နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေး တာဝန်များကိုထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ဩဂုတ်လ ၈ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်လန်မြို့ရှိ နယ်မြေခံတပ်ရင်း၌ ကျင်းပပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးမင်းဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်း သာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ် စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေ ရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာ များတွင် စစ်ဆင်ရေးတာဝန်များကို မိဝေး ဖဝေး၊ မိသားစုများနှင့် ဝေးကွာ၍ နေ့မအား၊ ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဂုဏ်ပြုပန်းကုံးများ၊ အောင်သပြေခက်များဖြင့်လည်းကောင်း၊ အတီးအမှုတ်၊ အကအခုန်များဖြင့်လည်းကောင်းသောင်းသောင်း ဖြဖြဂုဏ်ပြုကြိုဆိုကြသည်။ ထို့ပြင် တိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအားဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး ရှေ့တန်းပြန်တပ်မတော် သားများနှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြသည်။
အလားတူ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊နောင်ချိုမြို့နယ်အတွင်းရှိ နယ်မြေခံတပ်ရင်းများ၌ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက ဂုဏ်ပြုပန်းကုံးများ၊ အောင်သပြေခတ်များဖြင့်လည်းကောင်း၊ အတီးအမှုတ်၊ အကအခုန်များဖြင့်လည်းကောင်း သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုခဲ့ကြပြီး တာဝန်ရှိသူများက အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငေွများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
