မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်း လိမ်လည်လောင်းကစားမှုများ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် နယ်မြေဒေသအသီးသီး၌ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ရှာဖွေစစ်ဆေးဖော်ထုတ်မှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်နေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့များပါဝင်သော တပ်မတော်စစ်ကြောင်းများသည် လိုအပ်သည့် ရှာဖွေစိစစ်မှုများဆောင်ရွက်စဉ် ယနေ့နံနက်ပိုင်းတွင် လဲချားမြို့နယ်၊ ဆီးဆောကျေးရွာ၏ အရှေ့တောင်ဘက်မီတာ ၂၅၀၀ ခန့်သို့အရောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် တရားမဝင်တရုတ်နိုင်ငံသား အမျိုးသား ၁၇ ဦးတို့အား အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အလျား ၅၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၅ ပေ ယာယီအလုပ်ရုံမိုးကာတဲ ၁ လုံး၊ အလျား ၆၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၅ ပေ ယာယီလူနေမိုးကာတဲ ၁ လုံး၊ အလျား ၁၅ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၀ ပေ ထမင်းချက်ဆောင် မိုးကာတဲ ၁ လုံး၊ အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၅ ပေ ယာယီ လူနေမိုးကာတဲ ၁ လုံး၊ Star Link ၁၀ စုံ၊ Star Link ဗန်း ၂ ခု၊ Laptop ၂၅ လုံး၊ Power Station ၆ လုံး၊ Wifi U6 Pro ၆ ခု၊ Freezer (အလတ်) ၁ လုံး၊ ပလက် စတစ်စားပွဲ၊ ကုလားထိုင်များ၊ မီးစက် ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများသည် အဆိုပါနေရာတစ်ဝိုက်အားပိတ်ဆို့ရှာဖွေစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဆီးဆောရွာ၏ အရှေ့တောင်ဘက် မီတာ ၂၀၀၀ခန့်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် တရားမဝင်တရုတ်နိုင်ငံသား အမျိုးသား ၁၁ ဦးတို့အားလည်းကောင်း၊ ဆီးဆောရွာ၏တောင်ဘက် မီတာ ၁၇၀၀ ခန့်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် တရားမဝင်တရုတ်နိုင်ငံသား အမျိုးသား ၆ ဦးကိုလည်းကောင်းအသီးသီးထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းအွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်ခဲ့သည့် တရားမဝင်တရုတ်နိုင်ငံသားအမျိုးသား ၃၄ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။



အဆိုပါအွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများပပျောက်စေရေးနှင့်မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
