တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ

ကျောင်းသားလူငယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက်ဆက်တပ်မတော်သမိုင်း အစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲ လေ့လာနိုင်စေရန်၊ သဘာဝပတ်ဝန်းကျင်ရှုခင်းများကိုကြည့်ရှု၍ စိတ်ကိုကြည်လင်လန်းဆန်းစေပြီး ကျန်းမာသန်စွမ်းစွာ ပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊ တပ်မတော်၏စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား  တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့  လာရောက်လေ့လာနိုင်ရေး  စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

ယင်းသို့ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(ရေဆင်း)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် စိတ်အားထက်သန်စွာဖြင့်  တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)  သို့ လာရောက်လေ့လာကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊  ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး ပြတိုက်တာဝန်ရှိသူက ပြတိုက်၏သမိုင်းနှင့်ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။   ထို့နောက် ကျောင်းသား၊  ကျောင်းသူများသည် တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူး ရုံးပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို စိတ်ပါဝင်စားစွာမေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက  ပြန်လည်ရှင်းလင်းဖြေကြားသည်။

ထို့ပြင် ပြင်ပပြကွက်များတွင် ခင်းကျင်းပြသထားသည့် ပြကွက်များကိုကြည့်ရှုလေ့လာကြပြီး အမှတ်တရ ဓာတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သတင်း ရရှိသည်။ 

လေ့လာရေးခရီးသွားရောက်ခဲ့သည့်ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများ၏ စကားသံများကိုလည်းယခုကဲ့သို့ ကြားသိရပါတယ်-

“ကျွန်မတို့ကျောင်းက ကလေးတွေက တပ်မတော်စစ်သမိုင်းပြတိုက်ကို လေ့လာရေးခရီးစဉ်လာရောက်တာပါ။ ကျွန်မတို့ ဒီနေ့လာရောက်တဲ့လေ့လာရေးခရီးစဉ်မှာ  ပါလာတာကတော့ အလယ်တန်းနဲ့အထက်တန်းစုစုပေါင်း ၉၇၄ ယောက်ပါပါတယ်။ လာရတဲ့ရည်ရွယ်ချက်ကတော့ တပ်မတော် စစ်သမိုင်းပြတိုက်မှာရှိတဲ့  တပ်မတော် (ကြည်း၊ ရေ၊ လေ) ရဲ့ အထင်ကရနေရာတွေကို ကလေးတွေသိရှိသွားအောင်လို့ လာရောက်လေ့လာစေခြင်းပဲဖြစ်ပါတယ်။ အခုလို လာရောက် လေ့လာရတဲ့အတွက် ကလေးတွေကို   ကျွန်မတို့သင်ကြားတဲ့ အခါမှာဆိုရင် စာတွေ့ပဲမဟုတ်ဘဲနဲ့ အခု လက်တွေ့ပါ သူတို့ကို တကယ်သိသိသာသာမြင်စေမယ့် လက်တွေ့မြင်ကွင်းတွေကို ဒီမှာတာဝန်ရှိတဲ့သူတွေ ရှင်းပြတဲ့အတွက်ကြောင့် ကလေးတွေရဲ့ ဗဟုသုတတွေလည်း ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။  အခုလေ့လာရေးခရီးစဉ်ဟာ ကျွန်မတို့ကလေးတွေအတွက် အများကြီးအထောက် အကူပြုပါတယ်။ နောင်တစ်ချိန်မှာ ကျွန်မ တို့ကလေးတွေကလည်း တပ်မတော်(ကြည်း၊ ရေ၊ လေ)မှာ တာဝန်ထမ်းဆောင်နေတဲ့ သူတွေကိုကြည့်ပြီးတော့ သူတို့ရဲ့ရည်မှန်း ချက်တွေရှိခဲ့တဲ့သူတွေဆိုရင်လည်း သူတို့ရည်မှန်းချက်ရောက်အောင်လို့ ဘယ်လို ကြိုးစားရမလဲ။ နိုင်ငံတော်ကို ဘယ်လို ကာကွယ်စောင့်ရှောက်ရမလဲဆိုတဲ့ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်တဲ့ စိတ်တွေလည်း ပေါက်ဖွားလာမှာဖြစ်ပါတယ်။ ကျွန်မတို့ကလေးတွေကို တပ်မတော်(ကြည်း၊ ရေ၊ လေ)မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ နိုင်ငံတော်အကြီးအကဲတွေ အကြောင်းတွေ၊ တိုက်ပွဲတွေမှာ အသက်ကိုစတေးပြီးတော့ ရွပ်ရွပ်ချွံချွံတာဝန်ထမ်းဆောင်ခဲ့တဲ့ သူရဘွဲ့ရတဲ့ အရာရှိတွေ၊ အခြားအဆင့်တွေအကုန်လုံးကိုလည်း ကျွန်မတို့ကလေးတွေကို ပြောပြခွင့်ရတဲ့အတွက်ကြောင့် များစွာ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒီနေ့လေ့လာရေး ခရီးစဉ်ဖြစ်မြောက် အောင်ဆောင်ရွက်ပေးခဲ့တဲ့  နိုင်ငံတော်အဆင့် လူကြီးတွေအကုန်လုံးရယ် ပြီးတော့ ကျွန်မတို့ကလေးတွေအကုန်လုံးကို ဖော်ရွေနွေးထွေးစွာကြိုဆိုပေးတဲ့  စစ်သမိုင်းပြတိုက်က  တာဝန်ရှိတဲ့သူတွေကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်” ဟု ပြောသည်။

“ကျွန်တော်တို့ကျောင်းမှာ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းကို သင်ကြားရတဲ့တစ်လျှောက်လုံးက စာတွေ့တွေပဲ ဖြစ်နေတယ်။ အခုလို နိုင်ငံတော်အစိုးရကနေပြီးတော့ ကျွန်တော်တို့အတွက် စာတွေ့၊ လက်တွေ့တွေနဲ့ ပေါင်းပြီးတော့ ပညာဗဟုသုတတွေတိုးပွားအောင် အခုလိုလေ့လာရေးခရီးစဉ်တွေ ပို့ဆောင်ပေးတဲ့အတွက် တာဝန်ရှိတဲ့လူကြီးများကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။ ကျွန်တော်ကျောင်းသားတစ်ယောက်အနေနဲ့လည်း တအားကို ပျော်ရွှင်ကြည်နူးမိပါတယ်။ အခု  တပ်မတော်စစ်သမိုင်းပြတိုက်မှာ  ဘယ်အပိုင်းတွေစိတ်ဝင်စားခဲ့သလဲဆိုရင် အထူးသဖြင့်တင့်ကား ပေါ့နော်။ တစ်ခါမှမတွေ့ဖူးခဲ့ပါဘူး။  တင့်ကားရဲ့လုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ လက်တွေ့ကျကျ လေ့လာခဲ့ရတဲ့အတွက် ဗဟုသုတတွေပိုပြီး တိုးပွားပါတယ်။ နောက်ထပ်လေ့လာဖြစ်တာကတော့ တပ်မတော်ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွေကို စိတ်ပါဝင်စားစွာ လေ့လာဖြစ်ခဲ့ပါတယ်။ ကျောင်းသားတစ်ယောက်အနေနဲ့  တပ်မတော်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုတွေကို  အသေးစိတ်လေ့လာခဲ့ရတဲ့အတွက် တပ်မတော်ကို ပိုပြီးတော့လည်းလေးစားတဲ့စိတ်တွေ ဖြစ်ပေါ်လာတယ်။ မျိုးချစ်စိတ်ဓာတ်တွေလည်း ပိုမိုပြင်းထန်လာပါတယ်။ အခုလို လေ့လာရေးခရီးစဉ်မျိုးကို နောက်ထပ် နောက်ထပ်သွားချင်သေးပါတယ်ခင်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့  ကျွန်တော်တို့ကျောင်းသားတွေဟာ ကျောင်းမှာစာပဲသင် နေတဲ့အတွက်ကြောင့် အခုလိုပြင်ပဗဟုသုတ တွေလည်းရတယ်။ စိတ်ကိုလည်း Relax ဖြစ်စေပါတယ်။ ကျောင်းသားတွေအတွက်လည်း   စူးစမ်းလေ့လာချင်စိတ်ကိုပိုပြီးတော့ ဖြစ်စေတယ်။ ဒါကြောင့် နောက်ထပ်လည်း အခုလိုလေ့လာရေးအစီအစဉ်တွေကိုလည်း သွားချင်ပါသေးတယ်”ဟု ပြောသည်။                                         

Leave a Reply

Your email address will not be published. Required fields are marked *