စစ်ဆင်ရေးတာဝန်များကိုထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန်နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကျင်းပ

နိုင်ငံတော်တည်ငြိမ်ရေးနှင့်နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသောရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအားဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ဩဂုတ်လ ၂၆ ရက်နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ကျောင်းသား၊ကျောင်းသူများနှင့်ဒေသခံတိုင်းရင်းသားပြည်သူများတက်ရောက်ကြသည်။            

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိတိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာနေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့်အသက်အိုးအိမ်စည်းစိမ်ဥစ္စာလုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက်ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့်ဝေးကွာ၍ နေ့မအားညမအား စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းမှူးနှင့်တက်ရောက်လာကြသူများက အောင်သပြေခက်ကမ်း၍လည်းကောင်း၊ တိုင်းရင်းသားရိုးရာ အတီး ၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း၊ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြသည်။ ယင်းနောက် တိုင်းမှူးက  အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

အလားတူ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲကို ကချင်ပြည်နယ်၊ တနိုင်းမြို့ရှိနယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ဆရာ၊  ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများက ဂုဏ်ပြုပန်းကုံးများ၊  အောင်သပြေခက်များဖြင့်လည်းကောင်း၊ အတီးအမှုတ်၊ အကအလှများဖြင့်လည်းကောင်းသောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုခဲ့ကြပြီး  တာဝန်ရှိသူများက အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *