ဓာတ်ဆားရည်နှင့် ပတ်သက်ပြီး အမေးများသော မေးခွန်းများ

(၁) ဓာတ်ဆားရည်တိုင်းက အတူတူပဲလား ?

– မတူပါဘူး။ အချို့တွေက ဓာတ်ဆားရည် Oral Rehydration Solution(ORS) လို့ပြောရင် BPI/MPF ဓာတ်ဆား နှင့် သီးစုံဓာတ်ဆား၊ အားကစားအချိုရည်(Sports drinks) တွေ အတူတူပဲလို့ ထင်နေပါတယ်။

– ထုတ်လုပ်ထားတဲ့ ရည်ရွယ်ချက်တွေ မတူကြပါဘူး။

– သီးစုံဓာတ်ဆားတွေ၊ အားကစားအချိုရည်တွေက ချွေးထွက်များချိန်မှာ သောက်သုံးဖို့ အဓိကရည်ရွယ်ပါတယ်။ (အချိုများတတ်ကြလို့ ဝမ်းပျက်တဲ့အခါမျိုးမှာ သောက်ရင် အူထဲကနေ ရေကို ပိုစုပ်လို့ ဝမ်းပိုသွားနိုင်ပါတယ်။ ဆီးချိုရှိသူနဲ့လည်း မသင့်တော်ပါဘူး။)

– WHO formula နှင့် ထုတ်လုပ်ထားတဲ့ BPI/MPF ဓာတ်ဆားထုပ်တွေကတော့ ဆိုဒီယမ် ဆားဓာတ်၊ ဂလူးကို့စ်အချိုဓာတ်နှင့် ပိုတက်ဆီယမ်၊ ကလိုရိုက်ဓာတ်တွေကို အချိုးညီညီ ထည့်ထားလို့ အူလမ်းကြောင်းကနေ စုပ်ယူလွယ်ပါတယ်။

– ရေနှင့်ဆားဓာတ်တွေ ဆုံးရှုံးနေတဲ့ အခြေအေနေ (ဥပမာ-ဝမ်းလျှောခြင်း၊ အော့အန်ခြင်း၊ အပူရှပ်ခြင်း) တွေဆိုရင် ဒီ ORS လို့ခေါ်တဲ့ BPI/MPF ဓာတ်ဆားထုပ်ကို သောက်ရမှာ ဖြစ်ပါတယ်။

(၂) ဓာတ်ဆားရည်က အငန်ဓာတ်ပါတော့ သွေးတိုးရှိရင် သောက်လို့ရပါ့မလား ?

– သွေးတိုးရှိရင် ပုံမှန်အချိန်မှာ ဆိုဒီယမ် အငန်များတာတွေနဲ့ မသင့်တော်ဘူးဆိုတာ မှန်ပါတယ်။

– ဒါပေမယ့် ရေနှင့်ဆားဓာတ်တွေ ဆုံးရှုံးနေချိန်မှာတော့ ဓာတ်ဆားရည်ကို သောက်ပေးဖို့ လိုအပ်ပါတယ်။

– ဆိုဒီယမ်က ဆဲလ်အတွင်းအပြင် ရေဓာတ်မျှတအောင်လုပ်ပြီး သွေးဖိအားနှင့်နှလုံးခုန်နှုန်းတွေကို ထိန်းပေးတာဖြစ်လို့ ဆိုဒီယမ်ဆုံးရှုံးနေရင် သွေးဖိအားကို ထိန်းရခက်နေပါလိမ့်မယ်။

– ဒါကြောင့်မို့လို့ ဒီလိုအခြေအနေတွေမှာ ဓာတ်ဆားရည်ကို သောက်ပေးရပါတယ်။

– သွေးတိုး၊ နှလုံး၊ ကျောက်ကပ် စတဲ့ ရောဂါအခံတစ်ခုခုရှိရင် သောက်ရမယ့်ပမာဏကို ဆရာဝန်နှင့် အရင်တိုင်ပင်သင့်ပါတယ်။

(၃) ဓာတ်ဆားရည်ကို အချိုရည်နှင့်ရောပြီး သောက်လို့ရမလား ?

– ဓာတ်ဆားရည်ကို ရိုးရိုးရေနဲ့ပဲ ဖျော်ရပါမယ်။

– ရေနွေးပူနဲ့လည်း မဖျော်သင့်ပါဘူး။

– အချိုရည်၊ အုန်းရည်၊ စွပ်ပြုတ်နဲ့ ရောတာမျိုးလည်း မလုပ်ရပါဘူး။

– ပါဝင်တဲ့ အချိုးအဆ နှင့် အာနိသင်တွေ ပျက်သွားနိုင်လို့ပါ။

– ဆားဓာတ်တွေ များသွားရင် သွေးပေါင်ချိန်တက်နိုင်ပြီး သကြားဓာတ်များသွားရင် ဝမ်းပျက်တာ ပိုဆိုးတတ်ပါတယ်။

(၄) ဓာတ်ဆားထုပ်ကို နည်းနည်းစီပဲ ခွဲဖျော်လို့ရလား ?

– ဓာတ်ဆားထုပ်ကို နည်းနည်းပဲဖျော်ပြီး လက်ကျန်ကို သိမ်းထားတာမျိုး မလုပ်ရပါဘူး။

– ဒီလိုလုပ်လိုက်ရင် ဓာတ်ဆားအာနိသင်တွေ လျော့ကျပါတယ်။

– ခန့်မှန်းပြီး ဖျော်စပ်တဲ့အခါ အချိုးအဆတွေလည်း မှန်ကန်တိကျမှု မရှိနိုင်ပါဘူး။

– ဓာတ်ဆားကငန်လို့ ရေကို ပိုထည့်တာ (သို့) ရေနည်းနည်းနဲ့ပဲ ဖျော်တာတွေလည်း လုံးဝမလုပ်ရပါဘူး။ အညွှန်းအတိုင်းပဲ တိတိကျကျ ဖျော်ရပါမယ်။

– တစ်ထုပ်လုံးကို တစ်ခါတည်း ဖျော်ရပါမယ်။

– ဖျော်ပြီးသား ဓာတ်ဆားရည်ကို ၂၄ နာရီအတွင်းပဲ သုံးပါ။ မကုန်ဘဲကျန်နေရင် သွန်ပစ်ပြီး အသစ်တစ်ထုပ် ထပ်ဖျော်ရပါမယ်။

– ပုံမှန်အားဖြင့် ၂၄နာရီအတွင်း ဓာတ်ဆား ၁လီတာလောက် သောက်ပေးနိုင်ပါတယ်။

– ဝမ်းပျက်နေရင် ဝမ်းသွားတဲ့ ပမာဏအလိုက် ချင့်ချိန်ပြီး သောက်ပေးရပါမယ်။

(၅) ဓာတ်ဆားသောက်ရင် ဝမ်းပိတ်သွားမလား ?

– ဓာတ်ဆားရည်မှာ ဝမ်းပိတ်သွားအောင် ကုသနိုင်တဲ့အစွမ်း မရှိပါဘူး။

– ဓာတ်ဆားရည်က ရေဓာတ်ခန်းခြောက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ မူးဝေခြင်း၊ အားနည်းခြင်းများကိုပဲ ကာကွယ်ပေးနိုင်ပါတယ်။

– ဝမ်းရပ်သွားအောင် ကုသဖို့က ဆရာဝန်ညွှန်ကြားတဲ့ ပိုးသတ်ဆေး၊ ဝမ်းလျှောသက်သာဆေးများ လိုအပ်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *