ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအပြီးမှဖြစ်ရပ်အတွက် အာဂျင်တီးနား အသင်းကစားသမားများကို ပြစ်ဒဏ်များချမှတ်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ပြီးခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ  ဗိုလ်လုပွဲအပြီးတွင် ဖြစ်ပွားခဲ့သည့်  ခိုက်ရန်ဖြစ်ပွားမှုများအတွက် အာဂျင်တီးနားအသင်းမှ ကစားသမားများကို ပြစ်ဒဏ်များအသီးသီးချမှတ်ခဲ့သည်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အာဂျင်တီးနားအသင်းနှင့်စပိန်အသင်းတို့ ကစားခဲ့သည့်ပွဲစဉ်အပြီးတွင် နှစ်ဖက်အသင်းကစားသမားများ အချင်းများခဲ့ကြပြီး စပိန်အသင်းမှ လူငယ်ကွင်းလယ် ကစားသမား ဂါဗီက အသင်းဖော်များနှင့်အတူအောင်ပွဲခံရန် ကွင်းအတွင်းလာရောက်စဉ် အာဂျင်တီးနား အသင်းမှ ပါရီဒက်နှင့် စတင်အချင်းများပြီးနောက် ကစားသမားများကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်တွင် ပါရီဒက်က ကွင်းအတွင်းသို့ အောင်ပွဲခံရန်ပြေးဝင်လာသည့်  ဂါဗီအား ကိုယ်ထိလက်ရောက်ကျူးလွန်ကာ တွန်းထိုးခဲ့သည့်အတွက် ဂါဗီအနေဖြင့် မြေပြင်ပေါ်သို့လဲကျပြီး နောက်ထပ် အာဂျင်တီးနားအသင်းမှကစားသမားတစ်ဦးဖြစ်သည့် မိုလီနာကလည်း ကွင်းအတွင်းမှ စပိန်အသင်းခေါင်းဆောင် ရိုဒရီအောင်ပွဲခံနေမှုကို  သွားရောက်တားမြစ်ခဲ့သည့်အပြင်   ကိုယ်ထိလက်ရောက်ကျူးလွန်မှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်များအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီးနောက် ပြိုင်ဘက်ကစားသမားများအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့် အာဂျင်တီးနားအသင်းမှ ပါရီဒက်အား ပြင်းထန်သည့်ပြစ်ဒဏ်တစ်ရပ်ဖြစ်သော ၁၀ ပွဲပယ်နှင့် ဒဏ်ကြေးအမေရိကန်ဒေါ်လာ  ၉၀၀၀၀ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည့်အတွက် ပါရီဒက်အနေဖြင့်  အာဂျင်တီးနားအသင်းနှင့်အတူ ကာလအတန်ကြာနားရမည်ဖြစ်သည်။

အလားတူ မိုလီနာအား ခုနစ်ပွဲပယ်နှင့် ဒဏ်ကြေးအမေရိကန်ဒေါ်လာ ၉၀၀၀၀ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည့်အပြင် အာဂျင်တီးနားအသင်းကိုလည်း လာမည့်အိမ်ကွင်းပွဲစဉ်နှစ်ပွဲတွင် ပွဲစဉ်ကျင်းပမည့်အားကစားကွင်းအတွင်း အသင်းပရိသတ်များကွင်းအပြည့်ဝင်ရောက်ခွင့် ရရှိမည်မဟုတ်ဘဲ   ပရိသတ်ဝင်ဆံ့မှု၏ ထက်ဝက်သာဝင်ခွင့်ပေးရန် ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။ Ref:Fabrizio Romano

Leave a Reply

Your email address will not be published. Required fields are marked *