လေ့လာသုံးသပ်ရေးနှင့်ဥပဒေမူကြမ်းပြုစုရေးပူးပေါင်းကော်မတီအဖွဲ့ဝင်များအား ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)မှ ပြင်ဆင်/ဖြည့်စွက်သင့်သည့် အချက် ၄၃ ချက်နှင့်ပြည်ထောင်စုသဘောတူစာချုပ်(Union Accord)အစိတ်အပိုင်း (၁)၊(၂)၊(၃)ပါ အချက်များနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်ရေးနှင့်ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီအဖွဲ့ဝင်များအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံပြည်ထောင်စုလွှတ်တော် ဒုတိယထပ်အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။ 

တွေ့ဆုံစဉ် ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံတော်အခြေပြမိန့်ခွန်းနှင့်သဝဏ်လွှာပါအချက် ၄၃ ချက်၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)အရ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် သဘောတူချုပ်ဆိုထားသည့် ပြည်ထောင်စုသဘောတူစာချုပ်(Union Accord)အစိတ်အပိုင်း (၁)၊ (၂)၊ (၃)တို့ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းပေးပို့ထားပြီးဖြစ်ပါကြောင်း။

နိုင်ငံတော်သမ္မတကြီး၏ သဝဏ်လွှာကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် ပြည်ထောင်စုသဘောတူစာချုပ်(Union Accord) အစိတ် အပိုင်း(၁)၊(၂)၊(၃)တွင်ပါသည့် အချက်အလက်များနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီအစုအဖွဲ့များနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ဆွေးနွေးသဘောတူညီထားသည့် အချက် ၄၃ ချက်တွင် ပါသည့်အချက်အလက်များကို လေ့လာသုံးသပ်ပြီး နိုင်ငံတော် ပကတိအခြေအနေနှင့်ကိုက်ညီသည့် ပြဋ္ဌာန်းချက်အဖြစ် ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ယခု တတိယအကြိမ်လွှတ်တော်သက်တမ်းကာလတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့်သဝဏ်လွှာပါအချက် ၄၃ ချက်ကို အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များ၊ ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ဥပဒေပြုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ထူးခြားချက်အနေဖြင့် ပထမအကြိမ်နှင့်ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကာလများ၌ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် အကြံပြုချက်များကိုအခြေခံပြီး အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်သော်လည်း မိမိတို့ တတိယအကြိမ်လွှတ်တော်သက်တမ်းကာလတွင် NCA အရ Union Accord အထိကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသဘောတူထားသည့် Resources အခြေခံအရင်းအမြစ်များရှိထားပြီးဖြစ်သည့် Union Accord အစိတ်အပိုင်း (၁)၊ (၂)၊ (၃) နှင့်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အချက် ၄၃ ချက်တို့ဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)ကို တတိယအကြိမ်  ပြင်ဆင်ရန် ထူးခြားသည့် အချက်ပင်ဖြစ်ကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆောင်ရွက်ကြရာတွင်  ပြင်ဆင်/ဖြည့်စွက်ဆွေးနွေးရမည့်အချက်များသည် ခိုင်ခိုင်မာမာရှိပြီးဖြစ်သည့် အချက်များအပေါ်ဆွေးနွေးပြီး ရလဒ်အတိုင်းဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် ယခုလုပ်ငန်းစဉ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပါအတိုင်း ဆောင် ရွက်နိုင်ရန်အတွက် ဥပဒေမူကြမ်း တစ်ခုလိုအပ်ပါကြောင်း၊ ထို့အတွက် အခြေခံအချက် ၄၃ ချက် ရှိပြီးဖြစ်သည့်အတွက် အခြေခံကောင်းများကို မူတည်ပြီး ဥပဒေမူကြမ်းတစ်ရပ်ရေးဆွဲရမည် ဖြစ်ကြောင်း၊ ထို့ကြောင့်  ယခုပူးပေါင်းကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ရခြင်းဖြစ်ကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်၏  အမြင့်ဆုံးဥပဒေဖြစ်ပြီး  အုပ်ချုပ်ရေးစနစ်၊ နိုင်ငံသားအခွင့်အရေးနှင့်အာဏာခွဲဝေမှုတို့ကို ပြဋ္ဌာန်းထားသည့်အတွက် နိုင်ငံ၏အသက်သွေးကြောအဖြစ် ရှုမြင်ကြပါကြောင်း၊ သို့သော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးနှင့်ဥပဒေရေးရာနယ်ပယ်များတွင် ရှုထောင့်အမျိုးမျိုးနှင့်ဆွေးနွေးငြင်းခုံလေ့ရှိကြသည်ကိုတွေ့ရှိရပါကြောင်း။

ထို့ကြောင့် ပူးပေါင်းကော်မတီအနေဖြင့် နိုင်ငံတော်အကျိုးဖြစ်ထွန်းပြီး ဒို့တာဝန်အရေးသုံးပါးကိုထိခိုက်စေမှုမရှိအောင် အလေးအနက်ထားသုံးသပ်ဆောင်ရွက်သွားကြရန်  တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယနာယက   Jeng Phang နော်တောင်က ဥပဒေပြုရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ 

ယင်းနောက် ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ  ဦးလှသိန်းက ပူးပေါင်းကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြချက်အပေါ် ပြည်ထောင်စုလွှတ်တော်နာယကက ဖြည့်စွက်ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီများနှင့်တပ်မတော်သားကိုယ်စားလှယ်များ စုံညီစွာဖွဲ့စည်းထားသည့် ပူးပေါင်းကော်မတီအနေဖြင့် သဘောထားကွဲလွဲမှုများရှိလာပါက နိုင်ငံတော်နှင့်ပြည်သူ့အကျိုးကိုရှေးရှုကာ အပြန်အလှန်လေးစားယုံကြည်မှုဖြင့် ညှိနှိုင်းဆွေးနွေးကြရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေများကိုလည်း ကြိုတင်လေ့လာထားကြရန်နှင့်ကော်မတီ၏ ကြိုးပမ်းမှုများမှတစ်ဆင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန်အတွက် အားလုံးက တက်ညီလက်ညီပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်းပြောကြားသည်။

အဆိုပါ   အစည်းအဝေးသို့ လေ့လာသုံးသပ်ရေးနှင့်ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။  မြဝတီ

Leave a Reply

Your email address will not be published. Required fields are marked *