နီပေါနိုင်ငံနဲ့ တရုတ်နိုင်ငံနယ်စပ်ဒေသမှာ ဩဂုတ်လ ၂၆ ရက်က ရုတ်တရက်ရေကြီးမှုဖြစ်ပွားပါ တယ်။ အထူးသဖြင့် နီပေါနဲ့တိဗက်ဒေသနယ်စပ်မှာဖြစ်ပွားတာပါ။ဒီလိုမျိုး ရုတ်တရက်ရေကြီးပြီး ရွှံ့ရေတွေတစ်ဟုန်ထိုးစီးဆင်းလာတာကြောင့် အခုအချိန်အထိ လူပေါင်း ၁၀၀ ကျော်သေဆုံးထားပြီး ပျောက်ဆုံးသူ ရာပေါင်းများစွာ ရှိတယ်လို့စာရင်းကောက်ယူရရှိထားကြောင်း ဒေသတွင်းတာဝန်ရှိသူများက ပြောပါတယ်။
ပျောက်ဆုံးနေသူတွေထဲမှာ ခရီးသွားအများစုပါဝင်နေတဲ့အပြင် စစ်သည်များနဲ့ ရဲတပ်ဖွဲ့ဝင်များလည်းပါဝင်နေပြီး လူ ၅၄ဦးကိုသာ ကယ်ဆယ်ထားနိုင်သေးတယ်လို့ ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူတစ်ဦး ကပြောပါတယ်။ စစ်သည်များနဲ့ ရဲတပ်ဖွဲ့ဝင်များ ပျောက်ဆုံးရခြင်းဟာ သူတို့ရဲ့ရိပ်သာတွေက ရေစီးနဲ့မျော ပါသွားခြင်းကြောင့်ဖြစ်တယ်လို့လည်းသိရပါတယ်။
တစ်ချိန်တည်းမှာပဲ ပြင်းထန်လှတဲ့ရေစီးကြမ်းမှုကြောင့် တံတားပေါင်း ၁၉ စင်းဟာ ရေစီးနဲ့အတူ မျောပါသွားရပါတယ်။ ထို့အတူ ကီလိုမီတာ ၄၀ အရှည်ရှိတဲ့ လမ်းမကြီးတစ်ခုကလည်း လုံးဝပျက်စီးသွားပါတယ်။ ရေအားလျှပ်စစ်စက်ရုံ ၁၃ ခုသည်လည်း ရေစီးအားကြောင့်ပျက်စီးသွားတဲ့အထဲမှာပါ ဝင်ပါတယ်လို့ အစိုးရရဲ့ခန့်မှန်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းတုန်းကပြင်းအား ၄ ဒသမ ၄ မဂ္ဂနီကျုရှိငလျင်ငယ်တစ်ခုက နီပေါ-တရုတ်နယ်စပ်မှာလှုပ်ပါတယ်။ ငလျင်လှုပ်မှုကြောင့် ရေခဲတောင်ပြိုကျမှုတစ်ခုဖြစ်ပေါ်ခဲ့ရပြီး အဲဒီကနေမှတစ်ဆင့် တိဗက်ဒေသမှာရှိတဲ့ ရေကန်တွေကျိုးပေါက်မှုဖြစ်ပွားတဲ့အတွက် အခုလိုရုတ်တရက်ရေကြီးမှု ဖြစ်ပွားရတာဖြစ်တယ်လို့ တာဝန်ရှိသူများကပြောပါတယ်။
လက်ရှိမှာတော့ နီပေါနိုင်ငံမှာသာမကတရုတ်နိုင်ငံမှာပါ အကြီးစားရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်နဲ့ ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူများရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
