နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Vinfast မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီနှင့် Viettel ဆက်သွယ်ရေးကုမ္ပဏီတို့သို့ သွားရောက်လေ့လာ

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာတိုလန်းနှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၌   ရောက်ရှိနေသည့်   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့်မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၄ ရက်နေ့မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့ရှိ  Vinfast   မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီနှင့် Viettel ဆက်သွယ်ရေးကုမ္ပဏီတို့သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။   

Vinfast မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ

ဦးစွာ နိုင်ငံတော်သမ္မတသည် ဟနွိုင်းမြို့မှ Hai Phong မြို့သို့ အထူးမော်တော်ယာဉ်တန်းဖြင့်သွားရောက်ခဲ့ပြီး လမ်းကြောင်းတစ်လျှောက်တွင် ဗီယက်နမ်နိုင်ငံ၏ လမ်းပန်းဆက်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုများနှင့်စနစ်တကျတည်ဆောက်ထိန်းသိမ်းထားရှိမှုများ၊ လမ်းဘေးဝဲယာတစ်လျှောက် စိုက်ပျိုးရေးလုပ်ငန်းများနှင့် မြို့ပြနှင့်ကျေးလက်လူနေထိုင်ရာနေရာများကို အချိုးကျကျဖြင့်စနစ်တကျမြေအသုံးချထားရှိမှုများ၊ စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများအားကုန်ထုတ်လမ်းများဖောက်လုပ်၍ စနစ်တကျအကောင်အထည်ဖော်တည်ဆောက်ထားရှိမှုများအားလေ့လာ ကြည့်ရှုသည်။ 

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အဖွဲ့ဝင်များသည် Vinfast မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီသို့ရောက်ရှိကြရာ ဗီယက်နမ်နိုင်ငံ၏  အကြီးစားစီးပွားရေးလုပ်ငန်းစု Vingroup ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Madam DUONG THI HOAN (ဇူဝမ်-ထိ-ဟွန်) ၊ VinFast ကုမ္ပဏီ၏ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ်ဖြစ်သူ  Mr. PHAM NHAT QUAN ANH (ဖန်-ညက်-ကွမ်-အိုင်း)နှင့်တာဝန်ရှိသူများက လှိုက်လှဲနွေထွေးစွာကြိုဆိုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များအား   ကုမ္ပဏီအစည်းအဝေးခန်းမတွင်  တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ဗီယက်နမ်နိုင်ငံ၏ အကြီးစားစီးပွားရေးလုပ်ငန်းစု Vingroup ၏ အဓိကလုပ်ငန်းခွဲတစ်ခုဖြစ်သည့် Vinfast မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် လာရောက်လေ့လာမှုအပေါ်များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းဖြင့် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဗီယက်နမ်နိုင်ငံ၏ အကြီးစားစီးပွားရေးလုပ်ငန်းစု Vingroup မှ တာဝန်ရှိ သူများ နှင့် Vinfast မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက တစ်ဦးချင်းမိတ်ဆက်ကြသည်။ 

ယင်းနောက် VinFast ကုမ္ပဏီ၏  ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ်ဖြစ်သူ  Mr. PHAM NHAT QUAN ANH က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် စက်ရုံဆိုင်ရာသမိုင်းကြောင်းများ၊ စက်ရုံမှထုတ်လုပ်လျက်ရှိသည့် မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များ၊ ပြည်တွင်းပြည်ပဈေးကွက်သို့ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ရှင်းလင်းတင်ပြပြီး  Vinfast   မော်တော်ယာဉ် ထုတ်လုပ်ရေးကုမ္ပဏီဆိုင်ရာများနှင့်ပတ်သက်သည့်  Video Clip ကိုကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံသို့ VinFast ကုမ္ပဏီ၏ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ်က အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ရာ နိုင်ငံတော်သမ္မတက လက်ခံရယူခဲ့ပြီး  အမှတ်တရလက်ဆောင်ပစ္စည်းပြန်လည်ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ယခုကဲ့သို့ဗီယက်နမ်နိုင်ငံ၏အကြီးစားစီးပွားရေးလုပ်ငန်းစု Vingroup ၏ အဓိကလုပ်ငန်းခွဲတစ်ခုဖြစ်သော Vinfast မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ၏ မော်တော်ယာဉ်ထုတ်လုပ်မှုအခြေအနေများအား လာရောက်လေ့လာရခြင်းအတွက် ဝမ်းမြောက်မိပါကြောင်း၊ ကုမ္ပဏီ၏ဆောင်ရွက်ချက်များအပေါ် လေ့လာမှုများအရသိရှိရပြီး ယခုရှင်းလင်းတင်ပြမှုများအရလည်း ပိုမိုသိရှိရသည့်အတွက် အောင်မြင်တိုးတက်မှုများအပေါ်များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊  မိမိအနေဖြင့် ယခုဗီယက်နမ်နိုင်ငံသို့ လာရောက်သည့်ခရီးစဉ်အတွင်း စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်နိုင်ရန်ရည်ရွယ်ထားရှိပြီး Vinfast မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားနိုင်မည့်အခြေအနေများအပေါ် လေ့လာကြည့်ရှုသွားမည်ဖြစ်ကြောင်းနှင့်ယခုထက်ပိုမိုသောအောင်မြင်မှုများရရှိရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့်ပြန်လည်ပြောကြား သည်။     

ဆက်လက်၍ Vinfast မော်တော်ယာဉ်  ထုတ်လုပ်ရေးကုမ္ပဏီအတွင်း လှည့်လည်၍သတ္တုပုံဖော်ခြင်း၊ ကားကိုယ်ထည် တပ်ဆင်ခြင်း၊ ဆေးသုတ်ခြင်း၊ အပြီးသတ်တပ်ဆင်ခြင်းစသည့် မော်တော်ယာဉ်ထုတ်လုပ်နေမှုလုပ်ငန်းစဉ်အဆင့်ဆင့်အား အလိုအလျောက်စနစ်များနှင့်စက်ရုပ်နည်းပညာများအသုံးပြု၍ ဆောင်ရွက်နေမှုများအပေါ်လိုက်လံကြည့်ရှုလေ့လာခဲ့ပြီး  တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်သိရှိလိုသည်များ မေးမြန်းဆွေးနွေးသည်။

အဆိုပါ  ဗီယက်နမ်နိုင်ငံ၏ ထင်ရှားသော မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Vinfast မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံ၏ အကြီးစားစီးပွားရေးလုပ်ငန်းစု Vingroup ၏လုပ်ငန်းများအနက်တစ်ခုဖြစ်ပြီး လျှပ်စစ်မော်တော်ယာဉ်များနှင့်လျှပ်စစ်မော်တော် ဆိုင်ကယ်များကို အဓိကထုတ်လုပ်လျက်ရှိကြောင်း၊ Vinfast မော်တော်ယာဉ် ထုတ်လုပ်ရေးကုမ္ပဏီကို ဗီယက်နမ်နိုင်ငံမြောက်ပိုင်း Hai Phong မြို့၊ Cat Hai ဒေသတွင် တည်ဆောက်ထားပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် စက်ရုံတည်ဆောက်ရေးစတင်ခဲ့ကာ ၂၁ လအတွင်းတည် ဆောက်ပြီးစီးခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်လ ၁၄ ရက်တွင် စက်ရုံဖွင့်လှစ်၍ မော်တော်ယာဉ်ထုတ်လုပ်မှုများကိုစတင်ခဲ့ကြောင်း၊ VinFast ၏ Hai Phong မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသည် ဧရိယာစတုရန်းမီတာ ၅၀၀,၀၀၀ ကျော်ကျယ်ဝန်းပြီး မော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ခေတ်မီနည်းပညာများ၊ အလိုအလျောက်စနစ်များနှင့်စက်ရုပ်နည်းပညာများ အသုံးပြု၍ဆောင်ရွက်လျက်ရှိကြောင်း၊ စက်ရုံတွင်သတ္တုပုံဖော်ခြင်း၊ ကားကိုယ်ထည်တပ်ဆင်ခြင်း၊ ဆေးသုတ်ခြင်း၊ အပြီး သတ်တပ်ဆင်ခြင်းနှင့်ဘက်ထရီထုတ်လုပ်ခြင်းစသည့် အဓိကလုပ်ငန်းစဉ်များကိုဆောင်ရွက်နိုင်သည့် ထုတ်လုပ်ရေးဌာနများပါဝင်ကြောင်း၊ ထို့အပြင်  VinFast သည် လျှပ်စစ်မော်တော်ယာဉ်များအတွက်  လိုအပ်သည့်ဘက်ထရီထုတ်လုပ်မှုနှင့်ထောက်ပံ့ရေးကဏ္ဍများကိုလည်း ပြည်တွင်း၌ ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်လျက်ရှိပြီး မော်တော်ယာဉ်ထုတ်လုပ်မှုမှ လျှပ်စစ်ဘက်ထရီနှင့်နည်းပညာပိုင်းဆိုင်ရာကဏ္ဍများအထိ ချိတ်ဆက်တည်ဆောက်ထားခြင်းသည် VinFast ၏ လျှပ်စစ်မော်တော်ယာဉ် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ၏ အရေးပါသောအစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း။

VinFast သည် ဗီယက်နမ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်လျှပ်စစ်ယာဉ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည့်ကုမ္ပဏီတစ်ခုဖြစ်ပြီး ဗီယက်နမ်နိုင်ငံတွင် စက်ရုံနှစ်ရုံ၊ အင်ဒိုနီးရှားနိုင်ငံတွင် စက်ရုံတစ်ရုံ၊ အိန္ဒိယနိုင်ငံတွင် စက်ရုံတစ်ရုံတို့ဖြင့် ထုတ်လုပ်မှုလုပ်ငန်းများလည်ပတ်လျက်ရှိကာ နိုင်ငံတကာဈေးကွက်များသို့လည်း တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် Vinfast မော်တော်ယာဉ် ထုတ်လုပ်မှုစက်ရုံမှ အပြီးသတ်ထုတ်လုပ်ထားသည့် မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များအား ကြည့်ရှုလေ့လာခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ်သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

Viettel ဆက်သွယ်ရေးကုမ္ပဏီ

ယင်းနောက်    နိုင်ငံတော်သမ္မတဦးဆောင်သည့် အဖွဲ့ဝင်များသည်  Viettel  ဆက်သွယ်ရေးကုမ္ပဏီသို့ ဆက်လက်ထွက်ခွာခဲ့ကြပြီး ကုမ္ပဏီသို့ရောက်ရှိစဉ် ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sr. Lt. Gen. Nguyen Quang Ngoc (ငုရင်-ကွမ်း-ငေါက်) ၊ Viettel Group ၏ ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ် Lt. Gen. Tao Duc Thang (သာအို-ဒု-ထန်း)နှင့်တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြပြီး  မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ 

ဆက်လက်၍ ကုမ္ပဏီအစည်းအဝေးခန်းမတွင် တာဝန်ရှိသူတစ်ဦးက   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့်  မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့လာရောက်လေ့လာသည့်အတွက် မိမိတို့အနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်ရပါကြောင်းဖြင့် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး တက်ရောက်လာကြသည့် Viettel ဆက်သွယ်ရေးကုမ္ပဏီမှတာဝန်ရှိသူများနှင့်တစ်ဦးချင်းမိတ်ဆက်ပေးသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့်တက်ရောက်လာကြသူများသည် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြားရှည်လျားခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှု သံတမန်ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့မှုနှင့် Viettel ဆက်သွယ်ရေးကုမ္ပဏီအနေဖြင့် နှစ်နိုင်ငံဆက်သွယ်ရေးနှင့်စီးပွားရေးအရပူးပေါင်းဆောင်ရွက်မှုများခိုင်မာစေရေးကို တစ်ထောင့်တစ်နေရာမှ တည်ဆောက်နိုင်ခဲ့မှုဆိုင်ရာများ၊ စဉ်ဆက်မပြတ်ဆက်လက်ဖွံ့ဖြိုးတိုးတက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် Mytel အမှတ်တံဆိပ်ဖြင့် ဆက်သွယ်ရေးကွန်ရက်တစ်ခုဖွံ့ဖြိုးတိုးတက်လာမှုအခြေအနေများနှင့်ပတ်သက်သည့် Video Clip ဖွင့်လှစ်ပြသမှုအား ကြည့်ရှုကြသည်။

ယင်းနောက် Viettel Group ၏ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ် Lt. Gen. Tao Duc Thang(သာအို-ဒု-ထန်း)က အဆွေတော်သမ္မတကြီးအနေဖြင့် Viettel Group နှင့် Mytel တို့အပေါ် ထောက်ခံအားပေးခဲ့မှုများအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ Mytel ဟူသည် အမည်နာမသည် အဆွေတော်သမ္မတကြီးကိုယ်တိုင်ရွေးခြယ်ပေးအပ်ခဲ့သည့် အမည်နာမဖြစ်သည့်အတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မိမိတို့ Viettel Group အနေဖြင့် Mytel နှင့်ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် Mytel ဆက်သွယ်မှုကွန်ရက်ဆိုင်ရာလုပ်ငန်းများစဉ်ဆက်မပြတ် ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားလိုပါကြောင်း၊  ဒီဂျစ်တယ် နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ ဒီဂျစ်တယ်လမ်းပန်းဆက်သွယ်ရေး၊ ဒီဂျစ်တယ်သယ်ယူပို့ဆောင်ရေးတို့တွင် Mytel အနေဖြင့် ဖွံ့ဖြိုးတိုးတက်လာနိုင်မည့်အလားအလာများစွာရှိနေပါကြောင်း၊အဆွေတော်သမ္မတကြီး ဦးဆောင်သည့်ခရီးစဉ်အတွင်းအောင်မြင်မှုများရရှိပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။   

ဆက်လက်၍ နိုင်ငံတော်သမ္မတက နှစ်ဖက်သဘောတူညီချက်များကို အပြည့်အဝအကောင်အထည်ဖော်ဆောင်၍ လုပ်ငန်းဆောင်ရွက်မှုများကို  စဉ်ဆက်မပြတ်တိုးချဲ့ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအတွင်းဆက်သွယ်မှုကွန်ရက်များ ပိုမိုကောင်းမွန်ဖွံ့ဖြိုးတိုးတက်လာစေရေးအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ရတနာပုံဆိုက်ဘာစီးတီးအပါအဝင် မြန်မာနိုင်ငံ၏ နည်းပညာအထူးဇုန်များမှာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ပြီး ဒီဂျစ်တယ်နှင့်နည်းပညာဆိုင်ရာပစ္စည်းများ လာရောက်ထုတ်လုပ်နိုင်ပါကြောင်း၊ မိမိအနေဖြင့် ဒီဂျစ်တယ်နှင့်နည်းပညာကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်အမြဲအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။ထို့နောက် နိုင်ငံတော်သမ္မတနှင့် Viettel Group ၏ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်းသတင်းရရှိသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် Viettel Group မှ ပြန်လည်ထွက်ခွာရာ Viettel Group ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ်နှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာဖြင့် ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်းသတင်းရရှိသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *