ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စက်တင်ဘာလ ၄ ရက်နေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ဝန်းအတွင်းရှိ အရာရှိများအား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ ရုံး/ဌာန အသီးသီးမှအရာရှိများတက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံစဉ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသည့် အရာရှိများအားတွေ့ဆုံရသည့်အတွက် မိမိအနေဖြင့်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။
သမိုင်းကြောင်းအရ မိမိတို့နိုင်ငံအားအင်အားကြီး နယ်ချဲ့အင်္ဂလိပ်တို့က မတရားကျူးကျော်စစ်များဆင်နွှဲပြီးသိမ်းပိုက်ခဲ့သောကြောင့် တပ်မတော်နှင့် ပြည်သူအတူတကွပူးပေါင်း၍ အချုပ်အခြာအာဏာပိုင်ဆိုင်ပြီး လွတ်လပ်ရေးရရှိအောင် ပြန်လည်တွန်းလှန်တိုက်ထုတ်ခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံသည် ပထဝီအနေအထားအရအချက်အခြာကျသည့်နေရာတွင်တည်ရှိပြီး နိုင်ငံရေးစနစ်အရမတူကွဲပြားသည့် အင်အားကြီးနှစ်နိုင်ငံအကြားတွင် တည်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် မဟာဗျူဟာအရအရေးပါသည့်အတွက် ဩဇာလွှမ်းမိုးလိုသည့် နိုင်ငံများရှိကြောင်း။
လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ လက်နက်ကိုင်သောင်းကျန်းသူများသည် လူမျိုးရေး၊ အယူဝါဒစသည်ဖြင့် နည်းလမ်းမျိုးစုံအကြောင်းပြပြီး နိုင်ငံတော် ပြိုကွဲစေရန် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြကြောင်း၊ ထိုသို့ လုပ်ဆောင်ခဲ့မှုများကို မိမိတို့ တပ်မတော်သားများအနေဖြင့် အခက်အခဲမျိုးစုံကြားမှအသက်ကိုပဓာနမထားဘဲ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသ၍ ရဲရဲဝံ့ဝံ့ဆောင်ရွက်ခဲ့ကြကြောင်း၊ လက်ရှိကာလတွင်လည်း မိမိတို့နိုင်ငံရင်ဆိုင်နေရသည့် အခက်အခဲများကိုကျော်လွှားနိုင်ရန် တပ်မတော်သည် အင်အားတောင့်တင်းခိုင်မာနေရန်လိုကြောင်း၊ တပ်မတော်အင်အားတောင့်တင်းခိုင်မာစေရန် တစ်ဦးချင်းစီက မိမိတို့တတ်ကျွမ်းသည့် နယ်ပယ်အလိုက်ကျွမ်းကျင်နေရန် လိုအပ်သကဲ့သို့ စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်၍ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်သန်စွမ်းနေရန်လိုကြောင်း။
တပ်မတော်သားများဖြစ်သည့်အတွက် ကျန်းမာကြံ့ခိုင်ရန်အလွန်အရေးကြီးကြောင်း၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်နေရန် ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ်ဆောင်ရွက်နေရမည်ဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အနေအထိုင်၊ အစားအသောက်များကို စားသောက်ကြရမည်ဖြစ်ကြောင်း၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှသာ နေ့စဉ်ဆောင်ရွက်နေရသည့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်း ရုံး/ဌာနအသီးသီး၌ တာဝန်ထမ်းဆောင်လျက်ရှိသော အရာရှိများသည် စိတ်ဓာတ်စည်းကမ်းအရာ ၌သော်လည်းကောင်း၊ အရည်အချင်းများအရသော်လည်းကောင်း၊ ပြစ်မှုကင်းရှင်းပြီးစံပြဖြစ်သူများကိုသာ ရွေးချယ်တာဝန်ပေးအပ်ထားသူများဖြစ်ကြောင်း၊ထို့ကြောင့် အရာရှိများအနေဖြင့် မိမိကိုယ်ကိုတန်ဖိုးထားပြီး ဂုဏ်ယူစွာဖြင့် တာဝန်ထမ်းဆောင်ရန်လိုကြောင်း။
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသူများပီပီ စစ်စည်းကမ်းအရာတွင် စံနမူနာပြဖြစ်ရန်လိုပြီး တပ်မတော်၏ ဂုဏ်သိက္ခာနှင့်ပုံရိပ်ကိုထိခိုက်စေသည့် ငွေကြေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု၊ မူးယစ်ဆေးဝါးမှု၊ ကိုယ်ကျင့်တရားဖောက်ဖျက်မှုတို့ကင်းရှင်းရန်လိုကြောင်း၊ မိမိ၏ပေါ့ဆမှုကြောင့် သတင်းအချက်အလက်လုံခြုံရေးကျိုးပေါက်မှုမဖြစ်ရန် ဂရုပြုထိန်းသိမ်းရန်လိုကြောင်းနှင့်သတင်းလုံခြုံရေး ကျိုးပေါက်မှုစသည့်ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်မှုများကြောင့် ထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်ခဲ့ခြင်းများရှိကြောင်း၊ သို့ဖြစ်၍ အရာရှိများအနေဖြင့် ထုတ်ပြန်ထားသည့်ဥပဒေစည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာစောင့်ထိန်းကြရန်နှင့်သစ္စာ(၄)ချက်ကို နေ့စဉ်ရွတ်ဆိုရသည့် တပ်မတော်သားများဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာစောင့်သိရန်နှင့်တိုင်းပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ်များထားရှိမွေးမြူကြရန်လိုကြောင်း၊ ထို့ပြင်မိမိရုံးဌာနများရှိ လုပ်ဖော်ကိုင်ဖက်များကိုလည်း အသိ ပညာပြန့်ပွားရေး ဆက်လက်ပြောကြားပေးကြရမည် ဖြစ်ကြောင်း။
ကိုယ်ကျင့်တရားနှင့်ပတ်သက်၍လည်း တပ်မတော်အရာရှိများဖြစ်သည်နှင့်အညီ နေထိုင်ကျင့်ကြံသွားရန်လိုကြောင်း၊ မိမိကိုယ်တိုင်လည်း ကိုယ်ကျင့် တရားကောင်းမွန်ရန်လိုအပ်သလို မိမိလက်အောက်ကိုလည်း ကိုယ်ကျင့်တရားကောင်းမွန်သူများဖြစ်အောင် ထိန်းသိမ်းကြပ်မတ်သွားရန်လိုကြောင်း၊ သို့မှသာ မိမိတာဝန်ယူရသည့် အဖွဲ့အစည်းကို တော်တည့်မှန်ကန်စွာကွပ်ကဲအုပ်ချုပ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များအပေါ် ညီအစ်ကို မောင်နှမစိတ်ဓာတ်များဖြင့် စောင့်ရှောက်ကာကွယ်ကြရန်လိုကြောင်း၊ ကိုယ်ကျင့်တရားပျက်ပြားပါက တပ်တွင်းစည်းလုံးညီညွတ်ရေးကိုထိခိုက်စေမည်ဖြစ်သည့်အတွက် တပ်မတော်သားများအနေဖြင့် စစ်သည်ကောင်းတစ်ယောက်ပီသစွာ ကျင့်ကြံနေထိုင်ကြရန်လိုကြောင်း၊ မိမိကိုယ်ကို ထိန်းသိမ်းခြင်းသည် မိမိတပ်ဖွဲ့၊ ဌာန ၊ တပ်မတော်၏ဂုဏ်ကို ထိန်းသိမ်းခြင်းပင်ဖြစ်ကြောင်း။
ကိုယ်ကျင့်တရားပိုင်းနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲ၏ အမြဲလမ်းညွှန်မှာကြားချက်ဖြစ်သည့် သင့်(၄)သင့်ကို လိုက်နာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သင့်(၄)သင့်ဆိုသည်မှာ သွားသင့်သည့်နေရာကိုသွားရန်၊ ပြောဆိုသင့်သည့်စကားကိုသာပြောဆိုရန်၊ လုပ်သင့်သည့်အလုပ်ကိုသာလုပ်ရန်နှင့်ပေါင်းသင်းသည့်သူကိုသာ ပေါင်းသင်းသွားရန်တို့ပင်ဖြစ်ကြောင်း။
အရာရှိများအနေဖြင့်လည်း အနာဂတ်တွင် တပ်မတော်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ခေါင်းဆောင်များဖြစ်သည့်အတွက် မိမိကိုယ်ကို တန်ဖိုးထားလေးစားတတ်ပြီး ကိုယ်ကျင့်သိက္ခာ ကောင်းမွန်နေစေရန်၊ အရည်အချင်းပြည့်ဝနေစေရန်လိုအပ်မည်ဖြစ်သောကြောင့် နေ့စဉ်လူနေမှုဘဝများကိုလည်း စည်းကမ်းစနစ်တကျဖြင့် ကျင့်ကြံနေထိုင်သွားကြရန်လိုကြောင်း။

တပ်မတော်အရာရှိများဖြစ်သည်နှင့်အညီ နိုင်ငံ၏သမိုင်းကြောင်း၊ တပ်မတော်၏သမိုင်းကြောင်း၊ ပထဝီဝင်အနေအထားများ၊ သမိုင်းကြောင်းများကို သိရှိအောင် စာအုပ်စာစောင်များကို ဖတ်မှတ်လေ့လာမှတ်သားပြီး ဗဟုသုတဖြည့်ဆည်းရန်လိုကြောင်း၊ ထို့ပြင်မိမိတို့ ၏ Professional လုပ်ငန်းတာဝန်များနှင့်ပတ်သက်သည့် စာအုပ်စာပေများကိုလည်း ဖတ်ရှုလေ့လာနေရန်လိုသကဲ့သို့ မိမိအတွက်အကျိုးဖြစ်စေမည့် စာအုပ်စာစောင်များကိုလည်း အားလပ်သည့် အချိန်များတွင် ဖတ်ရှုလေ့လာခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လေ့လာဖတ်ရှုမှုများကို အမြဲမပြတ်ဆောင်ရွက်နေမည်ဆိုပါက လုပ်ငန်းတာဝန်များကိုကျေပွန်စွာထမ်းဆောင်နိုင်ရန် အထောက်အကူပြုမည်ဖြစ်ပြီး မိမိတို့ဖတ်မှတ် ထားသည်များကို လက်တွေ့အသုံးချခြင်းနှင့်ဝေမျှခြင်းများကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊ လေ့လာဖတ်ရှုခြင်း၊ မှတ်သားခြင်း၊ ဆွေးနွေးခြင်း၊ အသုံးချခြင်းများမှတစ်ဆင့် အသိပညာများ ပိုမိုအားကောင်းလာအောင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သို့မှသာအကျိုးအပြစ်များကို ဆင်ခြင်နိုင်ပြီး နိုင်ငံတော်၊ တပ်မတော်နှင့်ပြည်သူလူထုအတွက် အားထားရမည့်သူများ ဖြစ်လာမည်ဖြစ်ကြောင်း။
နိုင်ငံတော်နှင့်တပ်မတော်ကအားထားရသည့် တပ်မတော်အရာရှိများဖြစ်ရန်အတွက် မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်များရှိရန်လိုကြောင်း၊ စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး အမှန်တရားကိုဝေဖန်ပိုင်းခြားနိုင်သည့် အသိဉာဏ်ပညာများတိုးပွားလာအောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ စွန့်လွှတ်စွန့်စားသည့်စိတ်များဖြင့် တပ်မတော်၏ဂုဏ်ကိုစောင့်ထိန်းကာကွယ်ကြရန်လိုကြောင်း၊ ယခုတွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် အရာရှိများသည် အနာဂတ်တွင် နိုင်ငံတော်နှင့်တပ်မတော်အတွက်များစွာအထောက်အကူဖြစ်စေမည့် ခေါင်းဆောင်များဖြစ်အောင် ကြိုးစားသွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် တက်ရောက်လာကြသည့် အရာရှိများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။
