ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများအား ဖြိုချ၊ ဖျက်ဆီး အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း၊ လက်နက်များသိမ်းပိုက်ရရှိ

နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကိုပျက်စီးစေပြီး လူ့ကျင့်ဝတ်သိက္ခာများထိခိုက်စေ၍ အများပြည်သူအကျိုးစီးပွားနှင့်အမျိုးသားလုံခြုံရေးကိုပါ အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့်  အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ နိုင်ငံအတွင်းလုံးဝအခြေမချနိုင်သည်အထိ ထိထိရောက်ရောက်ရှာဖွေနှိမ်နင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကိုအခြေချလုပ်ကိုင်ရာတွင် အသုံးပြုခဲ့ကြသည့် တရားမဝင်အဆောက်အအုံများ ပြန်လည်အသုံးမပြုနိုင်အောင်ကိုလည်း အပြီးတိုင်စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုကဲ့သို့ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်းမရှိစေရန်နှင့်အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက် တပ်မတော်စစ်ကြောင်းများက တာဝန်သိဒေသခံပြည်သူများ၏ သတင်းပေးပို့၍ ပူးပေါင်းပါဝင်မှုနှင့်အတူ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများသည် အဆိုပါဒေသအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အခြေချနေထိုင်လုပ်ကိုင်လျက်ရှိကြောင်းသတင်းအရ လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၂၇ ရက်တွင် အဆိုပါဒေသအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် လူနေအဆောက်အအုံ ၈ လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်နေကြသူ အမျိုးသား ၆၅၂ ဦး၊ အမျိုးသမီး ၁၂၅ ဦး၊ စုစုပေါင်း ၇၇၇ ဦးတို့အားလုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းကို သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ 

အထက်ပါဖြစ်စဉ်မှ သိမ်းဆည်းရမိလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ကွန်ပျူတာ ၈၅ လုံး၊ ဖုန်းမျိုးစုံ ၁၈၃ လုံးနှင့် Star Link ၁ လုံးတို့ကိုလည်း ပြန်လည်အသုံးမပြုနိုင်စေရန်အတွက် ဩဂုတ်လ ၁၂ ရက်တွင် မီးရှို့ဖျက်ဆီးပြီး ဖြစ်သည်။အဆိုပါဖမ်းဆီးရမိခဲ့သည့်နေရာရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် နိုင်ငံတော်မှခွင့်ပြုချက်မရှိဘဲ တရားမဝင်ဆောက်လုပ်ထားသည့်အဆောက်အအုံများကို ပြန်လည်အသုံးပြုခြင်းမရှိစေရန်အတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အတူ ဌာနဆိုင်ရာအဖွဲ့များဖြင့် ဖြိုချဖျက်ဆီးခြင်းများကိုဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၁၂ ရက်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာ၌အသုံးပြုခဲ့သည့် ၂  ထပ်တိုက်လူနေအဆောက်အအုံ ၂ လုံးအားလည်းကောင်း၊ ဩဂုတ်လ ၁၃ ရက်တွင် ၁  ထပ်လူနေအဆောက်အအုံ ၁ လုံးအားလည်းကောင်း၊ ဩဂုတ်လ  ၁၄  ရက်တွင် ၁ ထပ် လူနေ အဆောက် အအုံ ၁ လုံးအားလည်းကောင်း၊ ဩဂုတ်လ ၁၅ ရက်တွင် ၁ ထပ်လူနေ အဆောက်အအုံ ၁ လုံးအားလည်းကောင်း၊ ဩဂုတ်လ  ၁၆  ရက်တွင် ၁ ထပ်လူနေ အဆောက်အအုံ ၁ လုံးအားလည်းကောင်း၊ ယနေ့တွင် ၁ ထပ်လူနေအဆောက်အအုံ ၁ လုံးနှင့် ၃ ထပ်လူနေအဆောက်အအုံ ၁ လုံးတို့အားလည်းကောင်း၊ စုစုပေါင်း အဆောက်အအုံ ၈ လုံးကို ယမ်းများဖြင့် စနစ်တကျဖောက်ခွဲဖျက်ဆီးပြီးဖြစ်ကြောင်းသိရှိရသည်။           

ထို့ပြင် တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါနယ်မြေအတွင်းအွန်လိုင်း လိမ်လည်လောင်းကစားမှုများ  အခြေချလုပ်ကိုင်မှုမရှိစေရေး  နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဩဂုတ်လ ၂ ရက်မှစ၍ တစ်ဆင့်ပြီးတစ်ဆင့် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ  ယနေ့မွန်းလွဲပိုင်းတွင် အထက်ပါဖမ်းဆီးရမိခဲ့သည့်နေရာ၏အရှေ့တောင်ဘက် မီတာ ၄၀၀၀ ခန့် အကွာတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့်  အလျား ၁၀၀ ပေ၊ အနံ ၄၀ ပေ သွပ်မိုး ၁ ထပ် အဆောက်အုံ ၁ လုံး၊ အလျား ၈၀ ပေ၊ အနံ ၂၀ ပေ၊ သွပ်မိုး ၁ ထပ် အဆောက်အအုံ ၁ လုံး၊ အလျား ၅၀ ပေ၊ အနံ ၄၀ ပေ သွပ်မိုး ၁ ထပ် အဆောက်အအုံ ၂ လုံး၊ အလျား ၅၀ ပေ၊ အနံ ၂၀ ပေ သွပ်မိုး ၁ ထပ် အဆောက်အအုံ ၁ လုံး၊ အလျား ၉၀ ပေ၊ အနံ ၂၀ ပေ သွပ်မိုး ၁ ထပ် အဆောက်အအုံ ၁ လုံး၊ အလျား ၃၀ ပေ အနံ ၂၀ ပေ Steel Structure ရေတိုင်ကီ အကြီး ၂ လုံးပါ သွပ်မိုး အဆောက်အအုံ ၁ လုံးတို့အား ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရသည်။ 

တပ်မတော်စစ်ကြောင်းများအနေဖြင့် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများအား အခကြေးငွေရယူပြီး အကာအကွယ်ပေးနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့်ထိတွေ့တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်းအချို့၊ လက်နက်မျိုးစုံ၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများသိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်သားအချို့ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

          နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများပပျောက်စေရေးနှင့်မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကိုအထူးအလေးထား၍  တက်ကြွစွာဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *