ရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့၌ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဩဂုတ်လ ၁၈ ရက်နံနက်ပိုင်းတွင် မော်စကိုမြို့ရှိအညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ၍အလေးပြုသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်သို့ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရမှတာဝန်ရှိသူများနှင့်မော်စကိုမြို့ စစ်ဘက်ဆိုင်ရာအကြီးအကဲတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ရှေ့ဆောင်စစ်သည်နှစ်ဦး ဦးဆောင်၍ လွမ်းသူ့ပန်းခွေအား သယ်ဆောင်ပြီး နိုင်ငံတော်သမ္မတက အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ၍ ကျဆုံးလေပြီးသော သူရဲကောင်းများအား ရည်စူး၍ ၁ မိနစ်ငြိမ်သက်အလေးပြုကြသည်။
ထိုသို့ လွမ်းသူ့ပန်းခွေချ အလေးပြုပြီးချိန်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းအား တီးမှုတ်ကြသည်။ထို့နောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့၏ချီတက်အလေးပြုခြင်းကိုခံယူပြီး တာဝန်ရှိသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
