ကောင်းကင်တစ်ခွင် မိုးသားတိမ်လိပ်တို့က ခပ်ပါးပါးရစ်သိုင်းလွှမ်းခြုံထားသည်။ ထက်အာကာ၏ ကြည်လင်တောက်ပမှုကို တစ်ချက်တစ်ချက်မိုးသားတိမ်စိုင်များက ရိသဲ့သဲ့ဟန်ဖြင့် ကျီစယ်နေသလိုပင်။ ရာသီသဘာဝ၏ လှပဆော့ကစားနေဟန်နှင့်အတူ နေပြည်တော်လေဆိပ်တစ်ခွင်ကား အေးချမ်းသာယာမှုများနှင့်ထုံမွမ်းထားသည့်နှယ်။ ဤနေ့ကား ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၇ ရက်၏ နံနက်ခင်းတစ်ခုပင်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက် အရပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည်(State Visit) ခရီးစဉ်အဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်မည်ဖြစ်၏။ ရုရှားမြန်မာဆိုသည်မှာ မိုင်တွေဝေးလည်း နှလုံးသားချင်းနီးကပ်စွာ ကမ္ဘာ့မျက်နှာစာ၌ ခိုင်မာသောတွဲလက်များဖြင့် လျှောက်လှမ်းနေကြသည်မဟုတ်ပါလား။
နိုင်ငံတော်အကြီးအကဲလိုက်ပါလာသော အထူးယာဉ်တန်းရောက်ရှိလာပါပြီ။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့(State Visit) ခရီးစဉ်အဖြစ်သွားရောက် မည့် နိုင်ငံတော်အကြီးအကဲအား နိုင်ငံတော်ဒုတိယသမ္မတ ဦးညိုစော၊ ဒေါ်နန်းနီနီအေး တို့နှစ်ဦးဦးဆောင်သော ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဦးဆောင်သော အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးနှင့်စစ်သံရုံးတို့မှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။ နိုင်ငံတော်အကြီးအကဲမှတစ်ဦးချင်းကို ရင်းနှီးနွေးထွေးစွာ လက်ဆွဲနှုတ်ဆက်ပြီး အထူးလေယာဉ်ပေါ်သို့ တည်ငြိမ်စွာ တက်လှမ်းသွား၏။
ထိုမြင်ကွင်းကိုကြည့်နေရင်း စာရေးသူ၏မြင်ကွင်းဝယ် ပုံရိပ်နှစ်ခုက ထင်ထင်ရှားရှားဆွဲဆောင်သွားသေး၏။ ဤသည်ကား နိုင်ငံတော်အကြီး အကဲ၏ အေးမြသောအပြုံးနှင့် အပြာရောင် Suit ပေါ်တွင် တပ်ဆင်ထားသော မြန်မာနိုင်ငံအလံတံဆိပ်လေးပင်ဖြစ်သည်။ အပြုံးတစ်ခုနှင့်အလံတံဆိပ်လေးကို ယှဉ်တွဲမြင်လိုက်ရသော မြင်ကွင်းတစ်ခုကား နိုင်ငံတော်အကြီးအကဲ၏ နိုင်ငံအတွက်ရည်သန်နေသည့် စိတ်နှလုံးသား၊ နိုင်ငံတော်၏ အနာဂတ်တို့ကို ညွှန်းဆိုပြသထားသည့် အလားပင်။ စာရေးသူ၏ အတွေးတစ်စသာ။ နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော မြန်မာ့အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည့် အထူးလေယာဉ်ကြီးကား လေစိုင်ထုကို ခပ်ပြင်းပြင်းခွင်းလျက် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆီသို့ စတင်ခရီးဆက်ခဲ့ပေပြီ။ ဤနေရာတွင် စာရေးသူတို့ ရုရှား-မြန်မာ ဆက်ဆံရေးသမိုင်းအကျဉ်းကို အတူတူလေ့လာကြည့်ကြပါမည်။
ရုရှား-မြန်မာ ဆက်ဆံရေးသည် ၁၉၄၈ခုနှစ်တွင် စတင်ခဲ့သည်။ နှစ်နိုင်ငံသမိုင်းစဉ်ကိုယ်စီ လျှောက်လှမ်းရင်း အဓွန့်ရှည်တည်တံ့သော ချစ်ကြည်ရင်းနှီးမှုသည် ပိုမိုခိုင်မြဲသည်ထက်ခိုင်မြဲလာသည်မှာအထင်အရှားပင်ဖြစ်သည်။ ရုရှားနှင့်မြန်မာတို့သည် မြေပထဝီအရဝေးကွာသော်လည်း လွန်စွာနီးကပ် သော ချစ်ကြည်ရေးနှင့်အတူ ကမ္ဘာ့မျက်နှာစာတွင် တွဲလက်ညီစွာလျှောက်လှမ်းနေကြသည့် နိုင်ငံများပင်ဖြစ်၏။ ရုရှားနိုင်ငံသည် ကမ္ဘာ့မြောက်ခြမ်းတွင် အရှေ့နှင့်အနောက်ရှည်လျားစွာတည်ရှိပြီး အရှေ့ဘက်တွင် အာရှဒေသ၊ အနောက်ဘက်တွင် ဥရောပဒေသအထိကျယ်ပြန့်စွာတည်ရှိနေသော ကမ္ဘာ့ဦးဆောင်နိုင်ငံတစ်ခုဖြစ်၏။
ရုရှား-မြန်မာနှစ်နိုင်ငံဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးမှုသာမက နှစ်နိုင်ငံ၏ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှုအတွက် အပြန်အလှန်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို ကမ္ဘာ့မျက်နှာစာတွင် တွေ့မြင်ရမည်ဖြစ်သည်။ မိတ်ဆွေစစ်တို့ မည်သည် တစ်ဦးအခက်အခဲတွေ့လျှင် တစ်ဦးက သူစွမ်းသာသည့်ဘက်မှ ကူညီစမြဲ။ ထို့အတူ ရုရှားနိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ဗီတိုအာဏာပိုင်ဆိုင်သည်။ ဗီတိုအာဏာပိုင်ဆိုင်မှုနှင့် အတူ စာရေးသူတို့ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ကို လျှောက်လှမ်းနေသော ခြေလှမ်းများအား နှောင့်ယှက်နေသည့် ခလုတ်တံသင်းမှန်သမျှ ဟန့်တားပေးသည်။ နိုင်ငံတော်အကြီးအကဲ လျှောက်လှမ်းလိုသည့် နိုင်ငံရေးမျက်နှာစာသစ ကို အားပေးထောက်ခံကာ လျှောက်လှမ်းစေလျက်ရှိသည်။
ဆိုရလျှင် နိုင်ငံတော်၏ ခရီးပန်းတိုင်ကို လျှောက်လှမ်းရာလမ်းမထက်မှာ ဖြောင့်ဖြူးစေဖို့တွဲလက်တစ်စုံလည်းဖြစ်သလို အားပေးတီးခတ်နေသော လက်ခုပ်တစ်စုံအဖြစ်လည်းမြင်တွေ့ရ၏။ ဤသည်ကား ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံတော်သမ္မတ မစ္စတာဗလာဒီမာပူတင်ဦးဆောင်သော ရုရှားနိုင်ငံတော်၏ စာရေးသူတို့ အမိမြေအပေါ်ထားရှိသည့် ချစ်ကြည်ရေးနှလုံးသား ပြယုဂ်ဟုသာ ညွှန်းဆိုပြသလိုပါသည်။ မိုင်တွေဝေးသော်လည်း နှလုံးသားများက ပေါင်းကူးပေးထားသည်။ ပေါင်းကူးနှလုံးသားနှစ်စုံဖြင့် တွဲလက်ညီညီလျှောက်လှမ်းခဲ့သည်မှာလည်း ယနေ့ထိတိုင်ဆိုလျှင်(၇၈)နှစ်ဆိုသည့် ချစ် ကြည်ရေးအဓွန့်ရှည်တည်တံ့မှုကို ထုဆစ်နိုင်ခဲ့ပြီသာဖြစ်ပေသည်။ ရုရှား-မြန်မာဆက်ဆံရေးသမိုင်းအကျဉ်းကို တွေးဆရင်းအထူးလေယာဉ်က ဆင်းသက် မှုတစ်ခုပြုလုပ်ခဲ့သည်။
အချိန်ကား ဒေသစံတော်ချိန် နံနက် ၁၀နာရီပင်။ ဆင်းသက်လိုက်သည့်နေရာမှာ အိန္ဒိယသမ္မတနိုင်ငံ ရာဂျာစတန်ပြည်နယ် ဂျေပူရ်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်ပင်ဖြစ်၏။ ဂျေပူရ်မြို့သို့ ခေတ္တဆင်းသက်လိုက်သည်နှင့်ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီး ဂါဂျန်ဒရာဆင်းနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)စစ်သံမှူးဦးဆောင်သောအဖွဲ့များက ကြိုဆိုနှုတ်ဆက်ကြ၏။ လေဆိပ်ဧည့်ခန်းမ ဆောင်မှာ နိုင်ငံတော်အကြီးအကဲနှင့်ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီး ဂါဂျန်ဒရာဆင်းတို့ ရင်းနှီးပွင့်လင်းစွာတွေ့ဆုံဆွေးနွေးကြသည်။ ၂၀၂၆ ခုနှစ် ဇွန်လ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုများနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်မှုများကို ဆွေးနွေးခဲ့ကြ၏။ အခိုက်အတန့်တွေ့ဆုံမှုဟု ဆိုသော်လည်း အိန္ဒိယနိုင်ငံပြည်နယ်ဝန်ကြီး၏ အပြုံးတို့က ရုရှားနိုင်ငံ(State Visit)ခရီးစဉ်ကို ဂုဏ်ယူ ထောက်ခံနေခြင်းဟု အဓိပ္ပာယ်ဖော်ညွှန်းနေခြင်းပင်။ ရာဂျာစတန်ပြည်နယ် ဂျေပူရ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆက်လက်ခရီးဆက်ခဲ့လေပြီ။ အထူးလေယာဉ်မှာ တိမ်တိုက်များကို ဖြိုခွင်းလျက် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆီသို့ ဦးတည်ခဲ့ပြန်၏။
နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသော အထူးလေယာဉ်မှာ တိမ်တိုက်လွှာမြကော်ဇောပေါ် တည်ငြိမ်စွာလျှောက်လှမ်းနေသည့်နှယ်။ တိမ်တိုက်များအကြား ရွေ့လျားဖြတ်သန်းရင်း လှပတည်ငြိမ်သော မြင်ကွင်းတစ်ခုကို ဝိုးတဝါးမြင်နေရသည်။ တိမ်စိုင်တိမ်လိပ်များ၏ ဟိုသည်တစ်ကွက်ဖုံးကွယ်ဝှက်မှုကြောင့် မြင်ကွင်းကမရှင်းလင်းသေးပေ။ တစ်စတစ်စ ပိုမိုပီပြင်လာသည်။ မြင်ချင်ဇောကြောင့်တိမ်တိုက်များကိုပင် စာရေးသူ စိတ်ခုမိသေး၏။ ဤမြင်ကွင်းကား အိန္ဒိယနှင့် ကာဇက်စတန်ကြားက ဧဝရတ်တောင်ကြီးပင်ဖြစ်သည်။
ဧဝရတ်တောင်ထွတ်ကြီးက ဆီးနှင်းပဝါခြုံလွှာထည်ကိုခြုံလျက် အေးမြခြင်း၊ တည်ငြိမ်ခံ့ညားခြင်းဆိုသည့် ပုံရိပ်များကို ပြသနေသည်။ သူမခြုံထားသည့်ဆီးနှင်း ပဝါခြုံလွှာထည်၏ အနည်းငယ်ပါးလွှာဟန်က ကမ္ဘာကြီး၏ပူနွေးလာမှုကို ထင်ဟပ်နေပါသေးသည်။ သူမအလှ၊သူမသဘာဝကို ပြသသည်လား၊ ပူနွေးမှုဒဏ်ကြောင့် ပင်ပန်းနေသည်လား၊ မည်သည်ကို သူမဆိုလိုချင်ပါသနည်း။ သူမနှင့်ကျွန်တော် တိတ်တဆိတ်စကားပြောဖြစ်နေကြ သလိုပင်။ အထူး လေယာဉ်ကြီး၏ တရွေ့ရွေ့ထွက်ခွာမှုနှင့်အတူ ကျွန်တော်တင်စားခဲ့သော သူမဟုခေါ်သည့် ဧဝရတ်တောင်ကြီးသည် လည်း တဖြေးဖြေးကျန်နေရစ်ခဲ့ပြန်ပါပြီ။ နိုင်ငံတော်အကြီးအကဲနှင့်စာရေးသူ ရုရှားနိုင်ငံသို့ အကြိမ်ကြိမ်ရောက်ခဲ့ ဖူးသည်။ အချိန်ကား ရုရှားနိုင်ငံသို့ ရောက်ချိန်မတန်သေးပေ။ သို့သော် အထူးလေယာဉ်မှာ တစ်နေရာသို့ ဆင်းသက်လိုက်ပြန်ပါပြီ။
ဒုတိယမ္ပိ ဆင်းသက်လိုက်သောနေရာမှာ ကာဇက်စတန်သမ္မတနိုင်ငံ၊ အာမတီမြို့အပြည်ပြည်ဆိုင်ရာလေဆိပ်ပင်ဖြစ်သည်။ လေဆိပ်ရောက်သည်နှင့် အာမတီဒေသ ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာဒါရီခန်ဆာတီ ဘယ်လ်ဒီ၊ ကာဇက်စတန်နိုင်ငံနိုင်ငံ ခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ခရီးဦးကြိုပြုနေကြ၏။ တွေ့ဆုံစဉ်နိုင်ငံတော်အကြီးအကဲမှ နိုင်ငံ၏လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှု၊ ပြည်သူရွေးချယ်သည့် နိုင်ငံတော်အစိုးရမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်နေမှု၊ အာဆီယံဒေသတွင်းသာမက နိုင်ငံတကာသို့နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များသွားလာရင်း နိုင်ငံတကာဆက်ဆံရေးကို ခိုင်မာစွာတည် ဆောက်ထားနိုင်မှုများကိုပြောပြခဲ့သည်။ ထို့ပြင် မြန်မာ-ကာဇက်စတန်နိုင်ငံ အကြားနိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်ဆောင်ရွက်ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကိုလည်း ရင်းနှီးပွင့်လင်းစွာပြောနေကြသည်ကိုတွေ့ရသည်။ အနာဂတ်ခရီးစဉ်များတွင် ကာဇက်စတန်သို့လည်း ရောက်ပေဦးမည်လား။ စာရေးသူတွေးနေမိသည်။

ကာဇက်စတန်သမ္မတနိုင်ငံသည် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲချိန်တွင် ပေါ်ပေါက်လာသော သမ္မတနိုင်ငံတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားရှိသော နိုင်ငံတစ်ခုလည်းဖြစ်၏။ အလျဉ်းသင့်၍ ကာဇက်စတန်နိုင်ငံအကြောင်းကို ခရီးသွားဟန်လွှဲ မျှဝေခြင်းသာဖြစ်သည်။ နိုင်ငံတော်အကြီးအကဲ၏ ရုရှားနိုင်ငံသို့ သွားရောက်သည့် (State Visit )ခရီးစဉ်တစ်လျှောက် ချစ်ကြည်ရင်းနှီးသူများက ခရီးဦးကြိုပြုကြ၏။ နိုင်ငံတော် အကြီးအကဲသည်လည်း တခုတ်တရတွေ့ဆုံ နှုတ်ဆက်သည်။ လူသားတိုင်းမွေးရပ်ဇာတိကို ပြန်တတ်ကြစမြဲ။ ပြန်ကြည် သည့်အခါ ဆွေမျိုးအပေါင်းအသင်းများကို တခုတ်တရတွေ့ဆုံသလို ဆွေးမျိုးအပေါင်းအသင်းများကလည်း ပြုံးပန်းတသာဖြင့် ခရီးဦးကြိုပြုကြသည်။ ဤသို့ဤပုံနှယ် ကြည်နူးစွာတွေ့ မြင်ရ၏။ သည်လိုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိခဲ့လေပြီ။
အချိန်ကား ဒေသစံတော်ချိန် ညနေ ၆နာရီပင်။ နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော အဆင့်မြင့်မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့၊ ဘနူကာဘာအပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြလေပြီ။ လေဆိပ်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maxim Gennadievich Reshetnikovi ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ကျော်စိုးဦးနှင့် သံရုံး၊စစ်သံရုံး မိသားစုများကြ ခရီးဦးကြိုပြု ကြိုဆိုကြ၏။

ထူးခြားသည်။ အချို့သောခရီးစဉ်များကဲ့သို့ အထူးယာဉ်တန်းပေါ်တက်ကာ ခရီးမဆက်ခဲ့ပေ။ ချစ်ကြည်ရေးခရီးစဉ်လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအားကြိုဆိုသည့် အစဉ်အလာနှင့်အညီ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ဂုဏ်ပြုကြိုဆိုသည်။ နိုင်ငံတော်အကြီးအကဲသည်အလေးပြုခံနေရာ၌ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူခဲ့၏။ ထိုသို့ဆောင်ရွက်နေစဉ် ဂုဏ်ပြုတပ်ဖွဲ့မှ နှစ်နိုင်ငံနိုင်ငံတော်သီချင်းများအား တီးမှုတ်ကာ ဂုဏ်ပြုအလေးပြုကြသည်။ အခမ်းအနားအစီစဉ်တွေထက် ကျော်လွန်သည့်ကြိုဆိုမှုတစ်ခုသည် သာမန်ထက်ခမ်းနား နေသည်။ ရုတ်တရက်မြင်တွေ့လိုက်ရသော ထိုကြိုဆိုမှုသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်နှင့်ရုရှားနိုင်ငံတော်၏ မိမိတို့နိုင်ငံတော်နှင့် နိုင်ငံတော်အကြီးအကဲအပေါ်ထားရှိသည့် လေးမြတ်သည့်စိတ်နှလုံးသားကို ကမ္ဘာမျက်နှာစာသို့ ချပြခြင်းပုံရိပ်တစ်ခုဖြစ်၏။ စီးပွားရေးဝန်ကြီး ကိုယ်တိုင်လာရောက်ကြိုဆိုမှုသည် နှစ်နိုင်ငံကြား စီးပွားရေး၏ လေးနက်မှု၊ အရှိန်အဟုန်တိုးမြှင့်မှုများကို ကနဦးဖော်ညွှန်းနေ ခြင်းသာ။ခမ်းနားသည့် ကြိုဆိုမှုများက နှစ်နိုင်ငံကြားက ရင်းနှီးချစ်ကြည်မှုသည် မဟာဗျူဟာမြောက် ဆက်ဆံရေး၊ ထိုမှတစ်ဆင့် အဆင့်မြှင့်တင်ထားသည့် သံတမန်ဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးဆီသို့ ဟူ၍ အဓိပ္ပာယ်သက်ရောက်နေ၏။ ခရီးဆက်ခဲ့ကြပါသည်။
နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့သည် အထူးယာဉ်တန်းဖြင့် မော်စကိုမြို့ကတစ်ဆင့် တည်းခိုရာနေရာသို့ ခရီးဆက်ခဲ့သည်။ အမိမြေ၏ ဝသန်မိုးကိုကျောခိုင်းပြီး ရုရှားနိုင်ငံ၏ ဟေမန်ဆောင်းကိုပြောင်းလဲခံစားရသည်။ လက်ရှိကာလသည် မော်စကိုမြို့၏ ဆောင်းရာ သီဖြစ်၏။ ပါးလွှာသည့် ဆောင်းအငွေ့အသက်၏ အေးမြမှုများက မော်စကိုမြို့ကို မိမိရရလွှမ်းခြုံထားသည်။ ဆောင်းဟုဆိုသော်ငြားလည်း ဆီးနှင်းများထူထဲစွာကျဆင်းနေခြင်းမဟုတ်ပေ။ ကြည်လင်စွာအေးမြနေသည့် မော်စကိုမြို့၏ ရာသီသဘာဝသည် မြို့ပြ၏ခေတ်မီဖွံ့ဖြိုးတိုးတက်မှုများကို ဝန်းရံရင်း နိုင်ငံတော်အကြီးအကဲဦးဆောင်သည့် အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ကို ခရီးဦးကြိုပြုနေကြသလိုပင်။

နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း ရုရှားနိုင်ငံသမ္မတနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဌတို့နှင့်တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်မည်ဖြစ်သည်။ ထို့အပြင် မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကိုပိုမိုခိုင်မာစေရေးနှင့်စီးပွားရေး၊ လုံခြုံရေး၊လူမှုရေးကဏ္ဍများအပါအဝင်ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့်မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။
ခရီးစဉ်၌ နိုင်ငံတော်အကြီးအကဲအနေဖြင့် မြန်မာ-ရုရှားစီးပွားရေးဖိုရမ်သို့တက်ရောက်ခြင်းအပြင် ရုရှားအစိုးရပိုင်းမှာ တာဝန်ရှိသူများနှင့်လည်းတွေ့ဆုံဦးမည်ဖြစ်ကြောင်း မော်စကိုမြေမှစာလွှာဖြင့် သတင်းကောင်းပါးလိုက်ရပါတော့သည်။ သက်လွင်(PPIB)
