ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe နှင့်အဖွဲ့အား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီသည် ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wantanabe ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား စက်တင်ဘာလ ၂၂ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ၁၉၅၄ ခုနှစ်ကတည်းက စတင်ထူထောင်ခဲ့သည့် မိမိတို့နှစ်နိုင်ငံ၏ သံတမန်ဆက်ဆံရေးသည် ၇၂ နှစ်တိုင်ခဲ့ပြီး ချစ်ကြည်ရင်းနှီးမှုရှိသည့် မိတ်ဆွေနိုင်ငံများလည်း ဖြစ်ကြပါကြောင်း၊ အဆွေတော်အနေဖြင့်လည်း မြန်မာနိုင်ငံနှင့်နှစ်ပေါင်းများစွာ လက်တွဲဆောင်ရွက်ခဲ့သည့်မိတ်ဆွေဖြစ်၍ မိမိတို့နိုင်ငံ၏ အခြေအနေမှန်များကို ပိုမိုသိရှိမည်ဟုယုံကြည်ပါကြောင်း၊ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ချစ်ကြည်ရင်းနှီးမှုခိုင်မာပြီး အပြန်အလှန်ဖေးမကူညီခဲ့ကြသည့် သမိုင်းကြောင်းများလည်းရှိခဲ့ကြပြီး အစိုးရချင်းသာမက ပြည်သူချင်းလည်း ချစ်ခင်ရင်းနှီးကြပါကြောင်း၊ ထို့ကြောင့် မိမိတို့နှစ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်တိုးမြှင့်ရန်အတွက် လွှတ်တော်ကဏ္ဍမှ စတင် ဆောင်ရွက်နိုင်ပါကြောင်း၊ မိမိတို့လွှတ်တော်တွင် မြန်မာ-ဂျပန် လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအဖွဲ့ ဖွဲ့စည်းထားပြီး ဖြစ်၍ လွှတ်တော်နှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း၊ မိမိတို့လွှတ် တော်ရှိကော်မတီများ၊ အမျိုးသမီး၊ လူငယ်နှင့် နည်းပညာစသည့်ကဏ္ဍအသီးသီးတွင် ဂျပန်အောက်လွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအားလုံးလာရောက်လုပ်ကိုင်နိုင်ရန်အတွက်မိမိတို့လွှတ်တော်အနေဖြင့် ဥပဒေပိုင်းဆိုင်ရာများ ကို စိစစ်သုံးသပ်လျက်ရှိပါကြောင်း၊ဂျပန်နိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍနှင့် နည်းပညာပိုင်းတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်၍ မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ၊ နည်းပညာပိုင်းနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးစေလိုပါကြောင်း၊ အဆွေတော် ယခုလိုလာရောက်ခြင်းသည် မိမိတို့နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရန်အတွက် အမြန်ဆုံး အကောင်အထည်ဖော် နိုင်မည့် ပထမဆုံးသောခြေလှမ်းဖြစ်သည်ဟု ယုံကြည်ပါကြောင်းပြောကြားသည်။

ထို့နောက် ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်အမတ် The Honorable Mr. Hiromichi Wan-tanabe က ယခု ကဲ့သို့အဆွေတော်ကို ဂါရဝပြုတွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံရသည့်အတွက်လည်း ဂုဏ်ယူပါကြောင်း၊ မိမိအနေဖြင့်လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့် ကတည်းက မြန်မာနိုင်ငံသို့ရောက်ရှိကာ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဂျပန်-မြန်မာ နှစ်နိုင်ငံသည် အလွန်ရင်းနှီးကြသည့် မိတ်ဆွေနိုင်ငံများလည်းဖြစ်ကြပါကြောင်း၊ မိမိယခုလိုလာရောက်ခြင်းသည် မိမိတို့ နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်ရေးနှင့် ODA စီမံကိန်းများ ပြန်လည်စတင်ဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့နှစ်နိုင်ငံ လွှတ်တော်ချင်းပူးပေါင်းဆောင်ရွက်ခြင်းမှ စတင်ခြင်းဖြင့် ဆောင်ရွက်ရမည် ဖြစ်သည်ဟုယုံကြည်ပါကြောင်း၊ ထို့ပြင် နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်မှုများမှတစ်ဆင့် ပြည်သူချင်းပိုမိုရင်းနှီးအောင်ဆောင်ရွက်သွားလိုပါကြောင်း၊ မြန်မာနိုင်ငံ၏သီလဝါစက်မှုဇုန် နှင့်စိုက်ပျိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများရှိပါကြောင်း၊ အဆွေ တော်အနေဖြင့် အဆင်ပြေသင့်လျော်ချိန်တွင်ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ရန်ဖိတ်ကြားလိုပါကြောင်း၊ မိမိတို့နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြားပူးပေါင်း ဆောင်ရွက်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီအတွင်းရေးမှူး ဦးယောအေးလှ၊ ပြည်သူ့ လွှတ်တော် မြန်မာ-ဂျပန် လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊အတွင်းရေးမှူး ဦးမိုးမင်းဦးနှင့်ပြည်သူ့လွှတ်တော်ရုံးမှ တာ ဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *