတစ်၊ ဖန်၊ သံနှင့် စိုစွတ် အမှိုက်များ ရောနှောနေခြင်းက စက်ရုံလည်ပတ်မှုကို များစွာထိခိုက်စေသည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စက်ရုံမရောက်မီ အမှိုက်များကို ခွဲခြားပေး မည့် Mechanical Biological Treatment (MBT) ကဲ့သို့သော ကြိုတင်ပြင်ဆင်ရေးစက်ရုံများ ပူးတွဲ တည်ဆောက်ရန်လိုအပ်သည်။ စက်ရုံတည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် စက်ရုံလည်ပတ်ရန် လိုအပ် သော Tipping Fee ပေးချေနိုင်စွမ်း အကန့်အသတ် ရှိနိုင်ပါသည်။
ဖွံ့ဖြိုးဆဲမြို့ကြီးများ၏ စည်ပင်သာယာ ဘတ်ဂျက်သည် ကန့်သတ်ချက်ရှိသဖြင့် နိုင်ငံတကာ ချေးငွေ သို့မဟုတ် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု (PPP) မော်ဒယ်များ လိုအပ်ပါသည်။ ထို့ကြောင့် Mass Burn Incineration ထက် စိုစွတ်သောအမှိုက်များမှ ဇီဝဓာတ်ငွေ့ထုတ်လုပ်သည့် နည်းပညာကို အစားထိုး သို့မဟုတ် ပေါင်းစပ်စဉ်းစားသင့်ပါသည်။ ထို့ပြင် အမှိုက်မှစွမ်းအင်စက်ရုံများ မတည်ဆောက် မီ အများပြည်သူ အမှိုက်ခွဲခြားစွန့်ပစ်သည့် ယဉ်ကျေးမှုတစ်ရပ်ကို အရင်ဆုံး ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ရန် လိုအပ်ပါသည်။
မြို့ပြအုပ်ချုပ်ရေးနှင့် မူဝါဒရေးရာ အကြံပြုချက်များ
ခေတ်မီမြို့ပြအုပ်ချုပ်ရေးတွင် အမှိုက်မှ စွမ်းအင်သို့နည်းပညာကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရန် စက်ရုံမတည်ဆောက်မီ ဒေသခံပြည်သူများကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြသရန်နှင့် ကျန်းမာရေးထိခိုက်မှုမရှိစေရေး အာမခံချက်ပေးရန် အရေးကြီးပါသည်။ အမှိုက်စွန့်ပစ်ခ ကောက်ခံသည့်စနစ်ကို အမှိုက်ထွက်ရှိမှုပမာဏ အပေါ် အခြေခံသည့်စနစ်သို့ကူးပြောင်းရန် ဥပဒေမူဘောင်များ ပြင်ဆင်ရမည်။ ထို့ပြင် BOT (Build-Operate-Transfer) သို့မဟုတ် DBO (Design-Build-Operate) စနစ်များဖြင့် နိုင်ငံတကာ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရမည်။ ဤလုပ်ငန်းစဉ်တွင် စည်ပင်သာယာရေးကော်မတီများအနေဖြင့် မြေနေရာနှင့် စွန့်ပစ်အမှိုက်ပမာဏ အာမခံချက်ပေးရန် လိုအပ်သည်။
နိဂုံးချုပ်အားဖြင့် အမှိုက်မှ စွမ်းအင်သို့ နည်းပညာသည် မြို့ပြအမှိုက်စီမံခန့်ခွဲမှုအတွက် နောက် ဆုံးအဆင့် ဖြေရှင်းနည်းတစ်ခုသာဖြစ်သည်။ အနာဂတ်မြို့ပြစီမံကိန်းများတွင် စက်ဝိုင်းပုံစီးပွား ရေးစနစ်ကို ဦးတည်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ အမှိုက်မဖြစ်ပေါ်အောင် လျှော့ချခြင်း(Reduce)၊ ပြန်လည်အသုံးပြုခြင်း (Reuse) နှင့် ပြန်လည်မွမ်းမံ အသုံးပြုခြင်း(Recycle)ဟူသော3Rs လုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက်ပြုလုပ်ပြီးမှသာ ကြွင်းကျန်သောအမှိုက်ကို အမှိုက်မှ စွမ်းအင်သို့ နည်းပညာဖြင့် စွမ်းအင်ပြောင်းလဲခြင်းကသာ အကောင်းဆုံးမဟာဗျူဟာဖြစ်ပါသည်။
အမှိုက်မှ စွမ်းအင်ထုတ်လုပ်ခြင်းသည် ကုန်ကျ စရိတ်ကြီးမားပြီး လျှပ်စစ်ရောင်းချရုံသက်သက်ဖြင့် တွက်ခြေမကိုက်သော်လည်း မြေနေရာချွေတာနိုင်မှု၊ ပြည်သူ့ကျန်းမာရေး အကာအကွယ်ပေးနိုင်မှုနှင့် ရေရှည် မြို့ပြသန့်ရှင်းသာယာရေးတို့အတွက် မဖြစ်မနေရင်းနှီးမြှုပ်နှံရမည့် ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။ ခေတ်မီမြို့ပြအုပ် ချုပ်ရေးစနစ်သစ်များတွင် အမှိုက်သည် စွန့်ပစ်ရမည့်အရာမဟုတ်တော့ဘဲ အမျိုးသားစွမ်းအင်လုံခြုံရေးနှင့် သန့်ရှင်းသောမြို့ပြ ပတ်ဝန်းကျင် တည်ဆောက်ရေးအတွက် အဖိုးတန် သော အရင်းအမြစ်တစ်ခုဖြစ်လာပြီဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
ဝေဖြိုးအောင်
