အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့်

နေရာကွက်၍မိုးကြီးနိုင်အားကောင်းသောမုန်တိုင်းငယ်အခြေအနေယနေ့ညနေ ၃ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် အနောက်ဘက်သို့ရွေ့လျားခဲ့ပြီး   မြန်မာနိုင်ငံ  ကျောက်ဖြူမြို့ (Kyaukpyu) ၏ အနောက်- အနောက်တောင်ဘက်ရေမိုင် ၅၃၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့ (Visakha-patnam)၏ အရှေ့-အရှေ့ မြောက်ဘက် ရေမိုင် ၆၀ မိုင်ခန့်နှင့် ဂိုလ်ပါပူမြို့ (Gopalpur)၏ တောင်ဘက် ရေမိုင် ၈၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။အားကောင်းသောမုန်တိုင်းငယ် ၏လက်ရှိအခြေအနေမှာ  မြန်မာ နိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါအားကောင်းသောမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန်တွင်  မြောက်လတ္တီကျု ၁၈.၀ ဒီဂရီနှင့်အရှေ့လောင်ဂျီကျု ၈၄.၃  ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၉၅ ဟက်တိုပါစကယ်နှင့်အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ နှုန်းခန့် ဖြစ်ပါသည်။

နောက် ၁၂ နာရီအတွင်းခန့်မှန်းချက်

          အဆိုပါ  အားကောင်းသောမုန်တိုင်းငယ်သည်   အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး ယနေ့ညပိုင်းတွင် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း-ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေတို့ကို ဗီဆာကာပတ္တနမ်မြို့နှင့် ဂိုလ်ပါပူမြို့တို့အကြား ကာလင်ဂါပတ္တနမ်မြို့အနီးမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။

 သတိပေးနှိုးဆော်ချက်

အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့ညနေမှ စက်တင်ဘာလ ၂၅ ရက်နေ့အတွင်း ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည် နယ်တို့တွင် နေရာကွက်ကျားမှ  နေရာကျဲကျဲနှင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်  နေရာစိပ်စိပ်မှနေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင် သည်။ 

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်  ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်။အကြံပြုချက်သို့ဖြစ်ပါ၍ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် အတူ  လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့်  မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်  အသိပေးနှိုးဆော်အပ်ပါသည်။ (မိုး/ဇလ) 

Leave a Reply

Your email address will not be published. Required fields are marked *