(၂၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ ခရီးသွားလာရေးပြခန်း(23rd China-ASEAN Expo Tourism Exhibition Area) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင်မြို့ရှိ ကွေ့လင်အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲဗဟိုဌာန၌ စက်တင်ဘာလ ၁၉ ရက်မှ ၂၁ ရက်အထိ ပြသခဲ့ရာ မြန်မာနိုင်ငံ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါ ကုန်စည်ပြပွဲခရီးသွားလာရေးပြခန်းတွင် အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံအပါအဝင် အခြားနိုင်ငံတကာမှ ရှစ်နိုင်ငံတို့က သက်ဆိုင်ရာ နိုင်ငံကိုယ်စားပြုပြခန်းများ၊ တရုတ် ပြည်မကြီးနှင့် ပြည်နယ်များမှ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများ၊ ခရီးသွား လုပ်ငန်းရှင်များ၊ နည်းပညာကုမ္ပဏီများနှင့် ဒေသထွက်ကုန်လုပ်ငန်းများမှ ကုမ္ပဏီပေါင်း ၁၃၅၀ ခုနှင့် ပြပွဲပြခန်းပေါင်း ၁၇၂၀ ပါဝင်ပြသခဲ့သည်။
စက်တင်ဘာလ ၁၉ ရက်တွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကွေ့လင်အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲဗဟိုဌာန၌ ကွမ်ရှီးပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး အိမ်နီးချင်းကောင်း ပေါက်ဖော်ဆက်ဆံရေးကိုအခြေခံ၍ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသခရီးသွားလာမှုများ အဆင်ပြေချောမွေ့စေရေး၊ တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပိုမိုတိုးချဲ့ပြေးဆွဲနိုင်ရေး၊ ခရီးသွား ကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအစီအစဉ်များနှင့် ခရီးစဉ်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစိုးရအချင်းချင်းနှင့် လုပ်ငန်းရှင်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ China-ASEAN Tourism Exhibition Area သို့ သွားရောက်၍ (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ခရီးသွားလာရေးပြခန်းဖွင့်ပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။ ဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက ယခုကျင်းပသည့် ပြပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းကို ပါဝင်ခင်းကျင်းပြသလျက်ရှိပါကြောင်း၊ အဆိုပါပြခန်းမှတစ်ဆင့် မြန်မာနိုင်ငံ၏ သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသများ၊ သဘာဝအခြေခံ ခရီးစဉ်ဒေသများ၊ ဆန်းသစ်သော ခရီးသွားအတွေ့အကြုံများနှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာထုတ်ကုန်များကို ပြပွဲသို့ လာရောက်ကြသည့် တရုတ်နိုင်ငံနှင့် နိုင်ငံတကာမှ ခရီးသွားလုပ်ငန်းရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် မီဒီယာကိုယ်စားလှယ်များထံသို့ တိုက်ရိုက်လက်ကမ်းမိတ်ဆက်ပြသခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ပါကြောင်းပြောကြားပြီး ပြခန်းအတွင်း မြန်မာ့ခရီးသွားကုမ္ပဏီများက တရုတ်နိုင်ငံနှင့်နိုင်ငံတကာမှ ခရီးသွားအေဂျင်စီများနှင့် စီးပွားရေး လုပ်ငန်းချင်း ချိတ်ဆက်ဆွေးနွေးနေမှုကိုကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ကွေ့လင်မြို့၏ အထင်ကရ နေရာများဖြစ်သည့် ဆင်နှာမောင်းတောင်ပန်းခြံနှင့် ကွေ့ဟိုင်းကျောက်စာတိုင်ပြတိုက်တို့ကို လေ့လာခဲ့ပြီး စက်တင်ဘာလ ၂၀ ရက်တွင် ကွေ့လင်မြို့နှင့် ရန်ရှော့မြို့တို့ကို ဆက်သွယ်ထားသည့် လီကျန်းမြစ်တစ်လျှောက် မြစ်တွင်းအပျော်စီးသင်္ဘောဖြင့် ကြည့်ရှုလေ့လာခဲ့သည်။မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် အဆိုပါပြပွဲသို့ ပါဝင်တက်ရောက်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံသည် တည်ငြိမ်အေးချမ်းပြီး နိုင်ငံတကာ ခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံစိတ်ချစွာ လည်ပတ်သွားလာ နိုင်သည့် သာယာလှပသော ခရီးစဉ်ဒေသတစ်ခုဖြစ်ကြောင်း နိုင်ငံတကာသို့ အသိပေးဆောင်ရွက်နိုင်ခဲ့သည်။
ထို့ပြင် ကွေ့လင်မြို့၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု၊ ခရီးစဉ်ဒေသများ စီမံခန့်ခွဲမှုစနစ်များနှင့် ခရီးသွားဧည့်သည်များအတွက် ဝန်ဆောင်မှုပေးသည့် နည်းလမ်းများကို ကွင်းဆင်းလေ့လာခွင့်ရရှိခဲ့ သဖြင့် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်ရေးတို့အတွက် အဖိုးတန်သည့် လက်တွေ့အတွေ့အကြုံကောင်းများရရှိခဲ့သည့်အပြင် ပြပွဲ၌ပါဝင်ပြသခဲ့ကြသည့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် အခြားနိုင်ငံများ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး မဟာဗျူဟာမြောက် ဆောင်ရွက် ချက်များကို လေ့လာသုံးသပ်နိုင်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွားလုပ်ငန်းမြှင့်တင်ရေးမူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်ရာတွင် အထောက်အကူပြုမည့် အတွေ့အကြုံနှင့် အကြံဉာဏ်ကောင်းများ ရရှိခဲ့ကြောင်း သိရသည်။
