တရုတ်နိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်နိုင်ငံပိုင် China Central Television (CCTV) သတင်းဌာနမှ ထိပ်တန်းသတင်းတင်ဆက်သူ မစ္စ ကျိုးယွင် တွေ့ဆုံ မေးမြန်းမှုများကို ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ ဧည့်ခန်းမဆောင်၌ လက်ခံ ဖြေကြားလျက်ရှိကြောင်း သိရှိရသည်။
အင်တာဗျူးအတွင်း CCTV သတင်းဌာနက နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံခရီးစဉ်မှ ရရှိလာမည့် မဟာဗျူဟာမြောက် ရလဒ်များ၊ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး၏ လက်ရှိနှင့် အနာဂတ်အရေးပါမှု၊ တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်အပေါ် အမြင်သဘောထားများကို မေးမြန်းခဲ့သည်။
ထိုပြင် တရုတ်နိုင်ငံ၏ “Chinese Modernization” ခေတ်မီဖွံဖြိုးတိုးတက်ရေးပုံစံအပေါ် သမ္မတ၏ အမြင်များ၊ နည်းပညာဖွံဖြိုးတိုးတက်မှုနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ တရုတ်နိုင်ငံ၏ အတွေ့အကြုံများကို မြန်မာနိုင်ငံတွင် မည်သို အသုံးချနိုင်မည်ဆိုသည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးမေးမြန်းခဲ့ကြသည်။
အလားတူ နှစ်နိုင်ငံပြည်သူများအကြား စိတ်ချင်းနီးကပ်မှု တိုးမြှင့်ရေးတွင် ရုပ်ရှင်နှင့် ယဉ်ကျေးမှုဖလှယ်ရေးကဏ္ဍ၏ အခန်းကဏ္ဍ၊ မကြာသေးမီက ကျင်းပခဲ့သည့် “Chinese Film Week” အစီအစဉ်နှင့် တရုတ်ရုပ်ရှင်များအပေါ် သမ္မတ၏ သဘောထားအမြင်များကိုလည်း CCTV က မေးမြန်းခဲ့သည်။
အဆိုပါ တွေ့ဆုံမေးမြန်းခန်းတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများနှင့် ပြည်သူချင်းဖလှယ်ရေးဆိုင်ရာ အကြောင်းအရာများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
