Xiaomi ရဲ့ လျှပ်စစ်ပြိုင်ကားအသစ်

လျှပ်စစ်ကားတစ်စီးလျင်မြန်ဖို့ဆိုတာက မြင်းကောင်ရေများများထည့်လိုက်ရုံနဲ့ မပြီးပါဘူး။ ဖြောင့်တန်းတဲ့လမ်းမှာ အရှိန်ပြင်းပြင်းနဲ့ မောင်းနိုင်တာကတစ်ပိုင်း၊ အကွေ့တွေမှာ အရှိန်မလျှော့ဘဲ ထိန်းထိန်းသိမ်းသိမ်းနဲ့မောင်းနိုင်တာက တစ်ပိုင်းပါ။ အထူးသဖြင့် အလေးချိန်၂ တန်ကျော်ရှိတဲ့ လျှပ်စစ်ကားတစ်စီးကိုကားပြိုင်ကွင်းပေါ်မှာ အမြန်ဆုံးမောင်းနိုင်ဖို့ဆိုတာ အင်ဂျင်စွမ်းအားတစ်ခုတည်းနဲ့မဖြေရှင်းနိုင်တဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။

အခု တရုတ်နည်းပညာကုမ္ပဏီဖြစ်တဲ့ Xiaomi က ဒီစိန်ခေါ်မှုကို လက်ခံလိုက်ပါပြီ။ ကုမ္ပဏီရဲ့ SU7 Xtreme လျှပ်စစ်ပြိုင်ကားကို ဂျာမနီနိုင်ငံရှိပြိုင်ကွင်းမှာအပြင်းအထန်စမ်းသပ်မောင်းနှင်နေပါတယ်။ကားကိုဖုံးအုပ်ထားတဲ့ ရုပ်ဖျက်အရောင်တွေကိုဖယ်ရှားပြသလိုက်ချိန်မှာတော့ ဒီကားဟာအလှဆင်ပစ္စည်းအနည်းငယ် ပြောင်းထားတဲ့အလှစီးကားတစ်စီးမဟုတ်ဘူးဆိုတာကိုသိလာရပါတယ်။

အထူးသဖြင့်ကားနောက်ဘက်မှာတပ်ဆင်ထားတဲ့ အရွယ်ကြီးမားတဲ့ Spoiler က အာရုံစိုက်စရာပါ။ ငန်းလည်ပင်းဒီဇိုင်းနဲ့ တည်ဆောက်ထားတဲ့  အဲဒီ Spoiler ဟာ ပြိုင်ကားတစ်စီးရဲ့အသွင်အပြင်ကို ပိုမိုကြမ်းတမ်းစေသလို အရှိန်မြင့်မောင်းနှင်ချိန်မှာကားကိုလမ်းပေါ် ပိုမိုဖိကပ်နေစေဖို့လည်း ရည်ရွယ် ပါတယ်။

ကားရှေ့ပိုင်းကို အကြီးအကျယ်ပြင်ဆင်ထားတာတွေ့ရပါတယ်။ ဘန်ပါအောက်ခြေမှာလေခွင်းအားထိန်းကိရိယာ ထည့်သွင်းထားပြီး ရှေ့ဘီးအပေါ်ဘက်မှာ လေထွက်ပေါက်တွေ ဖောက်ထားပါတယ်။ အရှိန်မြင့်လာတဲ့အခါ ဘီးအတွင်းလေဖိအားမြင့်တက်ပြီး ကားရှေ့ပိုင်းကို အပေါ်ဘက်ကြွတက်စေနိုင်ပါတယ်။ အဲဒီအခြေအနေမှာ ရှေ့တာယာတွေကလမ်းမျက်နှာပြင်ကို ကောင်းကောင်းမဖိနိုင်တော့ဘဲအကွေ့ဝင်တဲ့အခါထိန်းချုပ်ရခက်လာနိုင်ပါတယ်။ ဘီးအပေါ်ဘက်က လေထွက်ပေါက်တွေက ဒီပြဿနာကိုလျှော့ချဖို့ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Xiaomi က အရှိန်တင်နိုင်ဖို့တင်မကအရှိန်မြင့်နေချိန်မှာပါ ကားကို ဘယ်လိုထိန်းမလဲဆိုတာကိုပါ အလေးထားလာတာပါ။

ဒီပြိုင်ဆိုင်မှုရဲ့ နောက်ကွယ်မှာတော့ Xiaomi နဲ့ Porsche တို့ရဲ့စံချိန်လုပွဲရှိပါတယ်။ ၂၀၂၅ ခုနှစ် ဇွန်လမှာ Xiaomi SU7 Ultra ဟာ ပြိုင်ကွင်းအတွင်း  ၂၀ ဒသမ ၆ ကီလိုမီတာကို ၇ မိနစ်  ၄ ဒသမ ၉၅၇ စက္ကန့်နဲ့  မောင်းနှင်နိုင်ခဲ့ပါတယ်။ အဲဒီရလဒ်ကြောင့် Rimac Nevera ထက်   သုည ဒသမ ၃  စက္ကန့်ပိုမြန်ခဲ့သလို Porsche Taycan Turbo GT ကိုလည်း  ၂ ဒသမ ၅ စက္ကန့်ကျော်အသာရခဲ့ပါတယ်။

စမတ်ဖုန်းထုတ်လုပ်သူကနေမှကမ္ဘာကျော်ပြိုင်ကားထုတ်လုပ်သူတွေကို ပြိုင်ကွင်းပေါ်မှာ အနိုင်ယူလိုက်တာက   မော်တော်ကားလောကအတွက်  အံ့အားသင့်စရာပါပဲ။ ဒါပေမဲ့ Porsche ကတော့ဒီစိန်ခေါ်မှုကိုလက်လွှတ်မခံခဲ့ပါဘူး။ ၂၀၂၆ခုနှစ် မေလမှာ Porsche ဟာ Manthey အဖွဲ့နဲ့ ပူးပေါင်းပြင်ဆင်ထားတဲ့Taycan Turbo GT ကို ပြန်လည်စမ်းသပ်ခဲ့ပါတယ်။ လေခွင်းအားထိန်းစနစ်၊ ပိုမိုပေါ့ပါးတဲ့ ဘီးတွေ၊ ပြိုင်ကွင်းသုံးတာယာတွေနဲ့ ဆော့ဝဲပိုင်းဆိုင်ရာပြုပြင်မှုတွေ လုပ်ပြီးနောက် ၆ မိနစ် ၅၅ ဒသမ ၅၅၃ စက္ကန့်စံချိန်တင်နိုင်ခဲ့ပါတယ်။  ဒါဟာလျှပ်စစ်ဆီဒင်ကားတစ်စီးအနေနဲ့ ၇ မိနစ်အောက် ပထမဆုံးဝင်ရောက်နိုင်ခဲ့တဲ့စံချိန်လည်းဖြစ်ပါတယ်။

ဒါတွေကြောင့် Xiaomi ရဲ့ SU7 Xtreme မှာအခုလိုလေခွင်းအားပိုင်း ပြုပြင်မှုတွေအများကြီးလုပ်ထားတာဟာ အကြောင်းမဲ့မဟုတ်ပါဘူး။ အရင် SU7 Ultra မှာ မြင်းကောင်ရေ ၁၅၂၆ ကောင်အားထုတ်နိုင်တဲ့ မော်တာသုံးလုံးစနစ်ပါဝင်ပါတယ်။ Porsche Taycan Turbo GT ရဲ့ မြင်းကောင်ရေ ၉၃၉  ကောင် အားနဲ့ နှိုင်းယှဉ်ရင် Xiaomi ဘက်ကစွမ်းအားပိုင်းမှာ အသာရနေခဲ့တာပါ။ ဒါပေမဲ့ ပြိုင်ကွင်းမှာမြင်းကောင်ရေများရုံနဲ့ အနိုင်မရနိုင်ပါဘူး။ အကွေ့တွေမှာ ကားကိုထိန်းနိုင်ဖို့၊ ဘရိတ်အုပ်ချိန်မှာတည်ငြိမ်မှုရှိဖို့နဲ့ တာယာတွေကလမ်းကိုကောင်းကောင်းထိတွေ့ထားနိုင်ဖို့လိုအပ်ပါတယ်။ SU7 Xtreme ရဲ့ Spoiler ကြီးနဲ့ရှေ့ပိုင်းလေခွင်းအား  ပြုပြင်မှုတွေဟာ အဲဒီအားနည်းချက်တွေကို ဖြည့်ဆည်းဖို့ ကြိုးပမ်းချက်လို့ မြင်နိုင်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ဒီလိုစွမ်းဆောင်ရည်မြင့်ကားတွေကိုထုတ်လုပ်ရာမှာ တရုတ်ကုမ္ပဏီတွေရဲ့ရည်မှန်းချက်ဟာ ပြိုင်ကွင်းစံချိန်တင်ရုံနဲ့မပြီးပါဘူး။ ဈေးနှုန်းပိုင်းမှာလည်း ဥရောပပြိုင်ဘက်တွေကိုဖိအားပေးနိုင်ပါတယ်။ တရုတ်နိုင်ငံမှာ SU7 Ultra ရဲ့ အခြေခံဈေးနှုန်းက ယွမ် ၈၁၄၉၀၀  (ယူရို  ၁၀၅၀၀၀ ခန့်) ဖြစ်ပါတယ်။ Porsche Taycan Turbo GT ရဲ့ ဥရောပဈေးနှုန်းကတော့ ယူရို ၂၄၀၀၀၀ ကနေ စတင်ပါတယ်။ SU7 Xtreme ရဲ့ဈေးနှုန်းကို Xiaomi က မကြေညာသေးပေမယ့် ဈေးနှုန်းယှဉ်ပြိုင်မှုမှာ အားသာချက်ရှိလာနိုင်ပါတယ်။တရုတ်ကားထုတ်လုပ်သူတွေရဲ့ ပြောင်းလဲလာမှုကိုလည်း ဒီနေရာမှာတွေ့နိုင်ပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်လောက်က တရုတ်ကားတွေကိုဈေးသက်သာမှု၊ နောက်ခန်းကျယ်ဝန်းမှု၊ ဘက်ထရီနည်းပညာတို့နဲ့ အဓိကသိခဲ့ကြပါတယ်။ အခုတော့ Xiaomi၊ BYD နဲ့ XPeng တို့ဟာ ဥရောပမော်တော်ကားအင်ဂျင်နီယာတွေကိုခေါ်ယူပြီး ကမ္ဘာ့အဆင့်ပြိုင်ကွင်းတွေမှာ  စံချိန်ချိုးဖို့ကြိုးပမ်းနေကြပါပြီ။ BYD ရဲ့ Yangwang U9 Xtreme ကလည်း တစ်နာရီ ၅၀၃ ကီလိုမီတာနှုန်းအထိ မောင်းနှင်နိုင်ခဲ့ပါတယ်။

တကယ်တော့ လူအများစုဟာနေ့စဉ်သွားလာဖို့ လျှပ်စစ်ဆီဒင်ကားတစ်စီးကိုဝယ်ကြတာဖြစ်ပြီး ပြိုင်ကွင်းမှာ အမြန်ဆုံးမောင်းဖို့ဝယ်ကြတာမဟုတ်ပါဘူး။ ဒါပေမဲ့ပြိုင်ကွင်းမှာ စမ်းသပ်တီထွင်ထားတဲ့နည်းပညာတွေဟာ နောက်ဆုံးမှာသာမန်ကားတွေဆီကိုရောက်လာတတ်ပါတယ်။ ဘက်ထရီအအေးပေးစနစ် ပိုကောင်းလာတာ၊ ကားကိုယ်ထည်ထိန်းချုပ်မှု ပိုတိကျလာတာနဲ့ အရှိန်မြင့်မောင်းနှင်ချိန် ပိုမိုတည်ငြိမ်လာတာတွေဟာ အဲဒီနည်းပညာတွေကနေရလာနိုင်တဲ့ အကျိုးကျေးဇူးတွေပါ။

SU7 Xtreme ရဲ့ ပြိုင်ကွင်းမှာစမ်းသပ်ထားတဲ့ စံချိန်အသစ်ကိုတော့ အခုအချိန်အထိတရားဝင်ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ကားရဲ့ ပြုပြင်မွမ်းမံမှုတွေကိုကြည့်ရရင် Xiaomi ဟာမြင်းကောင်ရေအားနဲ့ပဲ Porsche ကိုအနိုင်ယူဖို့မကြိုးစားတော့ဘူးဆိုတာ ထင်ရှားပါတယ်။ အခုတစ်ကြိမ်မှာတော့  ကားကို အကွေ့တွေမှာဘယ်လောက်မြန်မြန်မောင်းနှင်နိုင်စွမ်းရှိနေပါစေ အဲဒီအပေါ်မှာဘယ်လောက်တည်ငြိမ်အောင် မောင်းနိုင်မလဲဆိုတာနဲ့ပါ စိန်ခေါ်လာတာဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။Ref:EAကိုထက်

Leave a Reply

Your email address will not be published. Required fields are marked *