သီးနှံအထွက်တိုးရေးအတွက် သဘာ၀မြေဩဇာများထဲတွင် ငါးအမိုင်နိုအက်စစ်ပျစ်ရည်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ငါးအမိုင်နိုအက်စစ်ပျစ်ရည်ကို အသုံးပြုပေးခြင်းအားဖြင့် မြေကြီးအတွင်းတွင် နိုက်ထရိုဂျင်ဓာတ်ကြွယ်၀လာစေခြင်း၊ သီးနှံအထွက်တိုးလာစေခြင်းများ၊ မြေကြီးအတွင်းရှိ ရေ၏ အရည်အသွေးများကို မထိခိုက်စေခြင်း စသည့် အကျိုးကျေးဇူးများစွာကို ရရှိစေနိုင်ပါသည်။
ငါးအမိုင်နိုအက်စစ်ပျစ်ရည်ဆိုသည်မှာ ငါးနှင့်ထန်းလျက်တို့ကို ဆတူရောစပ်ပြီး ရရှိလာသည့် အပျစ်အရည်များပင်ဖြစ်ပါသည်။ ဤအပျစ်အရည်ထဲတွင် နိုက်ထရိုဂျင်ဓာတ် အမြောက်အများပါရှိပြီး သီးနှံအပင်များ အပင်ကြီးထွားဖွံ့ဖြိုးလာအောင် များစွာလုပ်ဆောင်ပေးပါသည်။ ဤအပျစ်ရည်သည် မြေကြီးအတွင်းရှိ အဏုဇီ၀သက်ရှိများအားလုံးတို့အတွက် အံ့ဖွယ်အစာတစ်မျိုးဖြစ်ကာ မှိုများပါ အလွန်နှစ်သက်ပေါက်ဖွားစေသည့် အာဟာရအရည်များပင် ဖြစ်ပါသည်။ အရောင်းဆိုင်များမှ ဝယ်ယူသုံးစွဲကြရမည်ဆိုပါက အလွန်တန်ဖိုးကြီးသော်လည်း မိမိတို့နေအိမ်အတွင်းမှာပင် အလွယ်တကူ ပြုလုပ်သုံးစွဲပေးနိုင်ပါသည်။
ငါးအမိုင်နိုအက်စစ်ဖျော်ရာတွင် ပါဝင်ရမည့် ပစ္စည်းများမှာ ငါး၏ စွန့်ပစ်ပစ္စည်းများ (ခေါင်း၊ အမြီး၊ ကလီစာ) တစ်ပိဿာ၊ ထန်းလျက်အခဲ တစ်ပိဿာ လိုအပ်ပါသည်။ ဖျော်စပ်ပုံမှာ ငါး၏ စွန့်ပစ်ပစ္စည်းများနှင့် ထန်းလျက်ခဲများကို အလေးချိန်ဆတူယူပြီး သင့်တော်သည့်ပုံးတစ်ပုံးထဲသို့ ထည့်ကာ ရောစပ်ပေးရပါသည်။ ရေလုံး၀ မထည့်ရပါ။ ပုံးထဲသို့ထည့်သည့်အခါ ပုံးအပြည့်မထည့်ရဘဲ အပေါ်ဘက်တွင် နေရာလပ်အနည်းငယ်ချန်ထားရပါသည်။ ထန်းလျက်ခဲများကို ထုထောင်းပြီး ငါးအပိုင်းအတစ်များနှင့် ရောစပ်ပေးသောအခါ အမြှုပ်များတက်လာပြီး လျှံမကျစေရန် ဖြစ်ပါသည်။ ပုံး၏အ၀ကို လုံအောင်ဖုံးပိတ်ပြီး အရိပ်ထဲတွင်ထားရပါသည်။ ဖျော်စပ်ပြီး ရက်အနည်းငယ်အတွင်းတွင် အပုပ်နံ့ထွက်တတ်သဖြင့် လူနှင့်အနည်းငယ်ဝေးသောနေရာတွင် ထားရပါသည်။ သုံးရက်လျှင်တစ်ကြိမ် အဖုံးဖွင့် မွှေပေးရပါသည်။ ပူနွေးသောရာသီတွင် ၂၁ ရက်လွန်ပါကအသုံးပြုနိုင်သည့်အဆင့် ရောက်ရှိလာပြီး အေးသောရာသီတွင် ရက်ပေါင်း ၃၀ ကျော်မှသာ အသုံးပြုနိုင်သည့်အဆင့် ရောက်ပါသည်။ ထိုအချိန်တွင် အပုပ်နံ့လုံး၀မရှိတော့ဘဲ ကစော်အနံ့ မွှေးသင်းသင်းသာ ထွက်ရှိပါသည်။
ငါးအမိုင်နိုအက်စစ်ဖျော်ရည်ကို အသုံးပြုရာတွင် မကြေဘဲကျန်နေသည့် ငါးအဖတ်များကို ဆန်ခါဖြင့်စစ်ပြီး အရည်များကို အသုံးပြုရပါသည်။ ငါးအမိုင်နိုအက်စစ်ပျစ်ရည် တစ်ဆ၊ ရေအဆတစ်သောင်း သို့မဟုတ် ရေတစ်ဂါလန်တွင် ပျစ်ရည် ဟင်းစားဇွန်း နှစ်ဇွန်းထည့်၍ ဖျော်စပ်နိုင်ပါသည်။ အသုံးပြုကြရာတွင် နိုက်ထရိုဂျင်ဓာတ် ကြွယ်၀သဖြင့် သီးနှံပင်များ၏ အပင်ပိုင်းကြီးထွားချိန်ကာလတွင် ပက်ဖျန်းပေးရပါသည်။
ငါးအမိုင်နိုကို အပင်များ အဖူးနှင့် ပန်းပွင့်ချိန်များ ပက်ဖျန်းပါက အဖူးအပွင့်ဖြစ်မလာတော့ဘဲ အပင်၏ကြီးထွားမှုများကိုသာ ဆက်လက်ဖြစ်ပေါ်နေစေတတ်ပါသည်။ ငါးအမိုင်နိုကို အပင်ပေါ်သို့ ပက်ဖျန်းနေခြင်း၊ အပင်ရေလောင်းသည့်အခါ ရေထဲသို့ ရောစပ်ထည့်ပေးခြင်း၊ မြေဆွေးပုံပြုလုပ်ရာ၌ အဆွေးမြန်စေရန် ရောထည့်ပေးခြင်းများ အမျိုးမျိုးအသုံးပြုနိုင်ပါသည်။ အရွက်စားဟင်းသီးဟင်းရွက်များ တစ်ပတ်တစ်ကြိမ် ပက်ဖျန်းပေးပါက သီးနှံအထွက်ကောင်းရုံသာမက အနံ့၊ အရသာများပါ ပိုမိုကောင်းမွန်စေပါသည်။ ငါးအမိုင်နိုကို အီးအမ်အစရှိသည့် သဘာ၀မြေဩဇာများနှင့်လည်း ရောစပ်အသုံးပြုနိုင်ပါသည်။ မြေကြီးများထဲတွင် အကျိုးပြုအဏုဇီ၀သက်ရှိများ ပေါက်ပွားမှု များလာစေပါသည်။
ထို့ကြောင့် သီးနှံများ အထွက်တိုးလာစေရန်သဘာ၀အပင်၏ အားဆေး ငါးအမိုင်နိုကို ပြုလုပ်သုံးစွဲသွားကြရန် လိုအပ်ပါသည်။ သီးနှံများ ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်ကင်းစင်ပြီး အစားအစာများကို ဘေးကင်းလုံခြုံစေနိုင်သော ငါးအမိုင်နိုအက်စစ်ပျစ်ရည်များကို ပြုလုပ်သုံးစွဲသွားကြရန် တိုက်တွန်းအပ်ပါသည်။
