မဟာဗျူဟာမြောက်ပူးပေါင်းမှုမှသည် ယုံကြည်မှုသမိုင်းမှတ်တိုင်များဆီအထိ

နှစ်ရက်တာ ဘယ်လာရုစ်သမ္မတနိုင်ငံ ခရီးစဉ်သည် အောင်မြင်မှုများဝေဆာခဲ့ပေပြီ။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့မှ စတင်ခဲ့သော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံခရီးစဉ်တို့သည် ယနေ့ဆိုလျှင် ခြောက်ရက်မြောက်ပင်တိုင်ခဲ့လေပြီ။ ရက်မကြာမီဆိုသလို အမိမြန်မာပြည်သို့ ပြန်ရပေဦးမည်။ ခရီးစဉ်တစ်လျှောက် အောင်မြင်ခဲ့မှုများသည်လည်း ပြည်တွင်း၌သာမက အာဆီယံဒေသတွင်းနိုင်ငံများမှ ကမ္ဘာ့ မျက်နှာစာထိတိုင်လှစ်ဟပြသနိုင်ခဲ့ပြီး ကဏ္ဍစုံလွှမ်းခြုံအောင်မြင်ခြင်းဟူသောရလဒ်ကောင်းကို ဖော်ဆောင်နိုင်ခဲ့သည်သာဆိုရပေမည်။

ဘယ်လာရုစ်သမ္မတနိုင်ငံမှသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆီသို့ ပြန်လည်ထွက်ခွာတော့မည်

အချိန်ကား ဒေသစံတော်ချိန် နံနက် ၈ နာရီခန့်ပင်။ ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း နိုင်ငံတော်အကြီးအကဲအား ပို့ဆောင်နှုတ်ဆက်ရန် ပြင်ဆင်ထားမှုများကခမ်းနားလှသည်ကို တွေ့ရသည်။ လေဆိပ်အတွင်းစိုက်ထူထားသည့် နှစ်နိုင်ငံအလံများသည် လေပြည် လေညင်းများကြား၌ ဝင့်ထည်စွာ တလူလူ လွင့်ဝဲလျက်ရှိ၏။ 

အထူးလေယာဉ်သို့ သွားရာလမ်းတစ်လျှောက်ခင်းကျင်းထားသောကော်ဇောနီလျှောက်လမ်းပေါ်တွင် နိုင်ငံတော်အကြီးအကဲနှင့်ဘယ်လာရုစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ ဦးဆောင်လျက် တည်ငြိမ်စွာလျှောက်လှမ်းလာသည်။ ကော်ဇောနီလျှောက်လမ်း၏  ဝဲ/ယာနှစ်ဖက်တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့ကလည်း အသင့်နေရာယူကာ အလေးပြုနေ၏။ နိုင်ငံတော်အကြီးအကဲဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့သည် အထူးလေယာဉ်ပေါ်သို့ ရောက်ရှိသွားကြပြီ။ အထူးလေယာဉ်ကြီးသည် ဘယ်လာရုစ်နိုင်ငံမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တူဗားပြည်နယ် ကီဇီးလ်မြို့ဆီသို့ ဦးတည်ကာ စတင်ခရီးဆက်ခဲ့ပါတော့သည်။

ကောင်းကင်တစ်ခွင် ရာသီဥတုက ကြည်လင်ရှင်းသန့်နေ၏။ အဖြူရောင်တိမ်လိပ်များသည် ကြည်လင်နေသော ကောင်းကင်ပြင်ကြီးတွင် တိမ်သားမှန်ပြင်ချပ်ကို တိမ်စိုင်တိမ်လိပ်ကနုတ်ကွက်များဖြင့် အလှဆင်ထားသည့်ပမာ လှပနေ၏။ ဟိုသည်တစ်ကွက် တိမ်ဖြူလိပ်များကြားမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ နယ်နိမိတ်များကို စတင်မြင်တွေ့နေရပေပြီ။ ကောင်းကင်မြင်ကွင်းနှင့် မြေပြင်ပုံရိပ်များကို လေယာဉ်ပေါ်မှနေ၍ စာရေးသူ ငေးမောရင်း မှင်တက်မိ နေပါသေး၏။ တရွေ့ရွေ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တူဗားပြည်နယ် ကီဇီးလ်မြို့သို့ တရွေ့ရွေ့နီးကပ်လာပေပြီ။ နိုင်ငံတော်အကြီးအကဲအနေဖြင့် မည်သူတွေနှင့်တွေ့ဆုံဦးမည်နည်း။ မည်သို့သော အောင်မြင်မှုများကို ဆွတ်ခူးပေးဦးမည်နည်း။

နိုင်ငံတော်အကြီးအကဲဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့  လိုက်ပါလာသည့် အထူးလေယာဉ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တူဗားပြည်နယ် ကီဇီးလ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့လေပြီ။     အချိန်ကား ဒေသစံတော်ချိန် ၆ နာရီ မိနစ် ၂၀ ခန့်ပင်။ အထူးလေယာဉ်ပေါ်မှ ဆင်းသက်ရာလမ်းတစ်လျှောက် ကော်ဇောနီခင်းကျင်းလျက် ခမ်းနားစွာကြိုဆိုကြသည်။ ထို့နောက် အမျိုးသမီးငယ်လေးနှစ်ဦးမှ နိုင်ငံတော်အကြီးအကဲ နှင့် အဖွဲ့ဝင်များအား အထိမ်းအမှတ်ပဝါများလွှမ်းခြုံပေးနေ၏။ ဤပဝါသည် တူဗားပြည်နယ်၏ ယဉ်ကျေးမှုတစ်ခုဖြစ်သော နက်ရှိုင်းသောလေးစားမှုနှင့် ဂုဏ်ပြုမှုတို့ကိုဖော်ပြသည့် အထိမ်းအမှတ်ပဝါပင်ဖြစ်သည်။ တူဗားပြည်နယ်၏လာရောက်ကြသည့် နိုင်ငံတော်အဆင့်ဧည့်သည်များအပေါ်ထားသော နက်ရှိုင်းသောလေးစားမှုနှင့်ဂုဏ်ပြုမှုသာဖြစ်၏။

လေဆိပ်တွင် တူဗားပြည်နယ်အကြီးအကဲ မစ္စတာ ဗလာဒီစလပ် ခိုဗာလစ်ဂ်နှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိ သူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာ နိုင်ငံသံအမတ်ကြီးနှင့်တာဝန်ရှိသူများက နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ရင်းနှီးနွေးထွေးစွာ ခရီးဦးကြိုပြု နှုတ်ဆက်ကြပါသည်။

ကီဇီးလ်မြို့နှင့်မိတ်ဆက်ခြင်း

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကီဇီးလ်မြို့အကြောင်းကို စာဖတ်သူများထံ မျှဝေပေးလိုပါသည်။ ကီဇီးလ်မြို့သည် တူဗားပြည်နယ်၏ မြို့တော်တစ်ခုဖြစ်၏။ အာရှတိုက်၏  ပထဝီဝင်ဗဟိုချက်မ( Geo-graphical Center of Asia  ) တစ်ခုလည်းဖြစ်သည်။ အဆိုပါနေရာတွင်(The Center of Asia)ဟုခေါ်သောအထိမ်းအမှတ်ကျောက်တိုင်တစ်ခုရှိသည်။ 

တူဗားဘာသာဖြင့် Bii-Khem(Great Yenisei) မြစ်နှင့် Kaa-Khem(Little Yenisei) မြစ်တို့သည် နှစ်စင်း ပေါင်းဆုံပြီးYenisei မြစ်ကြီးဖြစ်ပေါ်ခဲ့၏။ ဤ Yenisei မြစ်သည် ကီဇီးလ်မြို့တွင် စတင်မြစ်ဖျားခံခဲ့ခြင်းပင်။ နယ်နိမိတ်ထိစပ်မှုအားဖြင့် မွန်ဂိုလီးယားနိုင်ငံနယ်စပ်နှင့် နီးကပ်စွာတည်ရှိပြီး ဆိုက်ဘေးရီးယားတောင်ပိုင်းတွင်တည်ရှိသော မြို့တစ်မြို့ဖြစ်သည်။ ရာသီဥတုအရ အပူအအေး ကွာခြားချက်သည်လည်း အပြောင်းအလဲမြန်လွန်းသည့်ရာသီဥတုကို ပိုင်ဆိုင်ထားသည့် မြို့တစ်မြို့ပင်။ 

ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကိုကိုးကွယ်ကြသည်။ တိဗက်ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကြီးများလည်းရှိသည်။ နတ်ကိုးကွယ်မှုများရှိ၍ ရှေးဟောင်းနတ် ဆရာအလေ့အထများကိုလည်း ယနေ့ထက်တိုင် ပူးတွဲမြင်တွေ့နေရသေးသည်။ ရိုးရာယဉ်ကျေးမှုမြင့်မားသော ဒေသတစ်ခုဖြစ်ပြီး ကီဇီးလ်များ၏ အဓိကကမ္ဘာ ကျော်ရိုးရာဂီတများလည်း ပိုင်ဆိုင်ထားသေးသည်။ တောင်တန်းများ၊ မြေနိမ့်လွင်ပြင်များ၏ သွယ်တန်းတည်ရှိနေပုံနှင့်ဆိုက်ဘေးရီးယား၊  မွန်ဂိုလီးယားနိုင်ငံတို့နှင့်ထိစပ်နေသည့်အတွက် မြင်း၊သိုး၊ ဆိတ်မွေးမြူသည့်အလေ့အထများကိုလည်းတွေ့ရသည်။ ဤဒေသ၏ ထူးခြားချက်လေးတစ်ခုသာဖြစ်သည်။

နိုင်ငံတော်အကြီးအကဲအနေဖြင့် တူဗားကိုဝင်ရောက်ခြင်းသည် မြန်မာနှင့်ရုရှားတို့၏ ရှိရင်းခိုင်မြဲစွဲ ချစ်ကြည်ရေးအကြား ဘာသာရေး၊ ယဉ်ကျေးမှုတူညီသည်ဆိုသည့် ပုံရိပ်တစ်ခုကို အမှတ်မထင်ပြသလိုက်ခြင်းသာ။ နိုင်ငံရေးစကားနှင့်ဆိုလျှင် Soft Power သဘောမျိုးပင်။ ခရီးစဉ်ကား စီးပွားရေးကဏ္ဍ၊ နိုင်ငံရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ သံတမန်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍစသောကဏ္ဍများကြားတွင် ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုသည့် ချဉ်းကပ်ပြသမှုသည် ထိမိလှသည့် ပြကွက်တစ်ခုဖြစ်၏။ ခြေလှမ်းတိုင်းသည် စကားလုံးများစွာပြောနေသလိုပင်။ 

တူဗားပြည်နယ်အကြီးအကဲနှင့် တွေ့ဆုံခဲ့

တူဗားပြည်နယ် ကီဇီးလ်မြို့ခရီးစဉ်သည် နိုင်ငံတော်အကြီးအကဲအနေဖြင့် ပထမဆုံးအကြိမ်ရောက်ရှိခဲ့သော ဒေသတစ်ခုပင်ဖြစ်၏။ နိုင်ငံတော်အကြီးအကဲဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော် ချိန် ည ၇  နာရီတွင် တူဗားပြည်နယ်အကြီးအကဲ  မစ္စတာ ဗလာဒီစလပ် ခိုဗာလစ်ဂ်နှင့် ကီဇီးလ်မြို့ ပြည်နယ်အစိုးရအဖွဲ့ အိမ်တော်တွင်တွေ့ဆုံခဲ့၏။ 

တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်အတူ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အရှိန်မြှင့်တင်နိုင်မှုများ၊ နှစ်နိုင်ငံ ဗဟိုအစိုးရချင်းသာမက နှစ်နိုင်ငံပြည်နယ်အစိုးရအချင်းချင်းလည်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ၊ ဘာသာတရား၊ ယဉ်ကျေးမှုချင်းတူညီမှုအားသာချက်များ၊ ဘုရားဖူးခရီးစဉ်များ၊ ခရီးသွားလုပ်ငန်းများ အပြန်အလှန်မြှင့်တင်ဆောင်ရွက်နိုင်မှုများ၊ အစိုးရချင်းသာမက ပြည်သူချင်းပါထိတွေ့ဆက်ဆံမှုများ ပိုမိုခိုင်မာအောင်ဆောင်ရွက်ရေး ကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့သည်။ တွေ့ဆုံပွဲအပြီးတွင် တူဗားပြည်နယ်အကြီးအကဲက နိုင်ငံတော်အကြီးအကဲဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံခဲ့၏။ ဂုဏ်ပြုညစာစားပွဲစတင်ကျင်းပသည်နှင့် တူဗားပြည်နယ်ယဉ်ကျေးမှုအဖွဲ့မှ တေးသံသာများ၊ အကအလှများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေကပြခဲ့ကြသေး၏။

ဤသို့ သီဆိုကပြဖျော်ဖြေမှု၌ လည်ချောင်းသံဖြင့်သီဆိုကာ ကပြသောရိုးရာအကသည် ကီဇီးလ်တို့၏ ကမ္ဘာကျော်ရိုးရာဂီတအနုပညာတစ်ခုဖြစ်သည်ကိုလည်း   စာဖတ်သူတို့ထံမျှဝေပေးလိုပါသေးသည်။ 

ကီဇီးလ်မြို့လေးသည် ရုရှားနိုင်ငံ၏နယ်မြို့တစ်မြို့ဖြစ်၏။ မြို့တွင် အလွန်မြင့်မားသော အထပ်မြင့်အဆောက်အအုံများ မတွေ့ရပေ။ လမ်းများသည်လည်း သန့်ရှင်းသပ်ရပ်မှုအပြည့်နှင့်သာ။ Yenisei မြစ်ကြီးနှင့်မြို့ပြအလှများကို ငေးမောရင်းအလင်းရောင်ထုက တဖြည်းဖြည်းပါးလွှာခဲ့ပေပြီ။ ညနေဆည်းဆာ၏ တောက်ပနေသော လိမ္မော်ရောင် နေခြည်အလင်းတန်းများသည် Yenisei မြစ်ကြီးနှင့် ကီဇီးလ်မြို့ မြို့ပြပုံရိပ်များကို လှပစွာမီးမောင်း ထိုးပြသထားသည့်ပုံစံအတိုင်းပင်။  ဂုဏ်ပြုညစာစားပွဲနှင့်အတူ ကီဇီးလ်မြို့လေးသည်လည်း မဟူရာညအမှောင်ထဲသို့  တစ်စတစ်စတိုးဝင်သွားခဲ့ပါပြီ။ အမှောင်ထုနှင့်အတူ ကီဇီးလ်မြို့လေးသည် နီယွန်မီးရောင်စုံအလှများဖြင့်  အသွင်သစ်စွာတောက်ပလာခဲ့ပြန်ပါသေးသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံမှသည် မြန်မာနိုင်ငံဆီ

အချိန်ကား ဩဂုတ်လ ၂၃ ရက်၊ နံနက်ပိုင်းပင်။ နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် တူဗားပြည်နယ်၊ ကီဇီးလ်မြို့ရှိ အထင်ကရနေရာများနှင့်ယဉ်ကျေးမှုဆိုင်ရာနေရာများသို့ သွားရောက်ကြည့်ရှုခဲ့သေးသည်။ အဆိုပါနေရာများမှာ အာရှတိုက်၏ ပထဝီဝင်ဗဟိုချက်မအထိမ်းအမှတ် ကျောက်တိုင်နေရာ၊ အမျိုးသားတေးဂီတနှင့် ပြဇာတ်ရုံများပင်ဖြစ်၏။ 

မြစ်ကမ်းနံဘေးရှိ အာရှတိုက်၏ အလယ်ဗဟိုနေရာဖြစ်သောThe Center of Asia ကျောက်တိုင်သို့ သွားရောက် လှည့်လည်ကြည့်ရှုကြသည်။ The Center of Asia ကျောက်တိုင်တည်ရှိသည့် ပန်းခြံသည် Great Yenisei နှင့် Little Yenisei မြစ်နှစ်စင်း ဆုံဆည်းရာ Yenisei မြစ်ကမ်းနံဘေး မြောက်လက်တီတွဒ် ၅၁ ဒီဂရီ၊ ၄၂ မိနစ်၊ ၄၁ စက္ကန့်နှင့်  အရှေ့လောင်တီတွဒ် ၉၄ ဒီဂရီ၊ ၂၇ မိနစ်၊ ၃၈ စက္ကန့်တွင်တည်ရှိ၏။ တူဗားပြည်နယ်၏ အထင်ကရ နေရာတစ်ခုပင် ဖြစ်သည်။ 

နိုင်ငံတော်အကြီးအကဲနှင့် အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့သည် တူဗားပြည်နယ် အမျိုးသားဂီတနှင့် ပြဇာတ်ရုံ “V.Kok-ool”သို့ ရောက်ရှိခဲ့ကြပြန်သည်။ တူဗားပြည်နယ်ယဉ်ကျေးမှုအဖွဲ့ကလည်း ကမ္ဘာကျော် တူဗာရိုးရာ လည်ချောင်းသံဖြင့် သံစဉ်ပြုလုပ်သီဆိုရသောရိုးရာတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်းနှင့် ရိုးရာတူရိယာပစ္စည်းများ ဖြင့် ယဉ်ကျေးမှုအဖွဲ့များက တီးမှုတ်ဖျော်ဖြေကပြ တင်ဆက်ကြ သည်။

 ဖျော်ဖြေတင်ဆက်မှုအပြီး၌ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် တူဗားပြည်နယ်အမျိုးသားဂီတနှင့် ပြဇာတ် ရုံ “V.Kok-ool”၏ သမိုင်းမှတ်တမ်းပြခန်းအား လှည့်လည်ကြည့်ရှုလေ့လာခဲ့သေး၏။

တူဗားပြည်နယ် အမျိုးသား ဂီတနှင့်ပြဇာတ်ရုံ “V.Kok-ool” သည် ကီဇီးလ်မြို့၏ ဗဟိုချက်မဖြစ်သော Arat Square (အာရက် ရင်ပြင်တွင်) တည်ရှိပြီး ၁၉၃၆ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်၏။ တူဗားပြည်နယ်၏ ထင်ရှားကျော်ကြားသော သရုပ်ဆောင်၊ စာရေးဆရာနှင့်ပြဇာတ်ရေးဆရာ Viktor Shogzhapovich Kok-ool ကို ဂုဏ်ပြု၍နာမည်ပေးထားခြင်းဖြစ်သည်။ အမျိုးသားဂီတနှင့် ပြဇာတ်ရုံတွင်ကမ္ဘာကျော် တူဗားရိုးရာ လည်းချောင်းသံသီးချင်းများနှင့်ရိုးရာတူရိယာပစ္စည်းများအသုံးပြု၍ တီးခတ်သီဆိုသရုပ်ဖော်တင်ဆက်ခြင်းများကို တူဗားဘာသာစကား၊ ရုရှားဘာသာစကားတို့ဖြင့် ကဏ္ဍအလိုက် တင်ဆက်လေ့ရှိကြောင်း သိရှိရသည်။

နိုင်ငံတော်အကြီးအကဲနှင့် အဆင့်မြင့်ကိုယ်စားလှယ်များသည် ပြတိုက်အတွင်းခင်းကျင်းပြသထားသော တူဗားလူမျိုးများ၏ တူဗားပြည်သူ့သမ္မတ နိုင်ငံခေတ်မှကိုးကွယ်ခဲ့သည့် ဗုဒ္ဓရုပ်ပွားတော်များ၊ လူမျိုးရေးဆိုင်ရာအသုံးအဆောင်ပစ္စည်းများ၊ လက်ဝတ်ရတနာ အဆင်တန်ဆာများ၊‌ ရှေးယခင်ကအမဲလိုက်ရာတွင် အသုံးပြုခဲသည့် လက်နက်ကိရိယာများ၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာများနှင့်တူဗားလူမျိုးများဝတ်စားဆင်ယင်ခဲ့သည့် ရိုးရာဝတ်စုံများ၊ တူဗားဒေသရှိ ယခင်ကနေထိုင်မှုပုံစံများကို သရုပ်ပြခန်းများအတွင်း စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပါသည်။

တူဗားပြည်နယ်အမျိုးသားပြတိုက်အား ၁၉၂၉ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခုပြတိုက်နေရာသို့ ၂၀၀၈ ခုနှစ်တွင်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့၏။ ပြတိုက်သည် တူဗားလူမျိုများ၏ သမိုင်းကြောင်းနှင့်ယဉ်ကျေးမှုအမွေအနှစ်များကို စုဆောင်းထိန်းသိမ်းပြသထားသည့် နေရာတစ်ခုလည်းဖြစ်သည်။ တူဗားပြည်သူ့သမ္မတနိုင်ငံခေတ်မှ ရှားပါးအသုံးအဆောင်ပစ္စည်းများ၊ စာရွက်စာတမ်းများ၊ လူမျိုးရေးဆိုင်ရာပစ္စည်းများ၊ နတ်ကိုးကွယ်ယုံကြည်မှု၊ ဗုဒ္ဓဘာဘာနှင့် အော်သိုဒေါ့တို့၏ ဘာသာရေး ဆိုင်ရာပြခန်းများ၊ တူဗားလူမျိုးတို့၏ မဟာမျိုးချစ်စစ်ပွဲတွင် ပါဝင်မှုပြခန်းများအပါအဝင် ပြခန်းပေါင်း ၂၄ ခန်းကိုခင်းကျင်းပြသထား၏။ တူဗားပြည်နယ် အမျိုးသားပြတိုက်သည် တူဗားပြည်နယ်၏ ထူးခြားသောသမိုင်းဝင်နှင့်ယဉ်ကျေးမှုအမွေအနှစ် များကို စနစ်တကျထိန်းသိမ်းထားရှိသည့် နေရာတစ်ခုဖြစ်ကြောင်း လေ့လာသိရှိခဲ့ရပါသေးသည်။

တူဗားပြည်နယ်အကြောင်း

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူဗားပြည်နယ်၊ကီဇီးလ်မြို့သည် ရုရှားနိုင်ငံတောင်ပိုင်း ဆိုက်ဘေးရီးယားဒေသရှိ တူဗားပြည်နယ်၏ မြို့တော်တစ်ခုဖြစ်သည်။ တူဗားပြည်နယ်သည်ကုန်းတွင်းပိတ်ဒေသတစ်ခုဖြစ်ပြီး မြေမျက်နှာသွင်ပြင်များမှာ ထူးခြား၏။ Sayan Mountains နှင့် AltaiMountains တို့က ဒေသကိုဝန်းရံထားပြီး အလယ်ပိုင်းတွင်ကျယ်ပြန့်သည့် ချိုင့်ဝှမ်းလွင်ပြင်များရှိသည်။ ဒေသအတွင်းYenisei မြစ်ကဖြတ်သန်းစီးဆင်းလျက်ရှိပြီး ဒေသအတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အတွက်များစွာအထောက်အကူပြုလျက်ရှိသည့်မြစ်တစ်ခုလည်းဖြစ်သည်။ မွေးမြူရေးလုပ်ငန်းများတွင် မြင်းမွေးမြူခြင်းသည် တူဗားဒေသ၏ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ်ပါဝင်ပြီး တူဗားဒေသတွင် နေထိုင်ကြသူများ၏ ဘာသာစကား၊ဂီတ၊ ဝတ်စားဆင်ယင်မှုနှင့်ရိုးရာယုံကြည်မှုများသည် အလယ်အာရှနှင့် ဆိုက်ဘေးရီးယား ဒေသယဉ်ကျေးမှုများကို ပေါင်းစပ်ထားသည့်ပုံစံပင်ဖြစ်သည်။

တူဗားဒေသသည် တိဗက်ဗုဒ္ဓဘာသာ၊ အော်သိုဒေါ့ခရစ်ယာန်ဘာသာနှင့် ရှာမန်နတ်ကိုးကွယ်မှု များယှဉ်တွဲ တည်ရှိသည့် ယဉ်ကျေးမှုအစဉ်အလာများကို ကောင်းမွန်စွာ ထိန်းသိမ်းထားသည့်နေရာဖြစ်ကြောင်းသိခဲ့ရ၏။ တူဗားဒေသ၏မြို့တော်ဖြစ်သည့် ကီဇီးမြို့တွင် ရုရှားနိုင်ငံ၏ အကြီးဆုံးဗုဒ္ဓဘုရားကျောင်းတော်တည်ရှိပြီး ဗုဒ္ဓဘာသာ တက္ကသိုလ်ကိုလည်း ဖွင့်လှစ်ထားရှိသေးသည်။ (၄)ကြိမ်မြောက်နိုင်ငံတကာ ဗုဒ္ဓဘာသာဖိုရမ်ကို မကြာခင်ကကျင်းပပြုလုပ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနှင့်နိုင်ငံရေးဘက်မှ ထင်ရှားသည့်ပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြသည်။ 

         အဆိုတော်တစ်ဦးတည်းမှနေ၍ မြစ်ရေစီးသံ၊ လေတိုက်သံ၊ မြင်းသံစသည်များကို အသံတုများအဖြစ် ဖန်တီးသီဆိုသည့်  တူဗားဒေသ၏ ထင်ရှားသောရိုးရာဂီတ၊ ဆောင်းရာသီတွင်အလွန်အေးမြပြီး နွေရာသီတွင်နေ့အပူချိန် မြင့်မားတတ်သည့် သဘာဝ၊ ယဉ်ကျေးမှုများနှင့်လှပသည့်သဘာဝ တောတောင် ရေမြေများနှင့်သမိုင်းကြောင်းများစသည်တို့သည်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ တူဗားဒေသကိုခြယ်သထားသော အလှအပများပင်ဖြစ်ပါသည်။ 

ဩဂုတ်လ ၁၇ရက်နေ့တွင် စတင်ခဲ့သော ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံခရီးစဉ်နေ့ရက်များသည် ပြီးမြောက်ကုန်လွန်ခဲ့ပါပြီ။ ဒေသစံတော်ချိန် နံနက် ၁၀ နာရီခန့်တွင် နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ပြန်ရန် ကီဇီးလ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာပါပြီ။ လေဆိပ်၌ နိုင်ငံတော်အကြီးအကဲနှင့်အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့အား ပြည်နယ်အကြီးအကဲဦးဆောင်သော တာဝန်ရှိသူများက ရင်းရင်းနှီးနှီးလိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။ နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့လိုက်ပါလာသော အထူးလေယာဉ်သည်ခရီးစဉ်ပြီးမြောက်၍  အမိမြန်မာနိုင်ငံဆီသို့ ဦးတည်ပျံသန်းခဲ့လေတော့သည်။

         အချိန်ကား အမိမြန်မာနိုင်ငံ၏ ဒေသစံတော်ချိန် ညနေပိုင်းပင်။ မိုးသားတိမ်တိုက်များဖြင့် အုံ့မှိုင်းနေသော မှိုင်းညို့ညို့ရာသီဥတုက နိုင်ငံတော်အကြီးအကဲနှင့်အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့အား ဆီးကြိုနေသလိုပင်။ အထူးလေယာဉ်သည် နေပြည်တော်လေဆိပ်သို့ ဆင်းသက်လာခဲ့လေပြီ။ လေဆိပ်တွင် ဒုတိယသမ္မတနှစ်ဦး ဦးဆောင်သောပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ဥက္ကဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဌနှင့်တာဝန်ရှိသူများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက နိုင်ငံတော်အကြီးအကဲနှင့် အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ကို လှိုက်လှဲစွာဂုဏ်ပြုကြိုဆိုနေကြ၏။ ခရီးစဉ်၏ အောင်မြင်မှုများကား အပြုံးကိုယ်စီများက သက်သေပင်ဖြစ်သည်။

ခရီးစဉ်၏ နေ့ရက်များနှင့်အတူ မြင်တွေ့လာရသည်မှာ မြန်မာနိုင်ငံ၏ ပထဝီတန်ဖိုး၏အရေးပါမှုပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထဝီတန်ဖိုးကိုရုရှားနိုင်ငံနှင့်ဘယ်လာရုစ်နိုင်ငံတို့ နှစ်နိုင်ငံစလုံးကောင်းစွာသိရှိထားပြီးဖြစ်လိမ့်မည်။ နိုင်ငံတော်အကြီးအကဲသည်လည်း ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီးမြေပထဝီပိုင်ဆိုင်မှု၊ စီးပွားရေးစင်္ကြံလမ်းကြောင်းများပေါ် အချက်အချာကျကျတည်ရှိနေမှု၊ မြေသယံဇာတ၊ လူသားအရင်းအမြစ်ပိုင်ဆိုင်မှုတို့ကို အသေးစိတ် ချပြပြီး နှစ်နိုင်ငံစလုံးနှင့်မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကိုအရှိန်မြှင့်တင်သွားနိုင်ခဲ့သည်။ ကဏ္ဍစုံ၌ လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍများအတွက် ရှေ့တိုးလုပ်ဆောင်နိုင်ခဲ့သည်ကိုတွေ့ရသည်။ ဘယ်လာရုစ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့်စိုက်ပျိုးမွေးမြူရေးကို အခြေခံသောထုတ်ကုန်လုပ်ငန်း များ၏တိုးတက်အောင်မြင်စွာလည်ပတ်နိုင်မှုသည် နိုင်ငံတော်အကြီးအကဲအတွက်  လိုလား ချက်နှင့်အနီးစပ်ဆုံးတူညီသည့် အခြေအနေတစ်ခုဖြစ်သည်။ ထို့ကြောင့် မည်သို့လုပ်ဆောင်မည်ကို နိုင်ငံတော်အကြီးအကဲအတွက် ရလဒ်တစ်ခုကို ထွက်ပေါ်စေခဲ့ပါသည်။ အာဆီယံဒေသတွင်းနိုင်ငံများသို့လည်း နိုင်ငံတော်အကြီးအကဲ ဆက်လက်ခရီးထွက်ဦးမည်ဟု သိရသည်။ မည်သို့ဆိုစေ အာဆီယံအတွင်း ရလဒ်ကောင်းအချို့ ပိုင်ဆိုင်လာပေဦးမည်။ 

         မြန်မာသည် ရုရှား-အာဆီယံအတွက်အမြဲအသင့်ရှိနေကြောင်း စကားကို ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင် လွန်စွာသဘောကျခဲ့သည်ဟု ဆိုရမည်။  ထို့အတွက် ရုရှားနိုင်ငံနှင့်မိမိတို့နိုင်ငံသည်ယုံကြည်မှုကို ခိုင်ခိုင်မာမာ စိုက်ထူနိုင်ခဲ့ပြီဟု တစ်ထစ်ချယုံကြည်ရပေမည်။ ဘယ်လာရုစ်နိုင်ငံသမ္မတသည် မြန်မာနိုင်ငံအတွက်အသင့်ရှိပြီး မြန်မာနိုင်ငံနှင့်မြန်မာပြည်သူများအတွက် စိတ်ရောကိုယ်ပါကူညီပေးမည် ဆိုသောရလဒ်သည် နိုင်ငံတော်အကြီးအကဲအတွက် ခွန်အားများစွာဖြစ်စေခဲ့ပါမည်ဟု ယုံကြည်ပါသည်။ အကျဉ်းချုံးကြည့်လျှင် ရုရှား-မြန်မာ၊ မြန်မာ-ဘယ်လာရုစ်တို့၏   (၇)ရက်တာ တရားဝင်သွားရောက်သည့် ခရီးစဉ်သည်အောင်မြင်သည်ဆိုခြင်းထက် နိုင်ငံများအကြား မဟာဗျူဟာမြောက်ပူပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်စေခြင်း၊ ယုံကြည်ရသော မိတ်ဖက်နိုင်ငံများအဖြစ် အပြန်အလှန်သတ်မှတ်နိုင်ခြင်းများအထိ  ခရီးရောက်ခဲ့သည်ကိုတွေ့မြင်ရမည်ဖြစ်ပါသည်။

            အချုပ်ဆိုရသော် နိုင်ငံတော်အကြီးအကဲ၏ ရုရှား-မြန်မာခရီးစဉ်၊ မြန်မာ – ဘယ်လာရုစ် ခရီးစဉ်တို့ကား မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရုံသာမကနိုင်ငံများအကြား ခိုင်မာသောယုံကြည်မှု သမိုင်းမှတ်တိုင်များကိုပါ အောင်မြင်စွာစိုက်ထူနိုင်ခဲ့ပါကြောင်းသတင်းကောင်းပါးလိုက်ရပါတော့သည်။ သက်လွင် (PPIB)

Leave a Reply

Your email address will not be published. Required fields are marked *