တရုတ်နိုင်ငံသို ပို့ဆောင်ရောင်းစားခဲ့သည့် တရားခံနှစ်ဦးကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်နှစ် ၂၀ စီချမှတ်

ရှမ်းပြည်နယ်၊ နမ္မတူမြို့တွင် နေထိုင်ကြသည့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို တရုတ်ယောက်ျားယူရန် ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ အဆိုပါအမျိုးသမီးငယ်နှစ်ဦးတို့သည် ၂၀၂၃ ခုနှစ်အတွင်းက မူဆယ်မြို့ရှိ ဂိမ်းဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေစဉ် မဆိုင်ဟွမ်ဆိုသူနှင့် ယခင်က လားရှိုးမြို့ Spa ဆိုင်၌ အလုပ်အတူ လုပ်ကိုင်ခဲ့သူ မခမ်းလင်း ဆိုသူတို့က Tik Tok @User 217194 7360280 အကောင့်ဖြင့် ဆက်သွယ်၍ တရုတ်ကောင်မလေးလုပ်ရမည်၊ ယွမ် ၃၅၀၀၀ ရရှိမည်၊ မပျော်ပါက ပြန်ခေါ်ပေးမည်ဟု စည်းရုံးခဲ့သည်ဟုဆိုသည်။

ထို့နောက် မခမ်းလင်းဆိုသူက စိုင်းခမ်းကော် ဆိုသူနှင့် မနန်းယွမ်းယာဆိုသူ လင်မယားနှစ်ဦးထံ ချိတ်ဆက်ပေးခဲ့ပြီး အဆိုပါလင်မယားက တရုတ်နိုင်ငံနေသူ မအေနန်းထံသို့ မူဆယ်-သိန္နီ-နမ့်တစ်သို့ ကားအဆင့်ဆင့်ဖြင့် ခေါ်ဆောင်ကာ အမည်မသိ တည်းခိုခန်းသို့ ပို့ဆောင်စဥ် ၎င်းအမျိုးသမီးငယ်နှစ်ဦးက တရုတ်ယောက်ျားယူရန် ဆန္ဒမရှိတော့၍ မူဆယ်မြို့သို့ ထွက်ပြေးလာခဲ့သည်ဟု သိရသည်။

မူဆယ်ခရိုင်တရားရုံးမှ ဇွန် ၁၆ ရက်တွင် တရားခံစိုင်းခမ်းကော် ရပ်ကွက်(၆) နောင်ပိန်ရွာ ကျောက်မဲမြို့ ရှမ်းပြည်နယ်နှင့် မနန်းယွမ်းယာပုံဟရွာ စလန်းပုန်ထွန်အုပ်စု မိုင်းရယ်မြို့ ရှမ်းပြည်နယ်တို့ နှစ်ဦးအား လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က) ဖြင့် အလုပ်နှင့် ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန်နှင့် တိမ်းရှောင် တရားခံ မခမ်းလင်း အေးမေတ္တာ ဘုန်းကြီးကျောင်းအနီး အမှတ်(၂)ရပ်ကွက် ကျောက်မဲမြို့ ရှမ်းပြည်နယ်နှင့် မအေနန်း မိန်းတိန်မြို့ တရုတ်နိုင်ငံနေသူတို့နှစ်ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *