ဟင်းချက်ဆီဆိုတာ နေ့စဉ် မီးဖိုချောင်ကို ဝင်နေရတဲ့ အိမ်ရှင်မတွေနဲ့ ခွဲခြားလို့ မရတဲ့အရာဖြစ်ပါတယ်။ ချက်ပြုတ်စီမံမှုတိုင်းမှာ ဟင်းချက်ဆီကတော့ အနည်းနဲ့ အများဆိုသလို မဖြစ်မနေပါဝင်နေတဲ့အရာပါ။ ဟင်းချက်ဆီတွေကို အကြမ်းဖျဉ်းအားဖြင့် အပင်၊ အသီးအနှံ၊ တိရိစ္ဆာန်နဲ့ လူလုပ်အဆီတွေကနေ ဖန်တီးထုတ်လုပ်တာဖြစ်ပါတယ်။ ဟင်းချက်ဆီအမျိုးအစား အမျိုးမျိုးရှိပြီးတော့ တစ်ချို့သော အဆီတွေဟာ မပျော်ဝင်နိုင်တဲ့အဆီတွေပါဝင်ပါတယ်။ တစ်ချို့မှာတော့ မပါဝင်ပါဘူး။ ဒီအချက်ပေါ်မူတည်ပြီး ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိတယ် / မရှိဘူး ကွဲပြားသွားတာဖြစ်ပါတယ်။
သံလွင်ဆီ၊ ပဲပိစပ်ဆီ၊ ကာနိုလာဆီ( ကာနိုလာပန်းမုန်ညင်းပင် (Brassica napus) အစေ့မှ ထုတ်ယူရရှိသော ဟင်းချက်ဆီ)၊ MCT ဆီ (medium-chain triglycerides) ၊ ထောပတ်သီးဆီ၊ နှမ်းကြတ်ဆီ၊ ဗာဒံဆီ၊ သစ်ကြားသီးဆီ၊ နေကြာဆီ၊ ပြောင်းဖူးဆီနဲ့ မြေပဲဆီစတာတွေဟာ မပြည့်ဝဆီ ( unsaturated fat) ပါဝင်တာမို့ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။
အုန်းဆီ၊ စားအုန်းဆီနဲ့ စားအုန်းအနှစ်ဆီတွေကတော့ ပြည့်ဝဆီ( saturated fat) ပါဝင်နေတာမို့ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။
ဘာလို့ ဆီနဲ့ ချက်ပြုတ်ကြသလဲ
ဆီဟာ အစားအစာတွေကို နူးညံ့ပြီး အရသာရှိစေဖို့ မဖြစ်မနေလိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာလည်း အဆီကို ပမာဏတစ်ခုနဲ့ လိုအပ်ပါတယ်။
ဟင်းချက်ဆီကို နည်းမှန်လမ်းမှန် အသုံးချမယ်ဆိုရင် ဒါတွေကို ဂရုပြုရပါမယ်။
၁။ ဆီတိုင်းမှာ “smoke point” ဆိုတာ ရှိပါတယ်။ မြန်မာအခေါ်အရဆိုရင်တော့ ဆီကျက်ချိန်ကိုပြောတာဖြစ်ပါတယ်။ များသောအားဖြင့် ၂၀၀ ဒီဂရီ ဖာရင်ဟိုက်ကနေ ၄၀၀ ဒီဂရီ ဖာရင်ဟိုက်အကြားမှာ ရှိပါတယ်။
၂။ ဆီကို ကျက်အောင်တည်ဖို့ သတိထားရပါမယ်။ ဆီကျက်မှ ကိုယ်ထည့်ချင်တဲ့ အရာတွေကို ဆက်ထည့်ဖို့ လိုအပ်ပါတယ်။ ချက်ပြီးရင်လဲ အိုးထဲမှာ ဟင်းကို အအေးခံပါနဲ့။ ပန်းကန်ထဲလှယ်ထည့်ပြီးမှ အအေးခံပါ။
၃။ မုန့်ဖုတ်တဲ့အခါမျိုးမှာ ဆီတိုင်းက အသုံးမတည့်ပါဘူး။ သံလွင်ဆီ၊ မြေပဲဆီနဲ့ ကာနိုလာဆီတွေဟာ မုန့်ဖုတ်ရာမှာ အသုံးတည့်ပါတယ်။ ဆော့စ်တွေ၊ sautés တွေနဲ့ မီးအေးအေးနဲ့ ဖုတ်ရတဲ့ မုန့်တွေ လုပ်ဖို့ဆိုရင်တော့ နှမ်းဆီတို့၊ ပဲပိစပ်ဆီတို့၊ သစ်ကြားသီးဆီတို့က ပိုသင့်လျော်ပါတယ်။
၄။ အသုပ် သုပ်ရာမှာ သုံးမယ်ဆိုရင် သံလွင်ဆီ၊ နှမ်းဆီ၊ ထောပတ်သီးဆီနဲ့ သစ်ကြားသီးဆီတွေကို သုံးသင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ဆိုရင် ဆီ ၃ ဆ သံပုရာရည် ၁ ဆ အချိုးနဲ့ ရောနှောအသုံးပြုဖို့ပါပဲ။
၅။ တချို့က ဆီအစား ထောပတ်သုံးကြပါတယ်။ ထောပတ်သုံးရာမှာ Salted ဖြစ်တဲ့ ထောပတ်နဲ့ Unsalted ထောပတ်ဆိုပြီး ရွေးချယ်စရာ ၂ ခု ရှိပါတယ်။ တကယ်တမ်းမှာ လူသုံးများတာက အရသာပိုရှိတဲ့ Salted ထောပတ်ဖြစ်ပေမယ့် ကျန်းမာရေးနဲ့ ပိုသင့်လျော်တာက Unsalted ထောပတ်ပါ။
၆။ ဆီထည့်မယ်ဆိုရင် တိတိကျကျ တိုင်းထွာပါ။ ဆီကို ခန့်မှန်းပြီး ထည့်ကြတာများပါတယ်။ သေသေချာချာ တိတိကျကျ တိုင်းထွာပြီးထည့်တာမျိုး အလေ့အထက နည်းပါးကြပါတယ်။ တကယ်တမ်းမှာတော့ ဟင်းချက်ဆီတွေကို တိတိကျကျ ချိန်ဆ သုံးစွဲသင့်ပါတယ်။ ဒီအလေ့အထဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေသလို အလေအလွင့် နည်းပါးစေတဲ့ အေ့လအထတစ်ခုဖြစ်ပါတယ်။
