ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အထူးလိုအပ်သည်ဟုယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရန် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၁-၄-၂၀၂၆ တွင် ကမ်းလှမ်း ဖိတ်ခေါ်ခဲ့သည်။
ထိုသို့ဖိတ်ခေါ်ချက်အရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ(၃) စဝ်ဆေပိုင်ဖ၊ အတွင်းရေး မှူး(၃) စဝ်ပထွန်း၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် စဝ်ဖူးလူနှင့် စဝ်စွမ်မောဝ်၊ ရုံးအဖွဲ့မှူး စဝ်အွန်မိန်းတို့ ပါဝင်သည့် ကိုယ်စားလှယ်များတက်ရောက်ကြသည်။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပြီးတွင် အစောဆုံးလာရောက်တွေ့ဆုံခဲ့သည့်အဖွဲ့ဖြစ်ကြောင်း၊ ယနေ့တွေ့ဆုံမှုသည် အစိုးရသစ်တက်လာပြီး နောက်ပိုင်း ဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်ပြီး ယခင်ကလည်း တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ကြောင်း၊ ပထမအကြိမ်တွင် နှစ်ဖက်ရင်းနှီးပွင့်လင်းစွာဆွေးနွေးနိုင်ခဲ့ပြီး ဒေသတည်ငြိမ်ရေးနှင့်ပတ်သက်၍ နှစ်ဖက်ပေါင်းစပ်အဖွဲ့ ဖွဲ့စည်းနိုင်ရန်ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ဒေသတွင်းမတည်ငြိမ်သည့် အခြေခံအကြောင်းရင်းများ ဖြစ်သည့်အွန်လိုင်း လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို အဓိကပပျောက်စေလိုကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများမဖြစ်ရန်လိုအပ်ကြောင်း၊ ပဋိပက္ခဖြစ်ပွားသည်နှင့် ဒေသတွင်း အရင်းအမြစ်များစွာဆုံးရှုံးပါကြောင်းနှင့် ပထမအကြိမ် ဆွေးနွေးချက်များအား မည်သို့ဆောင်ရွက်နေသည်ကို နှစ်ဖက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ(၃) စဝ်ဆေပိုင်ဖက ယခုတွေ့ဆုံပွဲတွင် ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များကို အခြေခံဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ SSPP အနေဖြင့် ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုပေါ်ပေါက်လာရေးအခြေခံပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေး “မူ” ကို အစဉ်အမြဲ ကိုင်စွဲထားကြောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန်စိတ်ဆန္ဒရှိကြောင်း၊ လက်ရှိအနေအထားတွင် မိမိတို့ဒေသဖွံ့ဖြိုးရေး ကို ကြိုးစားဆောင် ရွက်နေပြီး တပ်မတော်နှင့်လည်းထိတွေ့မှုမရှိကြောင်း၊ အတိတ်ကဖြစ်စဉ်များအား အမြဲသင်ခန်းစာယူပါကြောင်း၊ ငြိမ်းချမ်းရေးသည် မိမိတို့ပြည်ထောင်စုကြီးအတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်ကြောင်း၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ လက်ရှိ ရရှိထားသည့် အေးချမ်းတည်ငြိမ်မှုအားမပျောက်အောင် ဝိုင်းဝန်းဆောင်ရွက်သွားပါက ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် နိုင်ငံတော်အားတည်ဆောက်နိုင်မည် ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသွား နိုင်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး အတွက် ဝိုင်းဝန်းဆောင်ရွက်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုဘဝဖွံ့ဖြိုးကောင်းမွန်စေရေး၊ နိုင်ငံတစ်ဝန်းလုံးငြိမ်းချမ်းရေးရရှိရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပနိုင်ရေး၊ တိုင်းရင်း သားစည်းလုံးညီညွတ်မှုမပြိုကွဲရေးအတွက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ ဝမ်ဟိုင်းဒေသတွင် MPT အင်တာနက်လိုင်းများရရှိရေး၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစား၊ အွန်လိုင်းလိမ်လည်မှုများ၊ နယ်မြေကျော်လွန်ခြင်းကိစ္စများနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က SSPP မှ တင်ပြသည့် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန် ညှိနှိုင်းပြီး မှတ်တမ်းအား လက်မှတ်ရေးထိုးအတည်ပြုကြသည်။
ယင်းနောက် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ(၃) စဝ်ဆေပိုင်ဖက ကျေးဇူးတင်စကားပြောကြားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်၍ ဆွေးနွေးပွဲအား ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။
