ယနေ့ကာလသည် ပြည်တွင်းကုန်ထုတ်လုပ်မှုကိုအားပေး၍ သွင်းကုန်အစားထိုးစီးပွားရေးစနစ်သို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းနေသည့်အချိန်အခါဖြစ်သည်။ ထိုအပြောင်းအလဲတွင် မြန်မာ့လယ်ယာစီးပွားရေးတွင် သမိုင်းဝင်ဖြစ်ခဲ့သည့်ဝါသီးနှံသည် သာမန်စိုက်ပျိုးရေးအဆင့်မှသည် နိုင်ငံတော်၏ စက်မှုကဏ္ဍနှင့်အထည်အလိပ်လုပ်ငန်းစဉ်တစ်ခုလုံးကို မောင်းနှင်ပေးမည့်အဓိကစက်မှုကုန်ကြမ်းသီးနှံအဖြစ် ပြန်လည်ဆန်းသစ်ကာသက်ဝင်လှုပ်ရှားလာခဲ့ပြီဖြစ်သည်။
ဝါသီးနှံသည် စတင်စိုက်ပျိုးချိန်မှဂွမ်းအဆင့်သို့ရောက်ရှိသည်အထိလုပ်ငန်းစဉ်တိုင်းတွင် လုပ်သားအင်အားအမြောက်အမြားလိုအပ်သဖြင့် ကျေးလက်ပြည်သူများနှင့်အခြေခံလူတန်းစားများအတွက် ပုံမှန်ဝင်ငွေရရှိစေမည့် အလုပ်အကိုင်များကိုဖန်တီးပေးနိုင်သည်။ မြန်မာ့သမိုင်းကို ပြန်ပြောင်းကြည့်မည်ဆိုပါကလည်း မင်းတုန်းမင်းတရားကြီးလက်ထက်တွင် ဝါသီးနှံကို စီးပွားရေးနှင့်နိုင်ငံရေးအရအရေးပါသော မဟာဗျူဟာမြောက် ဘုရင့်တော်ဝင်မူပိုင်သီးနှံအဖြစ်သို့ပြောင်းလဲမြှင့်တင်ခဲ့ဖူးသည့် သမိုင်းအစဉ်အလာကောင်းများလည်းရှိခဲ့ပေသည်။
ဘက်စုံသုံးသီးနှံ
“ဝါ” ဟုဆိုလိုက်လျှင် လူအများ၏စိတ်ထဲ၌ ဖြူဖွေးသန့်စင်သော ဝါဂွမ်းများ၊ ချည်မျှင်များနှင့်အထည်အလိပ်လုပ်ငန်းများကိုသာ ပြေးမြင်လေ့ရှိကြသည်။ သို့သော်လက်တွေ့တွင် ဝါပင်သည်အထည်အလိပ်လုပ်ငန်းအတွက်လိုအပ်သည့် ဂွမ်းတစ်မျိုးတည်းကိုသာ ပေးစွမ်းနိုင်သည်မဟုတ်ပါ။ ဝါတစ်ပင်လုံး၏ ထုတ်လုပ်မှုကွင်းဆက်ကိုလေ့လာကြည့်ပါက ဝါဂွမ်းအပြင် ဝါသီးနှံ၏ဘေးထွက်ပစ္စည်းတိုင်းသည် အမျိုးမျိုးသောစက်မှုကုန်ကြမ်းများအဖြစ် ပြောင်းလဲနိုင်သည့် ဘက်စုံသုံးသီးနှံတစ်ခုဖြစ်ကြောင်းတွေ့ရှိရမည်ဖြစ်သည်။
စားသုံးဆီဖူလုံရေးအတွက် ဝါစေ့ဆီ
ဝါကောက်ယူပြီးနောက် စက်ရုံ၌ဝါကြိတ်ခြင်းပြုလုပ်ရာတွင် ဂွမ်းအပြင်ဝါစေ့အမြောက်အမြားဘေးထွက်ပစ္စည်းအဖြစ် ကျန်ရစ်သည်။ ဝါစေ့တွင် ဆီပါဝင်မှု ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်ပါဝင်သဖြင့် ယင်းအစေ့များကို အဆင့်မြင့်နည်းပညာဖြင့် ကြိတ်ခွဲသန့်စင်ပါက အရည်အသွေးမြင့် ဝါစေ့ဆီကို ရရှိနိုင်သည်။ ဝါစေ့ဆီသည် ဗီတာမင်အီးနှင့်မပြည့်ဝဆီများကြွယ်ဝစွာပါဝင်သဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီတစ်မျိုးဖြစ်သည်။ ပြည်ပမှစားသုံးဆီတင်သွင်းမှုအတွက် ဒေါ်လာသန်းပေါင်းများစွာအကုန်အကျခံနေရသည့် မိမိတို့နိုင်ငံအတွက် ဝါစေ့ဆီထုတ်လုပ်မှုတိုးမြှင့်ခြင်းသည် သွင်းကုန်အစားထိုးစီးပွားရေးကို တိုက်ရိုက်အထောက်အကူပြုနိုင်သည်။
မွေးမြူရေးကဏ္ဍအတွက် ဝါစေ့ကြိတ်ဖတ်
ဝါစေ့မှ ဆီကြိတ်ထုတ်ပြီးနောက်ကျန်ရစ်ခဲ့သည့် ဝါစေ့ကြိတ်ဖတ်သည် မွေးမြူရေးကဏ္ဍအတွက် တန်ဖိုးမဖြတ်နိုင်သော ပရိုတင်းဓာတ်ကြွယ်ဝသည့် အရည်အသွေးမြင့်တိရစ္ဆာန်အစာကုန်ကြမ်းဖြစ်သည်။ ဝါစေ့ကြိတ်ဖတ်တွင် ခရူပရိုတင်း ၃၀-၄၀ ရာခိုင်နှုန်းခန့်အထိပါဝင်သဖြင့် နို့စားနွားများအတွက် နို့ထွက်နှုန်းတိုးတက်စေသည့် အဓိကအစာအဖြစ်အသုံးပြုကြသည်။ ကြက်၊ ဝက်နှင့်အသားတိုးနွားများအတွက် သဘာဝအာဟာရဖြည့်စွက်စာအဖြစ် သုံးစွဲနိုင်သဖြင့် ပြည်ပမှတိရစ္ဆာန်အစာကုန်ကြမ်းတင်သွင်းရမှုကို သက်သာစေသည်။
အဆင့်မြင့်စက်မှုလုပ်ငန်းသုံးလင်တာဂွမ်း
ဝါစေ့၏ အပြင်ဘက်ခွံတွင် ကပ်ကျန်နေသည့် အလွန်တိုတောင်းသောအမျှင်ငယ်များကို Linter Machine ဖြင့် ဒုတိယအဆင့်ခွဲထုတ်၍ လင်တာဂွမ်းကိုရယူနိုင်သည်။ ယင်းအမျှင်ငယ်များတွင် ဆဲလ်လူလို့စ်ဓာတ်အလွန်မြင့်မားစွာပါဝင်သဖြင့် ငွေစက္ကူ၊ ပလတ်စတစ်၊ ဖလင်၊ ဆေးဝါးနှင့် ယမ်းအပါအဝင် အဆင့်မြင့်စက်မှုလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ရာတွင် မရှိမဖြစ်အသုံးပြုကြရသည်။
အလားအလာကောင်းများ
ယနေ့အချိန်တွင် နိုင်ငံတော်မှ ပြည်တွင်းအထည်အလိပ်လုပ်ငန်း ကွင်းဆက်တစ်ခုလုံးဖွံ့ဖြိုးတိုးတက်စေရန် ဝါစိုက်ဧက ခြောက်သိန်းကျော်အထိ စိုက်ပျိုးရန် ရည်မှန်းချက်ထားရှိပြီး ဝါစိုက်ဧကတိုးလာစေရန်ဆောင်ရွက်လျက်ရှိသည်။ လက်ရှိကာလတွင် မြန်မာနိုင်ငံ၌ ဝါသီးနှံအပါအဝင် အဓိကသီးနှံ ၁၄ မျိုးကို ပန်းတိုင်အထွက်နှုန်းများသတ်မှတ်၍ ပန်းတိုင်အထွက်နှုန်းရရှိရေးကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည်။ ဝါသီးနှံအတွက် ပန်းတိုင်အထွက်နှုန်းအနေဖြင့် ဝါစိုက်ဧက တစ်ဧကမှ ဝါပိဿာ ၇၀၀ ထွက်ရှိရေးမျှော်မှန်း၍ ဝါမျိုးစေ့အပါအဝင် လိုအပ်သည့်စိုက်ပျိုးနည်းပညာများကို တောင်သူ့လက်ဝယ်အရောက်ဖြန့်ဖြူးပေးလျက်ရှိသည်။ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရန်အတွက် မျိုးကောင်းမျိုးသန့်ထုတ်လုပ်ခြင်းလုပ်ငန်းများသည်အလွန်အရေးကြီးသဖြင့် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်အလေးထားဆောင် ရွက်လျက်ရှိသည်။ တောင်သူများအနေဖြင့်လည်း သာမန်ဒေသဝါမျိုးများထက် မျိုးကောင်းမျိုးသန့်ဝါမျိုးများကိုပြောင်းလဲစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းတိုးရန်သေချာသည်။ အစိုးရနှင့်ပုဂ္ဂလိကလုပ်ငန်းရှင်များပူးပေါင်း၍ ဝါသီးနှံအခြေပြုကျေးလက်ဒေသတန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေးနှင့်ကျယ်ကျယ် ပြန့်ပြန့်ပေါ်ပေါက်လာစေရေးဆောင်ရွက်ခြင်းဖြင့် ကျေးလက်စီးပွားရေးကို တိုက်ရိုက်အကျိုးပြုနိုင်မည်ဖြစ်သည်။
ပြည်တွင်းချည်မျှင်နှင့်အထည်ချုပ်စက်ရုံများအတွက် လိုအပ်သည့်ဝါဂွမ်းကို ပြည်တွင်းမှအပြည့်အဝပံ့ပိုးပေးနိုင်ပါက ပြည်ပမှချည်မျှင်နှင့်အထည် အလိပ် တင်သွင်းမှုအတွက် နိုင်ငံခြားငွေကုန်ကျစရိတ်ကို သက်သာစေမည်ဖြစ်သည်။ ပြည်တွင်းလိုအပ်ချက်ထက်ပိုလျှံလာပါက ပြည်ပသို့ဝါဂွမ်း တင်ပို့ရောင်းချခြင်းဖြင့် ပို့ကုန်ဝင်ငွေတိုးတက်ရရှိနိုင်မည့် အလားအလာကောင်းများရှိသည်။
ဈေးကွက်အာမခံချက်နှင့် ကန်ထရိုက်လယ်ယာစနစ်
စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့်အလျောက် အရောင်းအဝယ်ပြုလုပ်ရာတွင် ဝါသီးနှံ၏သဘောသဘာဝသည် စပါး၊ ပဲ၊ နှမ်းစသည့် သမားရိုးကျသီးနှံများနှင့်မတူညီပါ။ ဝါထွက်ချိန်တွင် ဝယ်ယူမည့်စက်ရုံ သို့မဟုတ် ဝါကုန်သည်မရှိပါက တောင်သူများအနေဖြင့် ကိုယ်တိုင်ထုတ်လုပ်ရန်လည်း မဖြစ်နိုင်၊ ကိုယ်တိုင်ဈေးတွင်သွားရောက်ရောင်းချရန်လည်း မဖြစ်နိုင်သည့်အကန့်အသတ်ရှိပေသည်။ ထို့ကြောင့် ဝါသီးနှံကို တောင်သူများရဲရဲဝံ့ဝံ့ စိုက်ပျိုးလာစေရန်အတွက် အာမခံဈေးကွက်ရှိခြင်းသည် အဓိကအသက်သွေးကြောဖြစ်သည်။ စက်ရုံများနှင့် တောင်သူများကြား မစိုက်ပျိုးခင်ကတည်းက ကြိုတင်ဈေးနှုန်း သတ်မှတ်ဝယ်ယူသည့် အကျိုးတူကန်ထရိုက်လယ်ယာစနစ် သို့မဟုတ် အစိုးရနှင့်ပုဂ္ဂလိကစက်ရုံများက တိကျသောအဝယ်ဒိုင်များစနစ်တကျ ဖွင့်လှစ်ပေးသည့် မူဝါဒများသည် ဝါစိုက်တောင်သူများအတွက် မရှိမဖြစ်လိုအပ်သော ဝါဈေးကွက်ကာကွယ်စောင့်ရှောက်မှုများ ဖြစ်ပေသည်။
ယခုခေတ်တွင် ပုဂ္ဂလိကစက်ရုံပိုင်ရှင်များ၊ ချည်မျှင်စက်များမှနေ၍ တောင်သူများကို ဝါမျိုးကောင်းမျိုးသန့်၊ မြေဩဇာနှင့်အခြားလိုအပ်သည့် သွင်းအားစုများကြိုတင်ပံ့ပိုးပေးကာ အာမခံဈေးနှုန်းဖြင့်ပြန်လည်ဝယ်ယူသည့်စနစ်များ တိုးတက်လာနေသည်။ ဤစနစ်သည် တောင်သူများအတွက် ဈေးကွက်အာမခံချက်ရရှိစေပြီးလုပ်ငန်းရှင်များအတွက် အရည်အသွေးကောင်းမွန်သည့် ဝါဂွမ်းကုန်ကြမ်းမှန်မှန်ရရှိစေမည့် နှစ်ဦးနှစ်ဖက်အကျိုးရှိစေသည့် စီးပွားရေးပုံစံဖြစ်သည်။
နိုင်ငံတော်မှပံ့ပိုးပေးနေမှုများ
နိုင်ငံတော်အနေဖြင့် ဝါကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မကွေးတိုင်းဒေသကြီး၏မြို့တော် မကွေးမြို့တွင်“ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့”ဟူသည့် ခေါင်းစဉ်နှင့်ဆွေးနွေးပွဲတစ်ရပ်ကိုကျင်းပခဲ့ပြီး ဝါလုပ်ငန်းဆိုင်ရာအစုအဖွဲ့အလိုက် တောင်သူများနှင့်လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများတက်ရောက်ဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲမှထွက်ပေါ်လာသည့်ရလဒ်များအရဖြည့်ဆည်းရန်လိုအပ်သည်များကို နိုင်ငံတော်က ဖြည့်ဆည်း ပေးလျက်ရှိပြီဖြစ်သည်။ ဝါလုပ်ငန်းရှင်များအား အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး(MSME)ရန်ပုံငွေမှ ချေးငွေများထုတ်ချေးပေးလျက်ရှိသည်။ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်များအရပြည်တွင်းမှထွက်ရှိသည့်ဝါများအား တစ်နိုင်တစ်ပိုင်ကြိတ်ခွဲနိုင်ရန်နှင့် တောင်သူများအနေ ဖြင့် စိုက်ပျိုးထွက်ရှိသည့်ဝါများကို တစ်နိုင်တစ်ပိုင်ကြိတ်ခွဲခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် ပြည်တွင်းမှထုတ်လုပ်ထားသည့် ဝါကြိတ်စက်(ဂျင်ခုံ)များကို အထူးချေးငွေအစီအစဉ်ဖြင့် ရောင်းချပေးသွားမည်ဟုသိရသဖြင့် လုပ်ငန်းရှင်များအတွက် ဝမ်းမြောက်ဖွယ်ရာဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် ဝါသီးနှံသည် အဓိကထွက်ကုန်ဖြစ်သည့် ဝါဂွမ်းဖြင့် အထည်ချုပ်ကဏ္ဍကို ဖွံ့ဖြိုးစေရုံမျှသာမက ဝါစေ့ဆီဖြင့် စားသုံးဆီဖူလုံရေး၊ ဝါစေ့ဖတ်ဖြင့် မွေးမြူရေးကဏ္ဍ၊ လင်တာဂွမ်းမွေးဖြင့် စက်မှုကဏ္ဍအထိ ဘက်စုံအကျိုးပြုနေသောသီးနှံဖြစ်သည်။ သို့ဖြစ်ရာ ဝါမှထွက်ရှိလာသည့် ဂွမ်းအပါအဝင် အခြားသော ဘေးထွက်ကုန်ကြမ်းအသီးသီးကို အပြည့်အဝအသုံးပြုနိုင်မည့် ထုတ်လုပ်မှုကွင်းဆက် တစ်ခုလုံးဖွံ့ဖြိုးတိုးတက်အောင် စနစ် တကျချိတ်ဆက်ဆောင်ရွက်သွားမည်ဆိုပါက ဝါဈေးကွက်ခိုင်မာအားကောင်းလာပြီး ဝါစိုက်ပျိုးသူများအတွက်သာမက ကွင်းဆက်တစ်လျှောက်ပါဝင်သူအားလုံးအကျိုးဖြစ်ထွန်း၍ နိုင်ငံ့စီးပွားရေးအတွက် ဧကန်မလွဲအကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပါကြောင်းတင်ပြလိုက်ရပါသည်။ ။ ဒေါက်တာ သူဇာဝင်း(စိုက်ပျိုးရေး)
