တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်တည်ထောင်သည့် (၉၉)နှစ်မြောက်အခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ Novotel Max ဟိုတယ်၌ကျင်းပရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့်ဇနီး တက်ရောက်သည်။
ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပသည့်နေရာသို့ ရောက်ရှိကြရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်စစ်သံမှူး Senior Colonel Qu Zhe နှင့်ဇနီး၊ တာဝန်ရှိသူ တို့က ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။

အစီအစဉ်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတော်သီချင်းတို့ဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တည်ထောင်သည့် (၉၉)နှစ်မြောက် အခမ်းအနားကိုစတင်ဖွင့်လှစ်ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏မှတ်တမ်းဗီဒီယိုကိုပြသသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်စစ်သံမှူး Senior Colonel Qu Zhe က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး၊ တရုတ်စစ်သံမှူးနှင့်ဇနီးတို့က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တည်ထောင်သည့် (၉၉) နှစ်မြောက် အထိမ်းအမှတ်ကိတ်မုန့်ကို လှီးဖြတ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးနှင့် တရုတ်စစ်သံမှူးတို့က အခမ်းအနားသို့ တက်ရောက်လာကြသူများအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြကြောင်း သတင်းရရှိသည်။
