နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင်ချာဝီရကွန်၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit)သွားရောက်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ဗန်ကောက်မြို့၊ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှမြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာကြသည်။ 

နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များအား   ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင်ချာဝီရကွန် ဦးဆောင်သည့် ထိုင်းနိုင်ငံအဆင့်မြင့်အရာရှိကြီးများနှင့်  တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ  မြန်မာနိုင်ငံသံအမတ်ကြီး   ဦးဇော်ဇော်စိုးနှင့်ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ဗိုလ်မှူးချုပ် ဝင်းသူလင်းနှင့်တာဝန်ရှိသူများက လေဆိပ်၌ရင်းနှီးနွေးထွေးစွာပို့ဆောင်နှုတ်ဆက်ကြသည်။

ထိုသို့ပို့ဆောင်နှုတ်ဆက်စဉ်  ထိုင်းဘုရင့်တပ်မတော်ဂုဏ်ပြုတပ်ဖွဲ့မှလည်း ကော်ဇောနီ၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူအလေးပြု၍ ဂုဏ်ပြုနှုတ်ဆက်ကြသည်။ 

နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါသွားကြသည့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးကိုကိုလွင်၊ ဦးခင်မောင်စိုး၊ ဦးထွန်းအုံ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာကြသည်။

နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံအမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌတို့နှင့်တွေ့ဆုံခြင်း၊ မြန်မာ-ထိုင်း စီးပွားရေးဖိုရမ်သို့တက်ရောက်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံနှင့်နှစ်နိုင်ငံပြည်သူများအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ပုဂ္ဂလိကကဏ္ဍအချင်းချင်းတို့၌ စီးပွားရေး၊ ကုန်သွယ်ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးတို့အပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေး၊ ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများနှင့်လုပ်သားများ၏အခွင့်အရေးများ အပြည့်အဝရရှိရေးနှင့်ဥပဒေပိုင်းအရ အကာအကွယ်ပေးနိုင်ရေးတို့ကိုဆွေးနွေးဆောင်ရွက်နိုင်ခဲ့ပြီး နှစ်နိုင်ငံအကြားရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့်ဆက်ဆံမှုတို့ကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ပြင် နိုင်ငံတော်သမ္မတ၏ ယခုထိုင်းနိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များအတွက် ကဏ္ဍသစ်ဖွင့်လှစ်ပေးနိုင်ခဲ့သော ခရီးစဉ်တစ်ခု၊ မြန်မာနိုင်ငံသားများအထူးသဖြင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအတွက် အဓိပ္ပာယ်ပြည့်ဝသောခရီးစဉ်တစ်ခုဖြစ်ခဲ့ပြီး နှစ်နိုင်ငံနှင့်နှစ်နိုင်ငံပြည်သူများအတွက် အကျိုးရှိစေမည့် နားလည်မှုစာချွန်လွှာနှင့်သဘောတူညီချက်များကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *