ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ငဝန်မြစ်ရေကာတာ၏အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး လေးမျက်နှာမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ ဟင်္သာတမြို့နယ်၊ ရေကြည်မြို့နယ်နှင့်ကျုံပျော်မြို့နယ်တို့ရှိကျေးရွာများ၌ ရေဝင်ရောက်မှုနှင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက် အားတိုက်ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ငဝန်မြစ်ရေကာတာတမံနိမ့်ကျမှုကြောင့် ရေကျော်စီးဝင်၍ ရေကြီးရေလျှံ မှုများဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေး အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ငဝန်မြစ်ရေကာတာတမံနိမ့်ကျမှုကြောင့် ရေကျော်စီးဝင်၍ ရေကြီးရေလျှံဖြစ်ပွားမှုဆိုင်ရာများနှင့် တာတမံ၏သမိုင်း ကြောင်းဆိုင်ရာများ၊ လေးမျက်နှာမြို့နယ်၊ ငဝန်တာ တာမိုင် ၂၅/၃ အနီး တာအိ တာလျှောဖြစ်ပွားမှုနှင့် သဲဗွက်ဖြစ်ပွားမှုအခြေအနေများ၊လူနေရပ်ကွက်များ၊ အခြေခံပညာကျောင်းများအတွင်း ရေဝင်ရောက်မှုအခြေအနေများ၊ ရေကြီးရေလျှံမှုစတင်ဖြစ်ပွားချိန်မှစ၍ ဘေးသင့်သူများအား ရှာဖွေကယ်ဆယ်ရေး၊ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးရေး၊ စားရေရိက္ခာများ ထောက်ပံ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ မြစ်ရေတိုက်စားပြိုကျမှုမှ ကာကွယ်ခြင်းတို့ကို အရှိန်အဟုန်မြှင့်တာဝန်ယူဆောင်ရွက်လျက်ရှိမှု၊ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ လာရောက်ကြသည့် ပရဟိတကားများအတွက် စက်သုံးဆီများ ဖြန့်ဖြူးဆောင်ရွက်ထားရှိမှု၊ ကျုံပျော်မြို့နယ်အတွင်း ရေဝင်ရောက်လာနိုင်မည့်ကျေးရွာများအား ရေဘေးရှောင်စခန်းများသို့ ကြိုတင်ပြောင်းရွှေ့ပေးနိုင်ရေး အစီအမံရေးဆွဲထားရှိမှု၊ ရေကျသွားသည့်နေရာများမှ စာသင်ကျောင်းများ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်၍ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ ရေများပြန်လည်ကျဆင်းလျက်ရှိမှုနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေငန်ဝင်ရောက်သည့်မြစ်ကြီးများနှင့် ရေငန်ဝင်ရောက်မှုအခြေအနေများ၊ ရေငန်ဝင်ရောက်မှုကာကွယ်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမြထွန်းဦး၊ ဦးမျိုးသန့်၊ ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများက တမံကျိုးပေါက်မှုဖြစ်စဉ် စတင်ခဲ့သည့် ဇူလိုင်လ(၃၁)ရက်နေ့မှစပြီး ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိ ပြည်ထောင်စုဝန်ကြီးဌာနတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ စေတနာလုပ်အားရှင်များ စုပေါင်းပြီး တုတ်တန်းရိုက်၊ ဝါးထရံကာခြင်း၊ Geobag ချခြင်း၊ ကရိန်းရေယာဉ်ဖြင့် ရေဝင်လမ်းအထက်၌ သဲအိတ်ချခြင်း၊ သံခွံCB တွဲဖြင့် သဲဖြည့်မြှုပ်ချပြီး ရေဝင်ထိန်းကာကွယ်ခြင်း၊ ပန်းတာ၏ ဘယ်ညာတို့တွင် သဲအိတ်ချပိတ်ခြင်းစသည်တို့ကို အားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိမှု၊ ရေဘေးသင့်ဒေသများတွင် လှုပ်ရှားဆေးအဖွဲ့များဖြင့် အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိမှု၊ သောက်သုံးရေနှင့် ကျန်းမာရေးနှင့်အညီ သန့်ရှင်းသည့်အစားအသောက်များရရှိရေးဆောင်ရွက်ပေးလျက်ရှိမှု၊ လိုအပ်သည့်ဆေးဝါးနှင့် ဆေးပစ္စည်းများလုံလောက်စွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ရေဝင်နစ်မြုပ်ခဲ့သည့် စိုက်ပျိုးလယ်ယာများအားစစ်ဆေး၍ ပြန်လည်စိုက်ပျိုးရန်လိုအပ်သည့် စပါးစိုက်ခင်းများ၌ စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေး စပါးမျိုးများ စုဆောင်းထားရှိမှုနှင့် အခြားလိုအပ်သည်များကို ပြင်ဆင်စီမံဆောင်ရွက်ထားရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် စက်ယန္တရားများပြင်ဆင်ထားရှိမှု၊ တောင်သူများအနေဖြင့် ရေကျသွားချိန်တွင် အချိန်မီစိုက်ပျိုးနိုင်ရေး မြေပြုပြင်ခြင်း လုပ်ငန်းများကိုဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရှိမှု၊ တာတမံများပြန်လည် ပြင်ဆင်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့် ရေပြန်လည်ကျဆင်းသွားသည့်အချိန်တွင် ရထားလမ်းများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအပါအဝင် ပို့ဆောင်ရေးလုပ်ငန်းများ မူလအတိုင်း ပြန်လည်ဆောင်ရွက်နိုင်ရေး စီမံထားရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။
နိုင်ငံတော်သမ္မတက မူလကမ်းရင်းတာနှင့် ငဝန်တာ(မြစ်ကျိုးပန်းတာ) တို့တည်ဆောက်ခဲ့မှုနှင့် ပြုပြင်ထိန်းသိမ်းခဲ့မှုအခြေအနေများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခင်ကတာကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့မှုအခြေအနေများ၊ ယခု ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများ၊ ရေဘေးသင့်ပြည်သူများကို ကူညီဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားသည့် ဒေသများရှိ ပြည်သူများ၏ တစ်ကိုယ်ရည်ကျန်းမာရေးနှင့် သန့်ရှင်းသောသောက်သုံးရေများ လုံလောက်စွာရရှိရန်လိုကြောင်း၊ ရေနစ်မြုပ်ပျက်စီးခဲ့သည့် စပါးစိုက်ခင်းများအား စပါး သီးနှံများ ပြန်လည်စိုက်ပျိုးသွားမည်ဆိုပါကလည်း အောင်ရေရှိအောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ စပါးပြန်လည်စိုက်ပျိုးရန် စိုက်ပျိုးချိန်အခက်အခဲရှိပါက အခြားသီးနှံများကို စိုက်ပျိုးသွားကြရန်လိုကြောင်း၊ အချိန်မီစိုက်ပျိုးနိုင်ရန်အတွက် လိုအပ်သည့်ယန္တရားများကို ကြိုတင်ရွှေ့ပြောင်းထားရန်နှင့်လိုအပ်သည့် စက်သုံးဆီများကိုလည်း ကြိုတင်စုပုံထားရှိသွားရန်လိုကြောင်း၊ တမံနိမ့်ကျပျက်စီးသွားသည့်နေရာအား ယာယီပြန်လည်ထိန်းသိမ်းဆောင်ရွက်ရာတွင် အချိန်တိုအတွင်း အလျင်အမြန်ပြီးစီးအောင် ဝိုင်းဝန်းတိုင်ပင်ဆွေးနွေးပူးပေါင်းဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ ရေကြီးရေလျှံမှု အချိန်ကာလကြာမြင့်နေမည်ဆိုပါက လူများ၏နေထိုင်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထိခိုက်မှုများ ပိုမိုများပြားစေမည်ဖြစ်သဖြင့် ရေကျော်စီးဝင်ခဲ့သည့်ရေများ အမြန်ပြန်လည်ကျဆင်းနိုင်ရေး ရေဆင်းလမ်းကြောင်းများစနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုမိုးရာသီကာလအတွင်း တာတမံမြေနိမ့်ကျမှုများ ထပ်မံမဖြစ်ပေါ်စေရေးအတွက်လည်း လိုအပ်သည့်မြေပြင်ကွင်းဆင်းစစ်ဆေး တိုင်းတာခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုတင်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ဖြည့်စွက်မှာကြားသည်။
မကြာသေးမီ ကာလအတွင်းက ငဝန်ရေကာတာနိမ့်ကျ၍ ရေကျော်စီးဝင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ လူသားတို့အနေဖြင့် သဘာဝဘေးအန္တရာယ်ကို ရှောင်လွှဲ၍ မရနိုင်သော်လည်း လူတို့၏လုပ်ဆောင်ချက်များဖြင့် ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများကိုအတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ပြီး သဘာဝဘေးအန္တရာယ် မလွဲမသွေ ရင်ဆိုင်ကြုံတွေ့လာရပါကလည်း ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မည်ကဲ့သို့ အဆင့်အလိုက် ဆောင်ရွက်ရမည်ကိုလည်း သိရှိနားလည်ကြရန်လိုကြောင်း၊ မိမိယခုလာရောက်ခဲ့ခြင်းသည်လည်း ယခုကြုံတွေ့နေရသည့် သဘာဝဘေးဒဏ်ကိုကျော်လွှားနိုင်ရေး မည်သို့ဆောင်ရွက်ရမည်ကို သိရှိလို၍ လာရောက် ကြည့်ရှုစစ်ဆေးခြင်းပင်ဖြစ်ကြောင်း၊ မြစ်များ၊ မြစ်လက်တက်များ၊ ချောင်းများ အားလုံး၏ ရေစီးရေလာမှုနှင့် ရေဝင်ရေထွက်မှုများ၊ မြစ်ကြမ်းခင်း Bed level များအား စဉ်ဆက်မပြတ် သုတေသနပြုမှတ်တမ်းတင်ခြင်း၊ ဆန်းစစ်လေ့လာခြင်း၊ လိုအပ်သည့် ရေကြောင်းပြုပြင်ထိန်းသိမ်းခြင်းနှင့် နုန်းဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း စသည်ဖြင့် ရေကြီးရေလျှံမှုကြောင့် သဘာဝဘေးဒဏ်ဖြစ်ပွားမှုကို ကြိုတင်တားဆီးကာကွယ်လျှော့ချခြင်းများဆောင်ရွက်နိုင်ကြောင်း၊ သို့ဖြစ်၍ ဆည်မြောင်းနှင့်ရေအရင်းအမြစ်ထိန်းသိမ်းရေးဆိုင်ရာတာဝန်ရှိသူများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စနစ်တကျစဉ်ဆက်မပြတ် လေ့လာဆန်းသစ်သုံးသပ်စောင့်ကြည့်ဆောင်ရွက်နေကြရန်လိုကြောင်း။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွင်း ပင်လယ်ရေငန်ဝင်ရောက်မှုမှ ကာကွယ်နိုင်ရန်နှင့် မြစ်အထက်ပိုင်းမှ စီးဆင်းလာသည့် ရေများအားလုံး လူနေထိုင်ရာနေရာများ သို့ဝင်ရောက်မှုမရှိဘဲ ရေစီးကြောင်းအတိုင်းစီးဆင်းသွားနိုင်ရေး စနစ်တကျသုတေသန ပြုဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ မြစ်ချောင်းများ၏မြစ်ကြမ်းခင်း Bed Level များကို စောင့်ကြည့်ပြုပြင်ထိန်းသိမ်းဆောင်ရွက်မည်ဆိုပါက ရေငံဝင်ရောက်မှုများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ရေငံဝင်ရောက်ခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းများကို ထိခိုက်စေနိုင်ကြောင်း၊ ထို့ကြောင့် ရေငံတားတာများ တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ မြစ်ချောင်းများ၌ Low Head Dam များဆောက်လုပ်ခြင်းဖြင့်လည်း ရေငံဝင်ရောက်မှုကို လျှော့ချနိုင်ကြောင်း၊ မြေအနိမ့်အမြင့်အပေါ်မူတည်၍ အပိုင်းလိုက် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ငွေကြေး ကုန် ကျမှုများပြားနိုင်သော်လည်း ရေရှည်တွင်ပြန်လည်ရရှိမည့်အကျိုးကျေးဇူးများကိုကြည့်၍ စနစ်တကျတွက်ချက်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း။
ပုသိမ်မြစ်နှင့်ပတ်သက်၍ ရှေးယခင်က ပုသိမ်မြစ်အတွင်းသို့ သင်္ဘောကြီးများ ဝင်ထွက်သွားလာဆိုက်ရောက်နိုင်ခဲ့ကြောင်း၊ ယခုအခါ Bed Level များမြင့်တက်လာမှု ကြောင့် သင်္ဘောကြီးများဝင်ရောက်နိုင်မှုနည်းပါးလာကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှထွက်ရှိသည့် ထွက်ကုန်ပစ္စည်းများကို ပုသိမ်မြစ်ကြောင်းမှတစ်ဆင့် သင်္ဘော ကြီးများဖြင့် သယ်ယူပို့ဆောင်နိုင်ကြောင်း၊ အလားတူ ပြည်တွင်းအတွက်လိုအပ်သည့် ပစ္စည်းများကို ပုသိမ်မြို့ဆိပ်ကမ်းမှတစ်ဆင့် ဆောင်ရွက်နိုင်ခြင်းကြောင့် မိမိတို့နိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ်ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် သဘာဝမှပေးထားသည့် မြေနှင့်ရေကို အကျိုးရှိရှိ အသုံးချနိုင်မည်ဆိုပါက အကျိုးကျေးဇူးများစွာရရှိစေနိုင်မည်ဖြစ်ကြောင်း၊ အဖိုးတန်ရေချိုကို အကျိုးရှိအောင်သုံးစွဲနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ စိုက်ပျိုးမြေနေရာများသို့ ရေငန်များ ဝင်ရောက်မှုမရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြစ်များအတွင်း သွားလာရေးအတွက် အသုံးပြုနိုင်သကဲ့သို့ မြစ်ရေတင်စီမံကိန်းများဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်ကြောင်း၊ ထိုသို့ စိုက်ပျိုးရေးအတွက် လိုအပ်သည့်ရေချိုများရရှိရေးဆောင်ရွက်ရာတွင် မြစ်ချောင်းများအတွင်း ရေငံဝင်ရောက်မှုများမရှိအောင် စနစ်တကျဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရေချိုများရရှိစေရေး နွေရာသီကာလတွင်နေရောင်ခြည်စွမ်းအင်သုံးလျှစ်စစ်မြစ်ရေတင်လုပ်ငန်းများ ဖြင့် ဆောင်ရွက်သွားနိုင်ကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက် နိုင်သည်များရှိသကဲ့သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်ပေးခြင်းနှင့် တောင်သူ များအနေဖြင့် သမဝါယမစနစ်ဖြင့် စုပေါင်းဆောင်ရွက်၍ရကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မိမိတို့နိုင်ငံ၏ GDP မြင့်မားသည့် တိုင်းဒေသကြီး ၆ ခုတွင် အမြင့်ဆုံး တွင်ရှိကြောင်း၊ ထို့ကြောင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရှိပြီးဖြစ်သည့် မြေခံရေခံ ကောင်းများကို အသုံးချ၍ GDP တိုးတက်မြင့်မားအောင်ဆောင်ရွက်ပြီး ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားကြရန်လိုကြောင်း။
လူသားအရင်းအမြစ်လိုအပ်ချက်နှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပညာတတ်လူသားအရင်းအမြစ်များ လုံလောက်စွာရှိပြီးဖြစ်သဖြင့် လူသားအရင်းအမြစ်များကို အရည်အသွေးပိုမိုမြင့်မားလာစေရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ကမ္ဘာပေါ်ရှိဖွံ့ဖြိုးသည့်နိုင်ငံများသည် ပညာတတ်များပေါကြွယ်ဝသည့် နိုင်ငံများဖြစ်ကြကြောင်း၊ ထို့ကြောင့် ပညာတတ်များ ပေါကြွယ်ဝစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုသဖြင့် ပညာရေးကိုအားပေးဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်မှလည်း အဘက်ဘက်မှဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ဒေသတွင်း နေထိုင်ကြသူများကလည်း ကြိုးစား၍ ဒေသတိုးတက်အောင်ဆောင်ရွက်ကြစေလိုကြောင်း။နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရာတွင် မိမိတို့ဒေသအလိုက် ပထဝီဝင်အနေအထားအရ ပေးအပ်ထားသည့် အရင်းအမြစ်များအား အကျိုးရှိစွာ အသုံးချနိုင်ရေးတို့နှင့်ပတ်သက်၍ သာမာန်အားဖြင့် စဉ်းစားဆောင်ရွက်၍မရဘဲ အမြင်ကျယ်ကျယ်နှင့် ဘက်ပေါင်းစုံမှ စဉ်းစားတွေးခေါ် ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည် ထောင်စုအဆင့်မှ မူဝါဒချမှတ် တွန်းအားပေး၍ ဆောင်ရွက်ခြင်းမျိုးမဖြစ်စေလိုဘဲ မိမိတို့ တာဝန်ယူထားရသည့်ဒေသအလိုက် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကောင်းရာကောင်းကျိုးများကို လုပ်၍ရသည့်နည်းလမ်းများဖြင့် စေတနာထားကြိုးပမ်းဆောင်ရွက်၍ဒေသနှင့် နိုင်ငံ၏အကျိုးကို ဖော်ဆောင်သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကန်ကြီးထောင့်မြို့နယ်၊ ငပုတောမြို့နယ်နှင့် သာပေါင်းမြို့နယ်တို့အား ရဟတ်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
