ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့တရားဝင်ခရီးစဉ်(Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့အား စက်တင်ဘာလ ၅ ရက်နေ့နံနက်ပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံသမ္မတမစ္စတာ တိုလန်းနှင့်ဇနီးတို့က အမျိုးသားလွှတ်တော်(National Assembly Building) ရှေ့ရင်ပြင်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုပြီးတွေ့ဆုံဆွေးနွေးသည်။
ဂုဏ်ပြုကြိုဆို
ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့အား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာတိုလန်းနှင့်ဇနီးတို့က လှိုက်လှဲနွေးထွေးစွာကြိုဆိုကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှစ်ဦးသည် အလေးပြုခံစင်မြင့်ထက်တွင်တက်ရောက် နေရာယူကြပြီးဂုဏ်ပြုတပ်ဖွဲ့ကနှစ်နိုင်ငံနိုင်ငံတော်သီချင်းများဖြင့် တီးမှုတ်ဂုဏ်ပြု အလေးပြုခြင်းကိုခံယူကြကာဂုဏ်ပြုတပ်ဖွဲ့ကို ယှဉ်တွဲလမ်းလျှောက်စစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှစ်ဦးနှင့်ဇနီးတို့သည် တက်ရောက်လာကြသည့် နှစ်နိုင်ငံမှ ကိုယ်စားလှယ်အရာရှိကြီးများအား အပြန်အလှန်မိတ်ဆက်ပေးကြပြီး နိုင်ငံတော်သမ္မတနှစ်ဦးကိုဂုဏ်ပြုတပ်ဖွဲ့မှ အလေးပြုထွက်ခွာကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှစ်ဦးနှင့်ဇနီးတို့သည် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မည့် အမျိုးသားလွှတ်တော်ခန်းမအတွင်းသို့ အတူ တကွလမ်းလျှောက်ထွက်ခွာကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲပြုလုပ်
ထို့နောက် နိုင်ငံတော်သမ္မတနှစ်ဦးတို့သည် နှစ်နိုင်ငံမှတာဝန်ရှိသူများနှင့်အတူဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးစဉ် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်(၈၀)ပြည့် အထိမ်းအမှတ်အခမ်းအနားတွင်တွေ့ဆုံခဲ့ပြီး နောက်ယခုကဲ့သို့သမ္မတကြီးနှင့်ပြန်လည် တွေ့ဆုံခွင့်ရသည့်အတွက်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဦးဆောင်သည့် မြန်မာနိုင်ငံမှအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များအား လှိုက်လှဲနွေးထွေးစွာဖြင့်ကြိုဆိုပါကြောင်း။
မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးရွေးကောက်ခံ အစိုးရသစ်တစ်ရပ်ဖွဲ့စည်းနိုင်ခဲ့ခြင်းတို့အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်းနှင့်အဆွေတော်သမ္မတကြီး၏ ဦးဆောင်မှုအောက်တွင် မြန်မာအစိုးရနှင့်ပြည်သူများသည် တည်ငြိမ်အေးချမ်းမှုနှင့်လူမှုစီးပွားဘဝအခြေအနေများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အုပ်ချုပ်ရေးယန္တရားခိုင်မာစေရေး၊ နိုင်ငံတကာနှင့်ဒေသတွင်းဆက်ဆံမှုများ တိုးမြှင့်ခိုင်မာလာစေရေးတို့တွင်အရေးပါသောအကျိုးရလဒ်များ ရရှိလာခဲ့မှုအပေါ်တွင်လည်းဂုဏ်ယူပါကြောင်း၊ ဗီယက်နမ်နိုင်ငံနှင့်မြန်မာနိုင်ငံတို့အကြားတွင် နှစ်နိုင်ငံနိုင်ငံ့ခေါင်းဆောင်များနှင့်ပြည်သူများအဆက်ဆက်ပျိုးထောင်ခဲ့ကြသည့် ချစ်ကြည်ရင်းနှီးမှုများနှင့်ကောင်းမွန်သည့် သမိုင်းဝင်ဆက်ဆံရေးများရှိကြပါကြောင်း၊ ထို့ပြင်၂၀၁၇ ခုနှစ်၌နှစ်နိုင်ငံဘက်စုံပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေး (Comprehensive Cooperative Partnership) ကိုလည်း ထူထောင်နိုင်ခဲ့ပါကြောင်း၊အရှေ့တောင်အာရှကုန်းတွင်းပိုင်း အိမ်နီးချင်းများအဖြစ်လည်းကောင်း၊ အာဆီယံအဖွဲ့ဝင်များအဖြစ်လည်းကောင်း တူညီသောအချက်များရှိကြသည့်အပြင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် သမိုင်းကြောင်းဆိုင်ရာများ အထူးသဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် တူညီမှုများစွာရှိကြသဖြင့် အလွန်ရင်းနှီးကျွမ်းဝင်ကြပါကြောင်း။
မြန်မာနိုင်ငံဝန်ကြီးချုပ်ဦးနုသည် ၁၉၅၄ ခုနှစ်တွင် ဗီယက်နမ်သို့လာရောက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံမှ ဥက္ကဋ္ဌဟိုချီမင်းသည် ၁၉၅၈ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံသို့ သွားရောက်ကာ နှစ်နိုင်ငံချစ်ကြည်ရေးအတွက်အခြေခံအုတ်မြစ်ကို ချပေးခဲ့ပါကြောင်း၊ အဆွေတော်သမ္မတကြီး၏ ယခုခရီးစဉ်သည်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ ဘက်စုံပူးပေါင်းဆောင်ရွက်မှုနှင့်မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေမည့် ခရီးစဉ်တစ်ခုဖြစ်ပြီး ရှေ့လာမည့်ကာလများအတွင်းဗီယက်နမ်–မြန်မာဆက်ဆံရေးကို ပိုမိုနက်ရှိုင်းခိုင်မာပြီးဖွံ့ဖြိုးတိုးတက်စေရန် လက်တွေ့ကျသောအကျိုးရလဒ်များစွာကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါကြောင်းဖြင့် ဦးစွာ နှုတ်ခွန်းဆက်ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ပြန်လည်ပြောကြားရာတွင် အဆွေတော်အနေဖြင့် ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေ အတွင်းရေးမှူးနှင့် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူဆောင်ရွက်နေမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ စက်တင်ဘာလ ၂ ရက်နေ့တွင် ကျရောက်
ခဲ့သည့်ဗီယက်နမ်နိုင်ငံ၏ (၈၁)နှစ်မြောက်အမျိုးသားနေ့အခါသမယအတွက်လည်း အဆွေတော်နှင့်ဗီယက်နမ်ပြည်သူများအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းကိုပြောကြားလိုပါကြောင်း၊ ဗီယက်နမ်ပြည်သူများ၏ လွတ်လပ်ရေးနှင့်အမျိုးသားပြန်လည် ပေါင်းစည်းရေးအတွက်ကြိုးပမ်းခဲ့မှု၊ နိုင်ငံတည် ဆောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆက်မပြတ်ကြိုးပမ်းဆောင်ရွက်နေမှုများကိုလည်း မိမိအနေဖြင့်အထူးလေးစားပါကြောင်း။
မိမိအနေဖြင့် ဗီယက်နမ်ကို (၃)ကြိမ်လာရောက်ခဲ့ပြီး ယခုအကြိမ်သည် (၄)ကြိမ်မြောက်လာရောက်သည့်ခရီးစဉ်ဖြစ်ကာ မိမိနိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရပြီးနောက် ဗီယက်နမ်နိုင်ငံသို့ ပထမဆုံးခရီးစဉ်လည်းဖြစ်ပါကြောင်း၊ ဗီယက်နမ်သို့ လာရောက်သည့်အခါတိုင်းဗီယက်နမ်နိုင်ငံ၏သာယာလှပမှုနှင့်လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာမှုတို့ကို တွေ့မြင်ခံစားမိပါကြောင်း။
နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှုသက်တမ်းအနေဖြင့်နှစ် (၅၀)ပြည့်ရွှေရတုတိုင်ခဲ့ပြီးဖြစ်ကာ ထိုကဲ့သို့ရှည်လျားသည့်သံတမန်ဆက်ဆံရေးကာလအတွင်းနယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ၌ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်ကိုလည်း ဝမ်းမြောက်ဖွယ်တွေ့ရှိရပါကြောင်း။
ဗီယက်နမ်နိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းနှင့် မိမိတို့နိုင်ငံမှဝန်ကြီးချုပ်ဟောင်းဦးနု၊ နိုင်ငံတော်သမ္မတဟောင်း ဦးနေဝင်းစသည့်ခေါင်းဆောင်များလက်ထက်ကတည်းက ညီရင်းအစ်ကိုပမာ ရင်းနှီးချစ်ကြည်မှုရှိသည့် မိတ်ဆွေကောင်းများဖြစ်ကြကြောင်း၊ သမ္မတကြီးဟိုချီမင်း၏ ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းတွင်အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်ပြီး အဆိုပါခရီးစဉ်အတွင်း ရန်ကုန်တက္ကသိုလ်ကသမ္မတဟိုချီမင်းကို ဥပဒေဆိုင်ရာဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်နိုင်ခဲ့ကြောင်း။
၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သည့် နှစ်နိုင်ငံဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး(Comprehensive Cooperative Partnership) သည် ၂၀၂၇ ခုနှစ်တွင် ၁၀ နှစ် ပြည့်မြောက်မည်ဖြစ်ပြီး ၁၀ နှစ်ပြည့်အထိမ်းအမှတ်ကို အမှတ်ရစေရန်၊ နှစ်နိုင်ငံဆက်ဆံရေးကိုပိုမိုမြင့်မားခိုင်မာသည့်အဆင့်ကိုတိုးမြှင့်နိုင်ရေးနှင့် လာမည့်ဆယ်စုနှစ်အတွက် လက်တွေ့ကျသည့်ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်တစ်ရပ် ချမှတ်နိုင်ရေးအတွက်လည်းအတူတကွဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
မိမိတို့နှစ်နိုင်ငံသည် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများ တူညီကြပြီးအခက်အခဲများစွာကိုကြုံတွေ့ကျော်ဖြတ်ခဲ့ရသည်ကို မိမိအနေဖြင့် ကောင်းစွာနားလည် သဘောပေါက်ကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့်စစ်ပွဲဒဏ်နှင့် အရေးယူပိတ်ဆို့ကန့်သတ်မှုများကို ဆယ်စုနှစ်ပေါင်းများစွာကြုံတွေ့ခဲ့ရသည့်ကြားမှ ယခုကဲ့သို့ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာသည့် နိုင်ငံတော်တစ်ခုကိုတည်ဆောက်နိုင်ခဲ့မှုအတွက် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံ့ခေါင်းဆောင်အဆက်ဆက်အပေါ် လေးစားဂုဏ်ယူပါကြောင်းကို ပြောကြားလိုပါကြောင်း၊ တပ်မတော်နှစ်ရပ်အကြားပူးပေါင်းဆောင်ရွက်မှုသည်လည်း နှစ်နိုင်ငံအကြားရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့်အတူ ကောင်းမွန်သောဆက်ဆံရေးကို ပိုမိုခိုင်မာအောင်ဆောင်ရွက်ရာတွင် အရေးပါသည့်အခန်းကဏ္ဍမှပါဝင် လျက်ရှိကြောင်း။
မိမိတို့အနေဖြင့် အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီနှင့် ပြည်သူများအချင်းချင်းဆက်ဆံရေးများတိုးမြှင့်သွားလိုပါကြောင်း၊ မကြာမီက အမျိုးသားလွှတ်တော်တွင် မြန်မာ-ဗီယက်နမ်လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအသင်းကိုအဖွဲ့ဝင် (၁၀)ဦးဖြင့် ဖွဲ့စည်းထားပြီးဖြစ်ကာ ထိုကဲ့သို့ချစ်ကြည်ရင်းနှီးရေးအသင်းများအကြားဆက်သွယ်မှုနှင့်အပြန်အလှန် လေ့လာရေးခရီးစဉ်များမြှင့်တင်ခြင်းအားဖြင့် နှစ်နိုင်ငံပြည်သူများ၏သဘောထား၊ လိုအပ်ချက်နှင့်ဖွံ့ဖြိုးတိုးတက်မှုများကိုပိုမိုနားလည်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များသာမက လူငယ်နှင့်အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များအကြားအပြန်အလှန်ထိတွေ့ဆက်ဆံမှုများ ပိုမိုတိုးမြှင့်နိုင်ရေးကိုလည်း အားပေးလိုပါကြောင်း။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲမှတစ်ဆင့်ပေါ်ပေါက်လာသည့် လွှတ်တော်နှင့်အစိုးရတို့တာဝန်ယူဆောင်ရွက်လျက်ရှိပြီး မိမိတို့အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးဟူသည့်ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း။
မိမိတို့နိုင်ငံ ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းအတွေ့အကြုံများအရနိုင်ငံနှင့် ကိုက်ညီသည့်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးကြိုးပမ်းလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည်တစ်ချိန်က ဆိုရှယ်လစ်စနစ်ကိုကျင့်သုံးခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် ပြည်သူတို့တောင်းဆိုမှုအရ ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပါကြောင်း၊ မိမိအနေဖြင့်ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်အောင်ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ဗီယက်နမ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုထိပ်တန်းနိုင်ငံ တစ်နိုင်ငံဖြစ်သည့်အတွက်မိမိတို့အနေဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများအပါအဝင် အဆွေတော်တို့နှင့်ဘက်ပေါင်းစုံမှအပြန်အလှန် လက်တွဲပူးပေါင်းဆောင်ရွက်မှုများကိုတိုးမြှင့်သွားလိုကြောင်း၊ မြန်မာနိုင်ငံသည်တောင်အာရှ၊ အရှေ့တောင်အာရှနှင့်အရှေ့အာရှတို့ကို ပေါင်းကူးဆက်သွယ်ပေးနိုင်သည့်အရေးပါသည့် ပထဝီအနေ အထားတွင်တည်ရှိကြောင်း၊ အာရှအဝေးပြေးလမ်းမကြီးကွန်ရက်နှင့် အရှေ့ – အနောက်စီးပွားရေးစင်္ကြံတို့ကိုထိရောက်စွာအသုံးချပြီး တည်ငြိမ်လုံခြုံသည့် ဆက်သွယ်ချိတ်ဆက်မှုပိုမိုအားကောင်းလာစေရေး ဗီယက်နမ်၊ လာအိုနှင့်မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊ အထူးသဖြင့် မြန်မာ-ထိုင်း-လာအို-ဗီယက်နမ် အရှေ့-အနောက်စီးပွားရေးစင်္ကြံ ပိုမိုအားကောင်းလာစေရေး လမ်းပန်းဆက်သွယ်ရေး၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး၊ ပို့ဆောင်ရေးကဏ္ဍတို့တွင် သုံးနိုင်ငံအကြားလက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်လိုကြောင်း၊ မြန်မာ-လာအို-ဗီယက်နမ်၊ မြန်မာ-ထိုင်း-လာအို-ဗီယက်နမ် စသည့်လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများကို အဆင့်မြှင့်တင်ပြီးမြန်မာနိုင်ငံနှင့်ချိတ်ဆက်နိုင်မည်ဆိုပါက ဒေသတွင်းကုန်သွယ်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အကျိုးများစွာဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းကိုလည်း အကောင်အထည် ဖော်လျက်ရှိပြီး အဆိုပါလမ်းနှင့်ချိတ်ဆက်၍ ဗီယက်နမ်နိုင်ငံမှလာအိုနှင့်မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယအပါအဝင် တောင်အာရှနှင့်အနောက်ဘက်ဈေးကွက် များသို့ ဝင်ရောက်နိုင်သကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း လာအိုနှင့်ဗီယက်နမ်မှတစ်ဆင့် အရှေ့အာရှဈေးကွက်များသို့ လွယ်ကူစွာချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း။
နိုင်ငံတကာဆက်ဆံရေး နယ်ပယ်တွင်လည်း မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ပြီးတက်ကြွသည့်ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒနှင့်အညီ ဘက်မျှပြီး ဟန်ချက်ညီသည့်ဆက်ဆံရေးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် BIMSTEC၊ GMS ၊ CLMV ၊ ACMECS စသည့် ဒေသတွင်း အဖွဲ့အစည်းများတွင် တန်းတူ ကိုယ်စားပြုမှုနှင့်အပြည့်အဝ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့်ဘက်စုံ၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများသည်လည်း အဆင့်သစ်တစ်ရပ်သို့ တိုးတက်ရောက်ရှိလာမည်ဟု မိမိအနေဖြင့်ယုံကြည်ပါကြောင်းဖြင့်ပြောကြားသည်။

ယင်းနောက် ဗီယက်နမ်နိုင်ငံသမ္မတက ယခုကဲ့သို့ သမ္မတကြီးအနေဖြင့် နှစ်နိုင်ငံ အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများနှင့် ဆက်ဆံမှုများ တိုးမြှင့်နိုင်ရေးအပြင် နှစ်နိုင်ငံ နှင့် ဒေသတွင်း အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင် ရွက်သွားနိုင်မည့် အလားအလာများကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပေးခဲ့သည့်အတွက် အဆွေတော် သမ္မတကြီး၏ အမြော်အမြင်ကြီးမားမှုကို တွေ့မြင်သိရှိရပါကြောင်း၊ မြန်မာ-ထိုင်း-လာအို-ဗီယက်နမ် အရှေ့-အနောက် စီးပွားရေးစင်္ကြံ ပိုမိုအားကောင်းလာစေရေးနှင့် အိန္ဒိယ-မြန်မာ-လာအို-ဗီယက်နမ် လမ်းကြောင်းတို့နှင့်ပတ်သက်၍ ဗီယက်နမ်နိုင်ငံအနေဖြင့် လေ့လာဆန်းစစ်မှုများနှင့်ပူးပေါင်းဆောင်ရွက်မှုများ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံ အနေဖြင့် စဉ်ဆက်မပြတ်ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်နိုင်ခဲ့သည့်အတွက် နှစ်ပေါင်း ၄၀ အတွင်း ယခုကဲ့သို့ အောင်မြင်မှုများကို ရရှိခံစားနေရခြင်းဖြစ်ပါကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ဘက်စုံခိုင်မာပြီး လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်တစ်ရပ်ကို တက်လှမ်းနိုင်ရန် အသင့်ရှိနေပါကြောင်း၊နှစ်နိုင်ငံအကြား နိုင်ငံရေးအရယုံကြည်မှုနှင့် အပြန်အလှန်နားလည်မှုမြှင့်တင်နိုင်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက် နှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် ခရီးသွားလာရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ထောက်ခံရပ်တည်သွားနိုင်ရေး စသည့်နယ်ပယ်ပေါင်းစုံတို့၌ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားလိုပါကြောင်း၊ ယခုကဲ့သို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ဗီယက်နမ်နိုင်ငံသို့ ခရီးစဉ်လာရောက်မှုအပေါ်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ဆွေးနွေးမှုရလဒ်ကောင်းများအရ ဗီယက်နမ်-မြန်မာ ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် ဆက်လက်ပြီး လက်တွေ့ကျကျ ဖွံ့ဖြိုးတိုးတက်လာမည်ဟု လေးလေးနက်နက်ယုံကြည်ပါကြောင်း၊ အဆွေတော်၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည့်စုံကြွယ်ဝမှုများအမြန်ဆုံးရရှိနိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတတို့သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုဆိုင်ရာများ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာများ၊ စက်မှုကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ ပညာရေး၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာများ၊ လူမှုရေးနှင့် အမျိုးသမီးရေးရာကဏ္ဍ၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုဆိုင်ရာများ၊ ခရီးသွားလုပ်ငန်းနှင့်လေကြောင်းဆက်သွယ်မှုဆိုင်ရာများ၊ အွန်လိုင်းလိမ်လည် လောင်းကစားမှု တိုက်ဖျက်ရေးဆိုင်ရာများ၊ ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့်ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံအကြီးအကဲနှစ်ဦးတို့သည် တက်ရောက်လာကြသည့် နှစ်နိုင်ငံမှတာဝန်ရှိသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်းသတင်းရရှိသည်။
