လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းပဋိပက္ခမှာ ဗြိတိန်နိုင်ငံက တိုက်ရိုက်ပါဝင်နေရုံသာမက ထဲထဲဝင်ဝင်ပါဝင်နေတာဖြစ်တယ်လို့ ရုရှားသမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ကပြောပါတယ်။ ဗြိတိန်နိုင်ငံက ယူကရိန်းအနေနဲ့ တာဝေးပစ်အနိမ့်ပျံဒုံးကျည်များကို ပြည်တွင်းမှာတင်ထုတ်လုပ်နိုင်စေမယ့် လျှို့ဝှက်အချက်အလက်တွေကို ပံ့ပိုးပေးသွားမယ်ဆိုတဲ့အစီအစဉ်ကိုထုတ်ပြန်လာပြီးနောက် ရုရှားဘက်ကအခုလိုမျိုးပြောလာတာပါ။
ဗြိတိန်အစိုးရက Storm Shadow ဒုံးကျည်ကိုမှ ပြင်သစ်နိုင်ငံထုတ်ပုံစံဖြစ်တဲ့ SCALP ဒုံးကျည်အတွက် ဗြိတိန်နိုင်ငံထုတ် အစိတ်အပိုင်းများနဲ့ပတ်သက်ပြီး အချက်အလက်တွေကို ယူကရိန်းအစိုးရဆီထုတ်ပြန်ပေးသွားဖို့ သက်ဆိုင်ရာကာကွယ်ရေးကုမ္ပဏီကို ညွှန်ကြားထားပါတယ်။ အဲဒီဒုံးကျည်အမျိုးအစားက ဝေဟင်ပစ်ဒုံးကျည်ဖြစ်ပြီး ကီလိုမီတာ ၂၅၀ ကျော်အထိသွား နိုင်ပါတယ်။ နည်းပညာကိုတော့ ဗြိတိန်နဲ့ ပြင်သစ်တို့က ပူးတွဲပိုင်ဆိုင်ထားတာပါ။
ဒီလိုအခြေအနေတွေကြောင့် ဗြိတိန်အစိုးရဟာ ယူကရိန်းပဋိပက္ခမှာ ယူကရိန်းအစိုးရဘက်ကနေ တိုက်ရိုက်ပါဝင်လာနေတာကိုပြသနေတာဖြစ်တဲ့အတွက် ရုရှားတပ်မတော်အနေနဲ့ အဲဒီဒုံးကျည်ထုတ်လုပ်မယ့်နေရာတွေကို စုံစမ်းဖော်ထုတ်မှုတွေလုပ်ပြီး တိုက်ခိုက်ဖျက်ဆီးသွားမယ်လို့ပက်စကော့ကပြောပါတယ်။ ဗြိတိန်နိုင်ငံရဲ့ဝန်ကြီးချုပ်အသစ်ကလည်း ရုရှားရဲ့ခြိမ်းခြောက်မှုတွေရှိနေသည့်တိုင် ယူကရိန်းကို ဆက်လက်ထောက်ပံ့ပေးသွားမယ်ဆိုပြီး အခိုင်အမာပြောထားပါတယ်။ Ref: RT
