ကေဇက်ဟိန်း( PPIB )
ယနေ့သည် နိုင်ငံတော်အကြီးအကဲနှင့်ဇနီး ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ဗီယက်နမ် နိုင်ငံခရီးစဉ် ဒုတိယနေ့ပဲဖြစ်ပါတယ်။ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံမှုအပြင် အခြားသောနိုင်ငံရဲ့ အရေးပါသူများနဲ့ တွေ့ဆုံမှုတွေလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။ ခရီးစဉ်ရဲ့ အရေးကြီးဆုံးနေ့ရက် တစ်ရက်လို့ ဆိုရမှာပါပဲ။ နှစ်နိုင်ငံခေါင်းဆောင်တွေချင်းတွေ့ဆုံရာမှာပြောတဲ့ ဆွေးနွေးချက်များဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို အခြေခံပြီးကဏ္ဍစုံထိ တစ်စတစ်စကျယ်ပြန့်သွားတဲ့အပြင် ဒေသတွင်းကနေ ကမ္ဘာ့မျက်နှာစာထိ ကျယ်ပြန့်သွားတတ်တဲ့ သဘောကိုစာရေးသူ မကြာခဏတွေ့မြင်ခဲ့ရပါတယ်။
မည်သို့သောသဘောတူညီမှုများ ရရှိသွားမလဲ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများရဲ့ အရှိန်အဟုန်ဘယ်လောက်ထိ တိုးမြှင့်သွားနိုင်မလဲ၊ ဘယ်လိုကဏ္ဍသစ်တွေဖော်ဆောင်သွားနိုင်ဦးမလဲ၊ ဒါတွေကတစ်ဆင့် နှစ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် ပူးပေါင်းနိုင်မှုအောင်ပွဲကို ဘယ်လိုတက်လှမ်းသွားနိုင်မလဲ စတဲ့မေးခွန်းပေါင်းများစွာဟာ စာရေးသူရဲ့စိတ်ထဲ ပဲ့တင်ထပ်လို့နေပါတယ်။ စာရေးသူလည်း နိုင်ငံတော်အကြီးအကဲနှင့် ဇနီးဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့လိုက်ပါတဲ့ အထူးယာဉ်တန်းနဲ့ လိုက်ပါရင်း ခရီးစဉ်ဒုတိယရက်ကို စတင်ခဲ့ရပါတော့တယ်။
ဟနွိုင်းမြို့ရှိ အမျိုးသားသူရဲကောင်းများနှင့် အာဇာနည်များဗိမာန်၊ ဟိုချီမင်းဂူဗိမာန်တို့၌ လွမ်းသူ့ပန်းခွေချအလေးပြု
နိုင်ငံတော်အကြီးအကဲနှင့် ဇနီးဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့လိုက်ပါလာတဲ့ အထူးယာဉ်တန်းဟာ ဟနွိုင်းမြို့ရှိ အမျိုးသားသူရဲကောင်းများနှင့် အာဇာနည်များဗိမာန်၊ ဟိုချီမင်းဂူဗိမာန်တို့ဆီသို့ စတင် ခရီးဆက်ခဲ့ပါတယ်။
နိုင်ငံတော်အကြီးအကဲဟာ ပြည်ပခရီးစဉ်တွေတိုင်းမှာ နိုင်ငံတွေရဲ့သမိုင်းကြောင်း၊ နိုင်ငံအတွက် အသက်စွန့် ကြိုးပမ်းခဲ့သူတွေအတွက် အလေးအမြတ်ထားရာ သူရဲကောင်းဗိမာန်တွေကို သွားရောက်ဂုဏ်ပြုမြဲ၊ အလေးအမြတ် ပြုမြဲဖြစ်ပါတယ်။ သူရဲကောင်းဗိမာန်တွေဟာ နိုင်ငံတော်တွေရဲ့ သမိုင်းကိုလေးမြတ်စွာ ကမ္ပည်းရေးထိုးနိုင်သူတွေ၊ နိုင်ငံနှင့် လူမျိုးအတွက် အသက်စွန့်ဝံ့သူတွေကိုအသိအမှတ်ပြုထားတဲ့ အထိမ်းအမှတ်နေရာတွေပဲဖြစ်ပါတယ်။ နိုင်ငံ့ ခေါင်းဆောင်တိုင်းက အပြန်အလှန်သွားရောက်တိုင်းအလေးအမြတ်ပြုမြဲပါ။ နိုင်ငံတော်အကြီးအကဲနှင့် ဇနီးဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ သူရဲကောင်းဗိမာန်မှာ ကျဆုံးလေပြီးသော အမျိုးသားသူရဲကောင်းများနှင့် အာဇာနည်များဗိမာန်၊ ဟိုချီမင်းဂူဗိမာန်တို့မှာ ဂုဏ်ပြုတပ်ဖွဲ့၏ ဂါရဝပြုတီးမှုတ်မှုများနဲ့အတူ လွမ်းသူ့ပန်းခွေချခြင်း များကို ဆောင်ရွက်ခဲ့ပါတယ်။ ဒါဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံသမိုင်းကိုလေးစားမှု၊ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ သမိုင်းနေ့ရက် များကို ထပ်တူလေးစားဂုဏ်ယူနေမှုစတဲ့ စိတ်နှလုံးသားတွေရဲ့ ပြယုဂ်တစ်ခုပါပဲ။


ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ တိုလန်းနှင့်ဇနီးတို့က ဂုဏ်ပြုကြိုဆို
ကြည်လင်သာယာသော ကောင်းကင်ပြင်ကြီးက ဟနွိုင်းမြို့ပြတစ်ခုလုံးကို လွှမ်းခြုံထားသည့်နှယ်။ ကြည်လင်တဲ့ ရာသီသဘာဝ၊ ဟနွိုင်းမြို့ပြရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုပုံရိပ်တို့ဟာ လိုက်ဖက်ညီနေပါတယ်။ မြို့ပြပုံရိပ်အစုံစုံတို့က စာရေးသူတို့ကို လက်ပြနှုတ်ဆက်နေသလိုပင်။ နိုင်ငံတော်အကြီးအကဲနှင့်ဇနီးဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာတဲ့ အထူးယာဉ်တန်းဟာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာတိုလန်းနှင့် ဇနီးတို့ ကြိုဆိုမည့်နေရာသို့ ရောက်ရှိကာနီးပါ ပြီ။ မကြာမီဆိုသလိုပဲ အထူးယာဉ်တန်းဟာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့ရှိ အမျိုးသားလွှတ်တော်(National Assembly Building)ရှေ့ရင်ပြင်ကို ရောက်ရှိခဲ့ပါတယ်။
ကြိုဆိုပွဲအခမ်းအနားအတွက် ပြင်ဆင်ထားပုံက ခမ်းနားလှပါတယ်။ ရင်ပြင်ရဲ့ နေရာအချို့မှာလည်း နှစ်နိုင်ငံ အလံတွေကို လွှင့်ထူထားပါသေးတယ်။ နှစ်နိုင်ငံအလံများကို LED Board ဖြင့် ပြသထားရှိမှုဟာလည်း နှစ်နိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးမှု ခိုင်မာနေခြင်းကို ပြသထားသလိုခံစားမိပါတယ်။ ရှေ့ရင်ပြင်ပေါ်မှာလည်း ကော်ဇောနီလျှောက်လမ်းများနဲ့အတူ ဂုဏ်ပြုတပ်ဖွဲ့များကလည်း အသင့်စောင့်ဆိုင်းလို့နေပါတော့တယ်။ အထူးယာဉ်တန်းဟာ အမျိုးသား လွှတ်တော်ရှေ့ရင်ပြင်ကိုရောက်ရှိတာနဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ဇနီးတို့ကို ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာတိုလန်းနှင့်ဇနီးတို့က ရင်းရင်းနှီးနှီးနဲ့ ကြိုဆိုနှုတ်ဆက်ကြပါတယ်။ နှစ်နိုင်ငံအကြီးအကဲချင်း သာမက အကြီးအကဲနှစ်ဦးရဲ့ ဇနီးနှစ်ဦးပါ တွေ့ဆုံခွင့်ရခြင်းဟာ သံတမန်ဆက်ဆံရေးဆိုတဲ့အဆင့်ထက် ကျော်လွန်တဲ့ ရင်းနှီးကျွမ်းဝင်မှုတွေကို ပြသပုံဖော်ပေးထားသလိုလည်း စာရေးသူခံစားမိပါတယ်။
အဲ့ဒီနောက်မှာတော့ နိုင်ငံတော်သမ္မတနှစ်ဦးဟာ အလေးပြုခံစင်မြင့်ထက်မှာနေရာယူပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူခဲ့ပါတယ်။ ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံနိုင်ငံတော်သီချင်းများနဲ့ ဂုဏ်ပြုအလေးပြုပြီးနောက်မှာတော့ နှစ်နိုင်ငံသမ္မတနှစ်ဦးဟာ ဂုဏ်ပြုတပ်ဖွဲ့များကို ကော်ဇောနီလျှောက်လမ်းများအတိုင်း လမ်းလျှောက်စစ်ဆေးခဲ့တာကို လည်း တွေ့မြင်ခဲ့ရပါတယ်။ အခမ်းအနားပြီးမြောက်ချိန်မှာတော့ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုကို စတင်ပါတော့တယ်။
နှစ်နိုင်ငံသမ္မတနှစ်ဦးရဲ့ တွေ့ဆုံဆွေးနွေးမှုရဲ့အဓိကအကြောင်းအရာများကို လေ့လာကြည့်ကြပါမယ်။ ဒါတွေ ကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုဆိုင်ရာများ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာများ၊ စက်မှုကဏ္ဍနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍများ၊ ပညာရေး၊ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဆိုင်ရာများ၊ လူမှုရေးနှင့် အမျိုးသမီးရေးရာကဏ္ဍများ၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုဆိုင်ရာများ၊ ခရီးသွားလုပ်ငန်းနှင့် လေကြောင်းဆက်သွယ်မှုဆိုင်ရာများ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးဆိုင်ရာ များ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ စတဲ့အချက်တွေကို အကျယ် တဝင့်နဲ့ ရင်းနှီးနွေးထွေးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်။
မိမိတို့ နိုင်ငံအကြီးအကဲအနေနဲ့ ဗီယက်နမ်နိုင်ငံခရီးစဉ်များကို ပြန်ကြည့်ရင် (၃) ကြိမ်တိုင်တိုင်ရောက်ခဲ့ဖူး ပါတယ်။ သမ္မတတာဝန်ယူပြီးအချိန်ဆိုရင်တော့ ဒီခရီးစဉ်ဟာ ပထမဆုံးအကြိမ်ပဲဖြစ်ပါတယ်။ နှစ်နိုင်ငံသမ္မတ နှစ်ဦး ဆွေးနွေးနေချိန်မှာ စာရေးသူ မြင်မိတာလေးတွေရှိပါတယ်။ နှစ်နိုင်ငံသမ္မတနှစ်ဦးဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့မှာကျင်းပခဲ့တဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ် (၈၀)ပြည့်အထိမ်းအမှတ်အခမ်းအနားမှာ တွေ့ဆုံခဲ့ဖူးပြီး ဒီတစ်ကြိမ် ပြန်ဆုံတွေ့ရတဲ့အပေါ် နှစ်ဖက်စလုံးက တခုတ်တရပြောဆိုကြပါတယ်။ သာမန်ဆက်ဆံရေးမဟုတ်ဘဲ မိတ်ဟောင်းဆွေဟောင်းတွေ ပြန်လည်တွေ့ဆုံတဲ့အခါမျိုးမှာ မြင်ရတတ်တဲ့ မြင်ကွင်းမျိုးပါ။
ဒါ့အပြင် နိုင်ငံတော်အကြီးအကဲရဲ့ ဦးဆောင်မှုနဲ့အတူ နိုင်ငံတော်မှာကျင်းပနိုင်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲနဲ့ အတူ အစိုးရသစ်တစ်ရပ်ပေါ်ထွန်းလာမှု၊ နိုင်ငံတကာဆက်ဆံရေးနှင့် ဒေသတွင်းနိုင်ငံများနဲ့ ဆက်ဆံရေးတိုးမြှင့် တည်ဆောက်နိုင်မှု၊ နှစ်နိုင်ငံရဲ့ဖြတ်သန်းခဲ့ရတဲ့ သမိုင်းပုံရိပ်များတူညီမှုနဲ့အတူ ရင်းနှီးကျွမ်းဝင်မှုပိုမိုရှိတယ်ဆိုတဲ့ အကြောင်းကို ဗီယမ်နမ်သမ္မတကြီးက အလေးအနက်ထားပြောခဲ့တာကိုတွေ့ရပါ တယ်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အနေနဲ့လည်း ဗီယက်နမ်နိုင်ငံပြည်သူများရဲ့ လွတ်လပ်ရေးနှင့် အမျိုးသားပြန်လည်ပေါင်းစည်းရေးအတွက် ကြိုးပမ်းခဲ့မှု၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် အထူးလေးစားကြောင်းကို တခုတ်တရပြန်လည်ပြောဆိုခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ စစ်ပွဲနဲ့ အရေးယူပိတ်ဆို့ကန့်သတ်မှုတွေကြားက ရုန်းထပြီး ယခုလိုအလျင်အမြန် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာမှုကိုလည်း နိုင်ငံတော်အကြီးအကဲက အလေးအနက်ထားပြီး ချီးကျူးခဲ့ပါသေးတယ်။ ဒီလေးစား ဂုဏ်ယူမှုဟာ လက်ရှိဗီယက်နမ်သမ္မတလက်ထက် တစ်ခုတည်းတင်မဟုတ်ဘဲ ခေတ်အဆက်ဆက် ခေါင်းဆောင်များရဲ့ စွမ်းရည်ကိုလေးစားဂုဏ်ယူကြောင်း ပြသခဲ့တာပဲဖြစ်ပါတယ်။
ဒါ့အပြင် မိမိတို့နိုင်ငံရဲ့အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီနှင့် ပြည်သူအချင်းချင်း ထိဆက်ဆံရေးတွေ တိုးမြှင့်သွားဖို့၊ နှစ်နိုင်ငံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကတစ်ဆင့် နိုင်ငံတော်ရဲ့ စီးပွားရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးမှာလည်း ပူးပေါင်းဆောင်ရွက်သွားဖို့ အလေးထားဆွေးနွေးကာ ရလဒ်တစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပါသေးတယ်။
“မြန်မာ-ထိုင်း-လာအို-ဗီယက်နမ် အရှေ့-အနောက်စီးပွားရေးစင်္ကြံ ပိုမိုအားကောင်းလာစေရေး လမ်းပန်းဆက်သွယ်ရေး၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး၊ ပို့ဆောင်ရေးကဏ္ဍတို့တွင် သုံးနိုင်ငံအကြား လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လိုကြောင်း၊ မြန်မာ-လာအို-ဗီယက်နမ်၊ မြန်မာ-ထိုင်း-လာအို-ဗီယက်နမ် စသည့် လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများကို အဆင့်မြှင့်တင်ပြီး မြန်မာနိုင်ငံနှင့်ချိတ်ဆက်နိုင်မည်ဆိုပါက ဒေသတွင်း ကုန်သွယ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးများစွာဖြစ်ထွန်းနိုင်မည်”
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ရဲ့ ဆွေးနွေးမှုများကထဲက စီးပွားရေးစင်္ကြံ လမ်းကြောင်းကိစ္စကို ထုတ်နှုတ် တင်ပြတာပဲဖြစ်ပါတယ်။ ဒီအချက်ဟာ အာဆီယံဒေသတွင်းရဲ့ စီးပွားရေးလမ်းကြောင်းအပေါ် မြန်မာရဲ့အချက်အချာ ကျမှုနဲ့ များစွာသက်ဆိုင်နေပါတယ်။ မိမိတို့နိုင်ငံဟာ မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။ ဒီလမ်းနဲ့ချိတ်ဆက်ပြီး ဗီယက်နမ်ဟာ လာအိုနဲ့ မြန်မာကတစ်ဆင့် အိန္ဒိယကိုထွက်ပေါက်တစ်ခုရနိုင်သလို တောင်အာရှနဲ့ အနောက်ဘက်ဈေးကွက်လမ်းကြောင်း ရရှိနိုင်မှာပါ။ မြန်မာဟာ ဗီယက်နမ်အတွက် Land Bridge တစ်ခုဖြစ်သလို မြန်မာအတွက်လည်း လာအို-ဗီယက်နမ်ကတစ်ဆင့် အရှေ့အာရှ ဈေးကွက်ကို ချိတ်ဆက်သွားနိုင်မှာပဲဖြစ်ပါတယ်။ Land Bridge အပေါ် အခြေခံထားတဲ့ စီးပွားရေးစင်္ကြံကိုတွေ့ရမှာပါ။
တစ်ယောက်တည်းအားထက် ပူးပေါင်းမှုစွမ်းအားက ပိုပြီးကောင်းပါတယ်။ စီးပွားရေးစင်္ကြံလမ်းကြောင်းတွေကို နိုင်ငံတော်အကြီးအကဲက ပြည်ပခရီးစဉ်တိုင်းမှာ ဆွေးနွေးဖြစ်တာကို တွေ့မြင်ရမှာပါ။ တစ်နေရာတည်းကနေ လမ်းကြောင်းတစ်ခုတည်းနဲ့ ပုံသေတွက်ချက်သွားလာနေမယ်ဆိုရင် အမှတ်မထင်တဲ့ အခင်းအကျင်းပြောင်းလဲမှုတွေက ကြီးမားတဲ့အဟန့်အတား အကျပ်အတည်းကို ဖြစ်ပေါ်စေပါတယ်။ ယနေ့ ကမ္ဘာ့ဖြစ်စဉ်များက သက်သေပါပဲ။ ဒါကြောင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုမှာ စုပေါင်းအားနဲ့ ကဏ္ဍသစ်၊ မျက်နှာစာသစ်နဲ့အခင်းအကျင်းအသစ်တွေကို ဖော်ဆောင် ထားနိုင်ခြင်းသည်သာ အကောင်းဆုံးဖြစ်တာကို နိုင်ငံတော်အကြီးအကဲက အာဆီယံကို ရည်ညွှန်းပြောဆိုနေခြင်းသာ ဖြစ်ကြောင်း စာရေးသူခံစားမိပါတယ်။
“ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ဘက်စုံခိုင်မာပြီး လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်တစ်ရပ်ကို တက်လှမ်းနိုင်ရန်အသင့်ရှိပါကြောင်း၊ နှစ်နိုင်ငံအကြား နိုင်ငံရေးအရယုံကြည်မှုနှင့် အပြန်အလှန် နားလည်မှု မြှင့်တင်နိုင်ရေး၊ ကာကွယ်ရေးနှင့်လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေး၊ လူမှုရေး၊ယဉ်ကျေးမှု၊ ပညာရေးနှင့် ခရီးသွားလာရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာစာမျက်နှာတို့တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများဖြင့် ထောက်ခံ ရပ်တည်သွားနိုင်ရေး စသည့်နယ်ပယ်ပေါင်းစုံတို့၌ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့် တင်ဆောင်ရွက်သွားလိုပါကြောင်း”
ဒါကတော့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတက ပြန်လည်ပြောကြားချက်ပါပဲ။ ခရီးစဉ်ရဲ့ ရလဒ်ဟာ ဒါပါပဲ။ မိမိတို့နိုင်ငံအကြီးအကဲရဲ့ ခြေလှမ်းများနောက်ကို တစ်ချက်လေ့လာကြည့်ကြပါမယ်။ သွားခဲ့တဲ့ခရီးစဉ်တွေ နောက်ပိုင်းမှာ နိုင်ငံတော်ဒုတိယသမ္မတတွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးအဆင့်တွေဟာ အကြီးအကဲ ဖော်ဆာင်ခဲ့တဲ့ကဏ္ဍစုံအတွက် နိုင်ငံအသီးသီးကို သွားရောက်နေတာကို ယနေ့သတင်းစာမျက်နှာတွေမှာ တွေ့ကြမှာပါ။ ဒါတွေဟာ နိုင်ငံတော်အတွက်၊ နိုင်ငံသူနိုင်ငံသားတွေအတွက်ပါပဲလို့ မီးမောင်းထိုးပြလိုပါတယ်ဗျာ။ နိုင်ငံတော် အကြီးအကဲကတော့ ခရီးဆက်ဦးမှာမို့ ဆက်လေ့လာကြည့်ရအောင်ပါ။
ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဌ မစ္စတာချိန်ထန်မန်းနှင့်တွေ့ဆုံ
နိုင်ငံတော်အကြီးအကဲဟာ ပြည်ပခရီးစဉ်တိုင်းမှာ နိုင်ငံတော်ရဲ့ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့လွှတ်တော်ကဏ္ဍကိုလည်း အလေးအနက်ထားဆောင်ရွက်စမြဲဖြစ်ပါတယ်။ တွေ့ဆုံပွဲကိုတော့ ဗီယက်နမ်အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။
တွေ့ဆုံပွဲရဲ့ ရလဒ်ကိုကြည့်မယ်ဆိုရင် နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည် ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံအစိုးရအချင်းချင်း၊ တပ်မတော်အချင်းချင်း၊ ပါတီ အချင်းချင်းမှစ၍ ပြည်သူအချင်းချင်းဆက်ဆံရေးအထိ ပူးပေါင်းဆောင်ရွက်ဖို့ အဓိကထားဆွေးနွေးခဲ့တာကို တွေ့ရ ပါတယ်။
ဒါ့အပြင် ဗီယက်နမ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်ဆိုင်မှု၊ လွတ်လပ်စွာဆုံးဖြတ် ပိုင်ခွင်များကို လေးစားတန်ဖိုးထားပြီး မြန်မာအနေဖြင့် ဗီယက်နမ်နိုင်ငံအပေါ် ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေနိုင်ငံအဖြစ် မှတ်ယူနိုင်သည်ဆိုတဲ့ အဆင့်အထိ အမျိုးသားလွှတ်တော်ဥက္ကဌက ချပြဆွေးနွေးခဲ့တာကိုလည်းတွေ့ မြင်ရပါတယ်။
လွှတ်တော်နှစ်ရပ်ချင်း ပူးပေါင်းမှုမှသည် နှစ်နိုင်ငံဥပဒေပြုရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများထိ တိုးမြှင့်နိုင်မှုများအပေါ် အလေးအနက်ထား ဆွေးနွေးခဲ့တာကို တွေ့မြင်ကြားသိခဲ့ရပါတယ်။

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံဝန်ကြီးချုပ် မစ္စတာလေမင်ဟုန်နှင့် တွေ့ဆုံ
ဒီတွေ့ဆုံမှုကိုတော့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ ဟနွိုင်းမြို့ အစိုးရအဖွဲ့ရုံး(Grand Hall) မှာ တွေ့ဆုံဆွေးနွေး မှာပဲဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုမှာတော့ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်နိုင်မယ့်အခြေအနေများ၊ အစိုးရလွှတ်တော် ပြည်သူများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင် ဆောင်ရွက်မှုများ၊ ကာကွယ်ရေးနှင့်လုံခြုံရေးကဏ္ဍ၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ၊ လူမှုရေးနှင့် အမျိုးသမီးရေးရာကဏ္ဍ၊ ယဉ်ကျေးမှု၊ ခရီးသွား လာရေးနှင့် ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှုကဏ္ဍ၊ ဆက်သွယ်ရေးနည်းပညာဆိုင်ရာကဏ္ဍတို့မှာ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးတွင် ဘက်မျှပြီးဟန်ချက်ညီတဲ့ ဆက်ဆံရေးကို တည်ဆောက်သွားမည့်အခြေအနေများ၊ ဗီယက်နမ်နိုင်ငံအပါအဝင် ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာ ကိစ္စရပ်တွေကို ခင်မင်ရင်းနှီးစွာ ဆွေးနွေး ခဲ့တာကို တွေ့မြင်ရပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ Van Phuc ပိုးထည်ရွာ (Silk Village)သို့ သွားရောက်လေ့လာ
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၏ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှရဲ့ ဒုတိယမြောက် ပြည်ပခရီးစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ပထမခရီးစဉ်ဟာ လာအိုနိုင်ငံပဲဖြစ်ပါတယ်။ လာအိုနိုင်ငံခရီးစဉ်လိုက်ပါစဉ်ကလည်း လာအိုပိုးထည်တိုက်ကို သွားရောက် လေ့လာခဲ့ပါသေးတယ်။ ယခုခရီးစဉ်မှာလည်း ဗီယက်နမ်နိုင်ငံရဲ့ Van Phuc ပိုးထည်ရွာ (Silk Village)ကို သွားရောက်လေ့လာခဲ့ပြန်ပါတယ်။ ယနေ့အချိန်ထိတော့ ပိုးထည်တိုက်၊ ပိုးထည်ပစ္စည်းလုပ်ငန်းများနှင့်စပ်လျဉ်းပြီး မည်သို့အကောင်အထည်ဖော်မည်ကိုတော့ တွေးဆလို့မရနိုင်သေးပါဘူး။
ခရီးစဉ်တစ်ခုမှာ နှစ်နိုင်ငံခေါင်းဆောင်ချင်းသာမက ပါရမီဖြည့်ဖက် ဇနီးများပါ ခင်မင်ရင်းနှီးခွင့်ပေးခြင်းဟာ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုနွေးထွေးသလိုခံစားမိပါတယ်။ ယခုပုံရိပ်ဟာ အာဆီယံဒေသတွင်းကို ပြသခဲ့တဲ့ ဒုတိယမြောက် ပြကွက်တစ်ခုပမာ မြင်တွေ့ရပါတယ်။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရဲ့ Van Phuc ပိုးထည်ရွာ (Silk Village) အကြောင်း ကို လေ့လာကြည့်ရအောင်ပါ။
Van Phuc ပိုးထည်ရွာ (Silk Village)ဟာ ဗီယက်နမ်နိုင်ငံရဲ့ အထင်ရှားဆုံး ရိုးရာပိုးထည်ရက်လုပ်တဲ့ ကျေးရွာ တွေထဲက တစ်ခုပဲဖြစ်ပါတယ်။ နှစ်ပေါင်း(၁၀၀၀)ရှိတဲ့ ရိုးရာအမွေအနှစ်တစ်ခုအဖြစ် လေ့လာတွေ့ရှိခဲ့ရပါတယ်။ ပိုး မွေးမြူခြင်း၊ ပိုးချည် မျှင်ထုတ်လုပ်ခြင်း၊ ချည်မျှင်ပြင်ဆင်ခြင်း၊ ရိုးရာရက်ကန်းစင်များဖြင့် ရက်လုပ်ခြင်း၊ အရောင် ဆိုးခြင်းနှင့် နောက်ဆုံးပိုးထည်များပြုလုပ်ခြင်းတွေကို မျက်ဝါးထင်ထင်တွေ့ မြင်ခဲ့ရပါတယ်။ ထူးခြားမှုတစ်ခုကတော့ ရိုးရာလက်မှုပညာရှင်များရဲ့ မျိုးဆက်အလိုက် ရက်ကန်းပညာလက်ဆင့်ကမ်းထိန်းသိမ်းလာမှု၊ ခရီးသွားလုပ်ငန်းနှင့် ချိတ်ဆက်ဖွံ့ဖြိုးလာမှုတွေဟာ ဂုဏ်ယူစရာပဲဖြစ်ပါတယ်။
ဒီနေရာမှာ စာရေးသူကတစ်ခု မျှဝေလိုပါတယ်။ ဥပမာ ပိုးထည်ဆိုပါစို့။ ရက်လုပ်ပြီး ထွက်ပေါ်လာတဲ့ လှပတဲ့ ပိုးထည်တစ်ခုဟာ ဒြပ်ရှိယဉ်ကျေးမှုတစ်ခုပါ၊ ရက်လုပ်တဲ့ပညာရပ်ဟာ ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုပါ။ နားလည်စေချင်တာက ယဉ်ကျေးမှုတစ်ခုမှာ ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှုနှစ်ရပ်ရှိတယ်ဆိုတာပါပဲ။ ထပ်ပြီး အဓိကကျတာကတော့ ဒြပ်မဲ့ယဉ်ကျေးမှု ဖြစ်တဲ့ ပညာရပ်နဲ့ ပညာရပ်ကိုတတ်ကျွမ်းတဲ့ လူသားအရင်းအမြစ်ပါ။ ဒီလူသားအရင်းအမြစ်တွေဆုံးရှုံးရင် ပညာရပ်တွေ တိမ်ကောပြီး ဒြပ်ရှိယဉ်ကျေးမှုတွေပါ အလိုလိုပျောက်ဆုံးသွားတတ်တာ သဘာဝပါ။ မိမိတို့နိုင်ငံမှာလည်း ဒြပ်ရှိဒြပ်မဲ့နဲ့ သက်ဆိုင်တဲ့ ရိုးရာယဉ်ကျေးမှုတွေ တိုင်းရင်းသားများအလိုက် ရှိကြပါတယ်။ မိမိတို့ တိုင်းရင်းသားများအလိုက် ဒြပ်ရှိ ဒြပ်မဲ့ရိုးရာယဉ်ကျေးမှုတွေ ဘယ်လိုအဆင့်ရောက်နေပြီလဲ၊ တိမ်ကောသွားနိုင်ချေတွေ ရှိနေပြီလား ဆိုတာတွေကို စာရေးသူက အလျဉ်းသင့်လို့ ဆောင်းပါးလေးကတစ်ဆင့် မေးလိုက်ပါဦးမယ်။
နိုင်ငံတော်အကြီးအကဲတို့ရဲ့ ဇနီးနှစ်ဦးဟာ ရင်းနှီးနွေးထွေးသောဆက်ဆံမှုများနဲ့အတူ လေ့လာရေးခရီးစဉ်လေး ကို ပုံဖော်ညွှန်းဆိုပြသနိုင်ခဲ့တယ်လို့ပဲ ဆိုလိုက်ပါရစေခင်ဗျာ။
ဟနွိုင်းမြို့ပုံရိပ်အချို့၊ ဗီယက်နမ်တို့၏ စိတ်ဓာတ်နှင့် ထုတ်ကုန်များအကြောင်း တစေ့တစောင်း
အချိန်အနည်းငယ်ရခိုက် စာရေးသူ ဟနွိုင်းမြို့ကို လေ့လာကြည့်ဖြစ်ခဲ့ပါသေးတယ်။ တကယ်တော့ ဟနွိုင်းမြို့ ဆိုပေမယ့် ရန်ကုန်မြို့ကို ရောက်နေသလို ခံစားမိပါတယ်။ ရန်ကုန်မြို့နဲ့ ကွာခြားတာကတော့ ရန်ကုန်လို အထပ်မြင့်တွေ သိပ်မများတာပါပဲ။ ဟနွိုင်းမှာလည်း ရန်ကုန်မြို့လို ကန်တော်ကြီးပုံစံမျိုးတစ်ခုရှိပါတယ်။ လှပသပ်ရပ်တဲ့ Green Zone တစ်ခုပါ။ ဟနွိုင်းမြို့ကအရွယ်မျိုးစုံဟာ ဒီကန်ကြီးနားမှာလမ်းလျှောက်ခြင်း၊ စကားစမြည်ပြောခြင်းတွေနဲ့စိတ်အပန်းဖြေ ကြတာကိုလည်း စာရေးသူတွေ့မြင်ခဲ့ရပါတယ်။
တစ်နေ့တာ အလုပ်လုပ်လို့ပင်ပန်းနွမ်းနွယ်မှုတွေကို ဒီကန်ကြီးရဲ့ပတ်လမ်းတွေမှာ စည်းကမ်းရှိစွာ အပန်းဖြေ နေကြတဲ့ သဘောပါပဲ။ လူစည်ကားတဲ့နေရာတွေမှာ လူငယ်တွေစုပြီး သွားလာလှုပ်ရှားတဲ့ပုံရိပ်ကလည်း စည်းကမ်း တကျရှိခြင်းဆိုတဲ့ လူနေမှုပုံစံကိုပြသလျက်ရှိပါတယ်။ ယနေ့စာရေးသူတို့နိုင်ငံက လူငယ်တွေအတွက် အတုယူစရာ တစ်မျိုးဖြစ်ပါတယ်။
ဗီယက်နမ်လူမျိုးတွေဟာ မိမိနိုင်ငံနဲ့ မိမိလူမျိုးကို ချစ်မြတ်နိုးစိတ်အပြည့်အဝရှိကြပါတယ်။ တိုင်းတစ်ပါးကို အထင်ကြီးလေးစားမှု အလျဉ်းမရှိဘဲ မိမိခွန်မိမိအား၊ မိမိလူမျိုးအားနဲ့သာ မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ဆိုတဲ့ စိတ်အပြည့်အဝရှိတာကိုလည်း စာရေးသူလေ့လာတွေ့ရှိရပါတယ်။ ယနေ့ ဗီယက်နမ်နိုင်ငံဟာ ကဏ္ဍစုံမှာ အရှိန်အဟုန်နဲ့ အလျင်အမြန်တိုးတက်ပြောင်းလဲလာတာဟာ ဗီယက်နမ်လူမျိုးတို့ရဲ့ စည်းလုံးတဲ့အား၊ မျိုးချစ်စိတ်၊ နိုင်ငံ ချစ်စိတ်တွေစုစည်းပြီး ရုန်းထကြိုးစားခဲ့လို့ ပိုင်ဆိုင်ခဲ့တဲ့ရလဒ်ကောင်းများပဲဖြစ်ပါတယ်။ မိမိတို့နိုင်ငံသားတွေအနေနဲ့ လည်း ဒီလိုစံနမူနာကောင်းတွေကိုအတူယူပြီး မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် စည်းလုံးညီညွတ်တဲ့အားနဲ့ ကြိုးစားအားထုတ်ချိန် တန်ပါပြီ။ နောက်တစ်ခု မျှဝေပေးလိုပါသေးတယ်။ ဒါကတော့ ဗီယက်နမ်နိုင်ငံရဲ့ အထည်အလိပ်တွေအကြောင်းပါပဲ။
ဗီယက်နမ်နိုင်ငံရဲ့ အထည်အလိပ်တွေဟာ စျေးနှုန်းချိုသာပြီး အရည်အသွေးလည်းကောင်းမွန်တာကို စာရေးသူ လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဒါကလည်း သူတို့နိုင်ငံရဲ့ MSME လုပ်ငန်းတွေရဲ့တိုးတက်မှုအရှိန်အဟုန်တစ်ခုပဲဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အဝတ်အထည်ထုတ်လုပ်တင်ပို့မှု အများဆုံးနိုင်ငံတစ်ခုအဖြစ် စာရင်းဝင်တဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဈေးနှုန်းနဲ့ ကောင်းမွန်တဲ့အရည်အသွေးကြောင့် ကမ္ဘာမှာ နာမည်ကြီးအမှတ်တံဆိပ်များနဲ့ နာမည်ကြီးနေတာကို လည်းတွေ့ခဲ့ရပါတယ်။ အဓိကသော့ချက်ကို လေ့လာကြည့်ရာမှာတော့ ကျွမ်းကျင်လုပ်သား အရင်းအမြစ်ကောင်းတွေရှိပြီး လုပ်ငန်းစွမ်းဆောင်ရည်နှင့် အထည်ချုပ်ကျွမ်းကျင်မှုမြင့်မားကြတယ်။ အခြေခံကုန်ကျမှု စရိတ်သက်သာတဲ့အတွက် စက်ရုံတွေလည်ပတ်မှုနဲ့ ကုန်ထုတ်လုပ်မှုကုန်ကျစရိတ်ကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ထိန်းသိမ်း ထားနိုင်တယ်။
ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းတွေအတွက်လည်း ကုန်သွယ်ရေးနှင့်ထောက်ပံ့ ပို့ဆောင်ရေးကွန်ရက်ကောင်းတွေကို စွမ်းဆောင်နိုင်ကြတာကိုလည်းတွေ့ရတယ်။ ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံအချို့ကတစ်ဆင့် လိုအပ်တဲ့ကုန်ကြမ်းတွေကို တင်သွင်းနိုင်နေတာကိုလည်းတွေ့ရပြန်ပါတယ်။ အတိုချုံးကြည့်ရင်တော့ အထည်အလိပ်တွေအတွက် ကုန်ကြမ်းရရှိမှုကောင်းခြင်း၊ ကျွမ်းကျင်လုပ်သားအရင်းအမြစ်ကောင်းများပိုင်ဆိုင်ခြင်း၊ ပြည်တွင်းကတစ်ဆင့် ပြည်ပ ဈေးကွက်ထိကွန်ရက်ရှာဖွေနိုင်ခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်ချိုသာခြင်းဆိုတဲ့ အဓိကအချက်တွေကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့အတွက် ပြန်လည်မျှဝေပေးတာပဲဖြစ်ပါတယ်။ ခရီးစဉ်အကြောင်းလေး ခဏဆက်လိုက် ရအောင်ပါ။
ခရီးစဉ်ဒုတိယရက်ရဲ့ညမှာတော့ နိုင်ငံတော်အကြီးအကဲနှင့် ဇနီးဦးဆောင်တဲ့ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့က ဂုဏ်ပြုညစာနဲ့ တည်ခင်းဧည့်ခံခဲ့ ပါတယ်။ ဒီဂုဏ်ပြုညစာစားပွဲကိုတော့ ဗီယက်နမ်နိုင်ငံ သမ္မတရုံး၊ တုံကင်းနန်းတော်မှာ ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ တုံကင်နန်းတော်ဆိုတာ သမိုင်းဝင်အထိမ်းအမှတ်နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ပြင်သစ်ကိုလိုနီကာလအတွင်းက မြို့တော်ဝန်နေအိမ်အဖြစ်အသုံးပြုခဲ့တဲ့ သမိုင်းဝင်အထင်ကရ ဗိသုကာလက်ရာတစ်ခုပဲဖြစ်ပါတယ်။ နန်းတော်အတွင်း ရောက်ရှိခဲ့တဲ့အချိန်မှာတော့ ဗီယက်နမ်တို့ရဲ့ မြေယာရှုခင်း(landscape)ပိုင်းမှာ ကျွမ်းကျင်ပိုင်နိုင်မှုနဲ့ စနစ်တကျနဲ့ သာယာလှပမှုရှိအောင်ဖန်တီးထားနိုင်မှုကိုလည်း လေးစားအသိအမှတ်ပြုခဲ့ရပါတယ်။
ဒီနေ့မှာ ပြုလုပ်ခဲ့တဲ့တွေ့ဆုံပွဲအခမ်းအနားတွေမှာ ခရီးစဉ်ရဲ့အောင်မြင်မှု ရလဒ်ကောင်းများကို ကိုယ်စီအပြုံးတွေ ကတစ်ဆင့် မှန်တစ်ချပ်ပမာ တွေ့မြင်ခဲ့ရပြီပဲဖြစ်ပါတယ်။
ဤရလဒ်များနှင့်အတူ ပိုင်ဆိုင်ခဲ့တဲ့နေ့ရက်တစ်ရက်ဟာလည်း တွဲလက်ညီညီအောင်ပွဲဆီသို့ တက်လှမ်းနိုင်ခဲ့တဲ့ မြန်မာ-ဗီယက်နမ်ခရီးစဉ်အဖြစ် ကမ္ပည်းတင်ရေးထိုးနိုင်ခဲ့ကြောင်း စာပန်းချီခြယ်မှုန်းရကြောင်းပါဗျာ။ ။


