မျိုးဆက်သစ်ကျောင်းသားလူငယ် မောင်မယ်များအနေဖြင့် နိုင်ငံတော်၏သမိုင်းနှင့်တပ်မတော်၏ သမိုင်းကြောင်းများကိုလေ့လာသိရှိပြီး အသိပညာဗဟုသုတများစွာရရှိစေရန်၊ ကျောင်းသားတစ်ဦးချင်းစီ၏ ပြင်ပလေ့လာမှတ်သားနာယူမှု စွမ်းရည်တိုးတက်စေရန်၊ တပ်မတော်၏လုပ်ငန်းတာဝန်များ၊ သမိုင်းမှတ်တမ်းကောင်းများ၊ တီထွင်ဆန်းသစ်မှုများကိုကြည့်ရှုလေ့လာပြီး ကျောင်းသားလူငယ်များ၏ အနာဂတ်ရည်မှန်းချက်များပေါ်ထွက်လာစေရန်၊ တပ်မတော်အကြီးအကဲများ၏ နိုင်ငံတော်နှင့်တပ်မတော်အပေါ် ထားရှိသောစေတနာနှင့်တပ်မတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော ရည်မှန်းချက်များကိုသိရှိစေရန်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေပြီး အားကျအတုယူလိုသည့်စိတ်များဖြစ်ပေါ်လာစေရန်၊ သင်ရိုးညွှန်းတမ်းပါသင်ခန်းစာများကိုအထောက်အကူပြုစေရန်နှင့်နိုင်ငံ့အကျိုးသယ်ပိုးရွက်ဆောင်လိုသည့် ရည်မှန်းချက်ကောင်းများထားရှိတတ်စေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေးစီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ပေးမှုကြောင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာအလယ်တန်းကျောင်း(လေသာ)မှ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာကြသည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်းမှတ်တမ်းရုပ်ရှင် ကြည့်ရှုကြသည်။ ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များပြသထားမှုတို့ကိုရှင်းလင်းပြောကြားပြီး ပြခန်းများအလိုက်တာဝန်ရှိသူများက တပ်မတော်(ကြည်း)ပြကွက်၊ တပ်မတော်(ရေ)ပြကွက်၊ တပ်မတော်(လေ)ပြကွက်များ၌ ခင်းကျင်းပြသထားမှုများကို အသေးစိတ်လိုက်လံရှင်းလင်းပြသရာ ကျောင်းသား၊ ကျောင်းသူများကစိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြည့်ရှု၍ သိရှိလိုသည်များကိုမေးမြန်းကြရာ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက်တွင် ခင်းကျင်းပြသထားသည့် ပြင်ပပြကွက်များဖြစ်သည့် တပ်မတော်(ကြည်း)ပြင်ပပြကွက်တွင် ဒုတိယကမ္ဘာစစ်နှင့်စစ်ပြီးကာလတို့တွင် အသုံးပြုခဲ့သော အမြောက်နှင့်သံချပ်ကာယာဉ်များ၊ တပ်မတော် (ရေ)ပြင်ပပြကွက်တွင် စစ်ရေယာဉ်ပုံစံတူများနှင့်လက်နက်များ၊ တပ်မတော်(လေ)ပြင်ပပြကွက်တွင် ခေတ်အဆက်ဆက်အသုံးပြုခဲ့သော တပ်မတော်လေယာဉ်များကိုစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
