မြန်မာတွေရဲ့ အကြီးမားဆုံး ကျန်းမာရေး ပြဿနာက ဆေးပညာ ဝေါဟာရတွေကို နာမည်ဆင်တာနဲ့ ဆွေမျိုးသွားစပ်ပစ်တာပါ။ “သွေးပေါင်ကျတာ” (Low Blood Pressure) နဲ့ “သွေးအားနည်းတာ” (Anemia) ကို နာမည်မှာ ‘သွေး’ ဆိုတဲ့ စာလုံးလေး ပါနေတာနဲ့တင် ရောဂါတစ်ခုတည်း အတူတူပဲလို့ ထင်နေကြတာ။ တကယ်တော့ အဲဒီနှစ်ခုက လုံးဝကို ကွဲပြားတဲ့ ရောဂါနှစ်ခုပါ။
“သွေးပေါင်ကျတယ်” ဆိုတာ ဘာလဲ။
သွေးပေါင်ကျတယ်ဆိုတာ နှလုံးကနေ သွေးတွေကို ခန္ဓာကိုယ်အနှံ့ ရောက်အောင် ညှစ်ထုတ်ပေးတဲ့ တွန်းအား နည်းသွားတာပါ။ လွယ်လွယ်ပြောရရင် အိမ်မှာ ရေတင်တဲ့ မော်တာ အားမကောင်းတာနဲ့ တူပါတယ်။ ခန္ဓာကိုယ်ထဲမှာ သွေးတွေ အလုံအလောက် ရှိနေပေမယ့် အပေါ်က ဦးနှောက်ဆီကို အရှိန်နဲ့ မရောက်တော့ဘူး။
အဲဒီအခါ ဦးနှောက်က အောက်ဆီဂျင် ရုတ်တရက် ပြတ်သွားပြီး ခေါင်းမူးမယ်။ မျက်စိရှေ့မှာ ကြယ်တွေ လတွေ မြင်မယ်။ နားထဲမှာ အူသွားမယ်။ မတ်တပ်ရပ်လိုက်ရင် ယိုင်သွားပါမယ်။ ဒီလိုဖြစ်ရတဲ့ အဓိက တရားခံတွေက ရေဓာတ်ခန်းခြောက်တာ (ချွေးထွက်လွန်းတာ၊ ရေလုံလောက်အောင် မသောက်တာ)၊ အိပ်ရေးမဝတာ၊ ရာသီဥတုပူလွန်းတာ၊ ထမင်းဟင်း အချိန်မှန် မစားတာ ဒါမှမဟုတ် အထိုင်အထ မြန်လွန်းတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
ကုသနည်းက ရှင်းပါတယ်။ သွေးပေါင်ကျလို့ ခေါင်းမူးနေတဲ့သူကို ခုတင်ပေါ်မှာ ပက်လက်လှဲသိပ်ပြီး ခြေထောက်ကို ခေါင်းထက်မြင့်အောင် ခေါင်းအုံးလေး ခံပေးထားလိုက်ပါ။ (ဒါမှ ဦးနှောက်ဆီ သွေးပိုရောက်မှာပါ)။ ပြီးရင် ရေများများတိုက်မယ်၊ ဓာတ်ဆားရည် (ORS) ဖျော်တိုက်မယ်ဆိုရင် ၁၅ မိနစ်၊ နာရီဝက်အတွင်းမှာတင် လူက ချက်ချင်းကို ပြန်လန်းလာပါလိမ့်မယ်။
“သွေးအားနည်းတယ်” ဆိုတာကရော ဘာလဲ။
သွေးအားနည်းတယ်ဆိုတာကတော့ လုံးဝကို တခြား ကိစ္စပါ။ သွေးကြောထဲမှာ လှည့်လည်သွားလာနေတဲ့ သွေးနီဥ အရေအတွက် ဒါမှမဟုတ် ဟေမိုဂလိုဘင် ပမာဏ နည်းနေတာကို ခေါ်တာပါ။ ခန္ဓာကိုယ်အနှံ့ကို အောက်ဆီဂျင်တွေ သယ်ယူပို့ဆောင်ပေးမယ့် သွေးနီဥတွေ အလုံအလောက် မရှိနေတာပါ။
အဲဒီအခါ လူက ရုတ်တရက်ကြီး ခေါင်းမူးလဲကျသွားတာမျိုးထက် တစိမ့်စိမ့်နဲ့ ခံစားရတာ ပိုများပါတယ်။ အမြဲတမ်း နုံးခွေနေမယ်၊ အသားအရေက ဖြူဖတ်ဖြူရော် ဖြစ်နေမယ်။ မျက်လုံးအောက်က အမြှေးပါးလေးတွေကို လှန်ကြည့်လိုက်ရင် ပန်းရောင်သန်းမနေဘဲ ဖြူနေမယ်။ လက်သည်းခွံလေးတွေက သွေးရောင်မရှိဘူး။ လှေကား နည်းနည်းတက်လိုက်တာနဲ့တင် ရင်တွေတုန်ပြီး မောဟိုက်နေမယ်။ ဒါကတော့ အစားအသောက်ထဲမှာ သံဓာတ် ပါဝင်မှု နည်းတာ၊ အမျိုးသမီးတွေ ဓမ္မတာလာစဉ် သွေးဆင်းများတာ ဒါမှမဟုတ် အစာအိမ်အူလမ်းကြောင်းကနေ သွေးတိတ်တိတ်လေး ယိုစိမ့်နေတာတွေကြောင့် ဖြစ်ရတာပါ။
ဒီလိုအခြေအနေမျိုးဆိုရင် ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ သံဓာတ်ပါတဲ့ သွေးအားကောင်းဆေးတွေကို လပေါင်းများစွာ စွဲသောက်ရမှာ ဖြစ်ပါတယ်။
ကိုယ်က သွေးအားနည်းရောဂါ တကယ် ရှိ/မရှိ သိချင်ရင်လည်း တအားလွယ်ပါတယ်။ ဓာတ်ခွဲခန်းတစ်ခုခုမှာ သွေးနီဥအရေအတွက်ကို သွားစစ်ကြည့်လိုက်တာက ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေ သောက်နေတာထက် အများကြီး ပိုလုံခြုံစိတ်ချရပါတယ်။
