ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာတိုလန်းနှင့်ဇနီးတို့၏ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှအထူးလေယာဉ်ဖြင့်ထွက်ခွာကြသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာဗီယက်နမ်နိုင်ငံသံရုံးမှတာဝန်ရှိသူများက လေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ကြသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးမင်းနောင်၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ ခရီးစဉ်တွင်လိုက်ပါသွားကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဆောင်သောမြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့လိုက်ပါလာသည့် အထူးလေယာဉ်သည် ဒေသစံတော်ချိန် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ဟနွိုင်းမြို့၊ Noi Bai အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကြရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်၊ သမ္မတရုံးဝန်ကြီး မစ္စတာလဲခိုင်ဟိုင် ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး၊ ဗီယက်နမ်နိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးဝေလင်းနှင့်ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ဗိုလ်မှူးချုပ် ဇော်မင်းနှင့်တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထိုသို့ကြိုဆိုနှုတ်ဆက်စဉ် ဗီယက်နမ်နိုင်ငံဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံ့အကြီးအကဲများအား ကြိုဆိုဂုဏ်ပြုသည့် ဓလေ့ထုံးစံစဉ်လာနှင့်အညီ ကော်ဇောနီ၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူအလေးပြု၍လည်းကောင်း၊ ဂုဏ်ပြုလက်ဆောင်ပန်းစည်းများကမ်း၍လည်းကောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့အား ခရီးဦးကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
