ဆိုး၊ ရာသီဥတု
တောင်ကိုရီးယားနိုင်ငံမှာ ပြင်းထန်တဲ့အပူလှိုင်းတစ်ခုဖြစ်ပေါ်နေပါတယ်။ အဲဒီအပူလှိုင်းကြောင့် မေလ ၁၅ ရက်မှစပြီးအခုအချိန်အထိ သေဆုံးသူစုစုပေါင်း ၁၉ ဦးအထိရှိလာပြီလို့သိရပါတယ်။ တစ်ချိန်တည်းမှာပဲ တောင်ကိုရီးယားနိုင်ငံ မြို့တော်ဖြစ်တဲ့ ဆိုးမြို့မှာ အမြင့်ဆုံးအပူလှိုင်းသတိပေးချက်ကို ဩဂုတ်လ ၄ ရက်မှာ ထုတ်ပြန်ထားရပါတယ်။
ပြီးခဲ့တဲ့ရက်တုန်းက ဆိုးမြို့ရဲ့အရှေ့တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်းခရိုင်များကိုသာ အပူချိန်မြင့်တက်မှု သတိပေးချက်ထုတ်ပြန်ခဲ့ရတာပါ။ ဩဂုတ်လ ၄ ရက်မှာတော့ ဆိုးမြို့ကိုပါအလားတူသတိပေးချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ဒီလိုထုတ်ပြန်ရတဲ့အကြောင်းရင်းက အဲဒီဒေသတွေမှာ နေ့အပူချိန်များက ၃၈ ဒီဂရီစင်တီဂရိတ်မှ ၃၉ ဒီဂရီစင်တီဂရိတ်အထိရှိလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
အခုလိုမျိုး အပူလှိုင်းဖြစ်ပေါ်မှုကြောင့်ဩဂုတ်လ ၂ ရက် တစ်ရက်တည်းမှာပင်အပူကြောင့်ဖြစ်တဲ့ရောဂါ ခံစားရလို့ဆေးရုံတက်ရသူ ၁၀၈ ဦးအထိရှိတာကိုတွေ့ရပါတယ်။ ဒါကြောင့် မေလ ၁၅ ရက်ကစလို့အပူကြောင့် ဖြစ်တဲ့ရောဂါခံစားရပြီး ဆေးရုံတက်ရောက်ကုသမှုခံရသူ ၂၀၂၅ ဦးအထိရှိလာနေပြီဖြစ်တယ်လို့ တောင်ကိုရီးယားရောဂါကာကွယ်ထိန်းချုပ်ရေးဌာနကထုတ်ပြန်ထားပါတယ်။
မွေးမြူရေးတိရစ္ဆာန်များ သေဆုံးမှုမှာဆိုရင်လည်း ဝက်အကောင်ရေ ၂၈၀၀၀ကျော်၊ ကြက်နှင့်ဘဲအကောင်ရေ ၄ သိန်းကျော်အပါအဝင် စုစုပေါင်းအကောင်ရေ၄၃၂၄၅၀ အထိရှိတယ်လို့ဆိုပါတယ်။ အခုလိုမျိုးအပူချိန်မြင့်တက်မှုနဲ့အတူ ရေအပူချိန်လည်း မြင့်တက်လာတဲ့အတွက် နိုင်ငံအနောက်ပိုင်းနဲ့တောင်ပိုင်း ကမ်းရိုးတန်းတွေမှာ သေဆုံးတဲ့ ငါးအကောင်ရေပေါင်း ၁၆၅၁၉၆ ကောင်အထိ ရှိတယ်လို့သိရပါတယ်။ Ref:Xinhua
