မြန်မာ-ရုရှား-ထိုင်း သုံးနိုင်ငံ စွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က အောက်တို ဘာ ၃၁ ရက်တွင် ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီး H.E. Mr. Akanat Promphan ၊ ရုရှားနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး H.E. Mr. Maxim Reshetnikov တို့နှင့် ထိုင်းနိုင်ငံ၌ သီးခြားစီတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် မြန်မာနိုင်ငံ ထားဝယ်ဒေသစီမံကိန်းများသည် ဒေသတွင်းနိုင်ငံများနှင့် ကုန်စည်ကူးသန်းရောင်းဝယ်နိုင်ရန် အချက်အချာကျသည့်နေရာတစ်ခုဖြစ်လာမည်ဖြစ်ရာ သုံးနိုင်ငံလုံးအတွက် အကျိုးဖြစ်ထွန်းစေမည့်စီမံကိန်းဖြစ်၍ အမြန်ဆုံးအကောင်အထည်ဖော်ပြီးမြောက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်လျက်ရှိမှုကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ စွမ်းအင်လိုအပ်ချက်မြင့်တက်လျက်ရှိရာ နှစ်နိုင်ငံပူးပေါင်းဖြေရှင်းနိုင်ရန်ကြိုးစားနေမှု၊ LNG သည် ကျစ်လျစ်သိပ်သည်းစွာ သယ်ဆောင်နိုင်ပြီး သန့်ရှင်းသည့်စွမ်းအင်အဖြစ် သတ်မှတ်ထားရာ ယနေ့စွမ်းအင်အသွင်ကူးပြောင်းရေးကာလတွင် အထူးအရေးပါသည့် စွမ်းအင်ဖြစ်နေ၍ LNG ကုန်သွယ်မှုများမြင့်တက်လာနေမှုကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ရုရှားနိုင်ငံမှ LNG ကို မြန်မာနိုင်ငံသယ်ဆောင်ပြီး ထိုင်းနိုင်ငံက မျှဝေသုံးစွဲခြင်းဖြင့် မြန်မာ-ထိုင်း နှစ်နိုင်ငံစွမ်းအင်အခက်အခဲကိုဖြေရှင်းနိုင်မှု၊ ထားဝယ်ဒေသမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း/ထိုင်းနိုင်ငံအတွင်းသို့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများသွယ်တန်းပြီးဖြစ်ရာ ယင်းအခြေခံကောင်းများကိုအသုံးချ၍ ထားဝယ်ဒေသတွင် LNG Terminal တည်ဆောက်နိုင်မှုကိုလည်း ဆွေးနွေးခဲ့ကြသည်။
မြန်မာ-ရုရှား နှစ်နိုင်ငံကြား LNG အပါအဝင် လောင်စာဆီတင်ပို့နိုင်ရေးအတွက် MoU ရေးထိုးပြီးဖြစ်ရာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် မကြာမီအချိန်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအတွက် MoU ရေးထိုးနိုင်တော့မည်ဖြစ်၍ သုံးနိုင်ငံပူးပေါင်းပြီး စွမ်းအင်ကုန်သွယ်မှုများစတင်နိုင်ရန် အချိန်အခါကောင်းဖြစ်မှု၊ မြန်မာ-ထိုင်း-ရုရှား သုံးနိုင်ငံပူးပေါင်း၍ ထားဝယ်ဒေသတွင်ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
