တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို စက်တင်ဘာလ ၂၂ ရက်နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးရှေ့မှောက်၌ ကတိသစ္စာမပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ် တော်ကိုယ်စားလှယ် (၅)ဦးက ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ် ရေးထိုးသည်။

ထို့နောက် တတိယအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့သို့ တက်ရောက်ခွင့် ရှိသည့် အမျိုးသားလွှတ်တော်ကိုယ် စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၁၉၇ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထ မြောက်ကြောင်းနှင့်စတင်ကျင်းပကြောင်း ကြေညာကာအစည်းအဝေး တက်ရောက်မှု အခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူ၍ မှတ်တမ်း တင်သည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် တတိယအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို တက်ရောက်လာကြသည့် လွှတ်တော် ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြပါစေကြောင်း ဦးစွာနှုတ်ခွန်းဆက်သအပ်ပါကြောင်း။

မိမိတို့ အမျိုးသားလွှတ်တော်သည် ပြီးခဲ့သည့် ဒုတိယပုံမှန်အစည်းအဝေးကာလအတွင်း နိုင်ငံတော်အတွက် လိုအပ်သည့် ဥပဒေကြမ်းများကို ဆွေးနွေးခြင်း၊ ပြည်သူလူထု၏အသံနှင့် လိုအပ်ချက်များကို ဖော်ထုတ်ပေးနိုင်မည့် မေးခွန်းနှင့် အဆိုများကို ဆွေးနွေးဆုံးဖြတ်ခြင်းစသည့် လွှတ်တော် ၏တာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြ ပါကြောင်း။

ယခုကျင်းပသည့် တတိယပုံမှန်အစည်းအဝေးတွင်လည်း နိုင်ငံတော်အတွက်လိုအပ်သည့် ဥပဒေကြမ်းများ ဆွေးနွေးခြင်း၊ ပြည်သူ့အကျိုးပြုမေးခွန်းများနှင့် အဆိုများကိုဆွေးနွေးခြင်း စသည့်လုပ်ငန်းစဉ်များကို အရှိန်အဟုန် မပြတ်  ဆက်လက်လုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်း။

လွှတ်တော်ကော်မတီ အသီးသီးအနေဖြင့်လည်း မိမိတို့၏ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လွှတ်တော်ကော်မတီအလိုက် မိမိတို့နှင့်သက်ဆိုင်သည့် ကဏ္ဍအလိုက် ဥပဒေများထဲမှလေ့လာပြီး  ဥပဒေများကိုလည်းတွေ့ရှိချက်များ တင်ပြပေးရန်ဖြစ်ကြောင်း။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များ ဥပဒေကြမ်းတင်သွင်းရန်ရှိလာပါက တစ်ပြေးညီဖြစ်စေရန် တင်သွင်း ရမည့် နမူနာပုံစံများကိုလည်း ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ မိမိတို့ ကော်မတီများအလိုက် ဆောင်ရွက်ရန်တာဝန်ရှိသည့် ဥပဒေများကို ပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်ရာတွင် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း။ 

ယခု တတိယပုံမှန်အစည်းအဝေးအတွင်း လွှတ်တော်ကိုယ်စားလှယ်များအားလုံးသည် မိမိတို့၏ အသိ၊ ဉာဏ် ပညာ၊ အတွေ့အကြုံများနှင့် စေတနာများကိုအရင်းခံပြီး နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးရှိ စေမည့် ရလဒ်ကောင်းများ ထွက်ပေါ်လာအောင် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးကြ‌ရန် တိုက်တွန်းနှုတ်ခွန်း ဆက်သအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၂) ဒေါ်မာလာဆန်း၏ ပညာရေး ဝန်ထမ်းများအား ရာထူးတိုး၊ ပြောင်းရွှေ့နေရာချထားပေးရာတွင် ဝန်ထမ်းများမူလနေရပ်ဒေသရှိ အခြေခံပညာကျောင်း များ၌ ဦးစားပေးနေရာချထားရန် အစီအစဉ် ရှိ၊ မရှိနှင့် ဆရာ၊ ဆရာမများ လစ်လပ်မှုများပြားသော ကျေးလက်ကျောင်း များတွင် ဒေသခံဆရာ၊ဆရာမများဖြင့် အစားထိုးဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်ကပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနအနေဖြင့် အခြေခံပညာ ကျောင်းများရှိ သင်ကြားရေးဆရာ၊ ဆရာမများ၏ လစ်လပ်နေရာများတွင် ဖြည့်ဆည်းခန့်ထားရာ၌ ကျောင်းသားဦးရေ အရ ဆရာလိုအပ်ချက်ရှိသော ကျောင်းများအား ဦးစားပေးဖြည့်ဆည်း ခန့်ထားဆောင်ရွက်လျက်ရှိပါကြောင်း။

နယ်မြေဒေသ မအေးချမ်းသည့်ဒေသမှ ဆရာ၊ ဆရာမများကို နီးစပ်ရာဒေသများတွင် တွဲဖက်ပေးထားခြင်း ဖြင့်သာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖြည့်ဆည်းခန့်ထားရာတွင် ရာထူးတိုး သို့မဟုတ် အပြောင်းအရွှေ့လျှောက်ထား သော ပညာရေးဝန်ထမ်း၏ ဦးစားပေးအလိုက် ဆန္ဒပြုကျောင်းနှင့် ဒေသအား လုပ်သက်ရမှတ်၊ တန်းစီဇယားတို့နှင့် လစ်လပ်နေရာတို့အပေါ် မူတည်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ဆရာ၊ ဆရာမများ လစ်လပ်လျက်ရှိသော ကျောင်းများတွင် ပညာရေးဒီဂရီကောလိပ်သင်တန်းဆင်းများအား လျာထားခန့်ထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ လတ်တလောလစ်လပ်မှုရှိနေသည့် ကျောင်းများတွင် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးများ၏ အစီအစဉ်ဖြင့် ပြည်နယ်တွင်း အစားထိုးဖြည့်ဆည်း၍ သင်ကြားရေးအောင်မြင်အောင် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း ဖြေကြားသည်။

တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၁) ဦးစိုးကြည်၏ တနင်္သာရီတိုင်းဒေသ ကြီး မြိတ်ခရိုင်မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စု အောင်မင်္ဂလာရပ်ကွက် သုခ(၃)လမ်းရှိ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းတွင် ပျက်စီးလျက်ရှိသော မြေသားလမ်း ပေ(၈၂ဝ)အား ကွန်ကရစ်လမ်းခင်းပေးရန်၊ ပြိုကျပျက်စီး နေပြီဖြစ်သော ကျောင်းခြံစည်းရိုး အုတ်တံတိုင်းနှင့် အသစ်ပြုလုပ်ရန်ကျန်ရှိသော ကျောင်းခြံစည်းရိုးအုတ်တံတိုင်း(၈၁၉) ပေအား ပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ ရှိပါက မည်သည့်ကာလအတွင်း ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်ကတနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွက် အန္တရာယ်ကျောင်းဆောင်များ ဖျက်သိမ်း၍ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၃)ခု၊ တိုးတက်လာသော ကျောင်းသားဦးရေအရ တိုးချဲ့အသစ် ဆောက်လုပ်ခြင်းလုပ်ငန်း (၂)ခု၊ အကြီးစားပြုပြင်မွမ်းမံခြင်းလုပ်ငန်း (၁)ခု၊ ရုံးများအသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၁) ခု၊ သိပ္ပံဆောင်များအသစ်ဆောက်လုပ်ခြင်း (၁) ခု၊ စာကြည့်တိုက်များ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၄)ခု  စုစုပေါင်း လုပ်ငန်း (၁၂)ခုအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၅၄၈၁ ဒသမ ၈၀၀ သန်း ပါဝင်ပါကြောင်း။

အဆိုပါ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းခြံစည်းရိုးပတ်လည် ပေ(၂၂၀၀)ရှိပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပေ(၇၀၀)၊၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ပေ(၄၃၀)ကို ဌာနရန်ပုံငွေဖြင့် ကာရံခဲ့ပြီး (၂၅၁)ပေအား ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကာရံထားပြီးဖြစ်ပါကြောင်း၊ လိုအပ်သည့် (၈၁၉)ပေအား အုတ်တံတိုင်း ကာရံပေးနိုင်ရန် အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း(တည်ဆောက်ရေး) ဘတ်ဂျက်ဖြင့်လည်းကောင်း၊ ရေကြီးရေလျှံမှုများ ကြောင့် ပျက်စီးနေသော ကျောင်းအဝင်လမ်း (ပေ ၈၂၀ x ၄ ပေ x ၃ လက်မထု)အား ကွန်ကရစ်လမ်းခင်းပေးရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် သာမန်အသုံးစရိတ်ဖြင့်လည်းကောင်း ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ တန်းစီဇယား ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၉) ဦးဉာဏ်ထွန်း၏ တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် မြိတ်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် (၁၂ဝx ၃ဝx ၁၂)ပေရှိ အန္တရာယ်ရှိသော တစ်ထပ်(ငုဝါဆောင်)အား ဖျက်သိမ်း၍ (၁၄၀ x ၃၀) ပေ RCC(၃)ထပ်ကျောင်းဆောင်သစ်တစ်ဆောင်ကို ၂ဝ၂၆ -၂ဝ၂၇ ဘဏ္ဍာနှစ် သို့မဟုတ် ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာနှစ်တွင် ခွင့်ပြုမိန့်ချထားပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က မြိတ်မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်းအဆင့် ကျောင်းသား ၁၅၉၃ ဦး၊ အလယ်တန်းအဆင့်ကျောင်းသား ၈၇၀ ဦး၊ အထက်တန်းအဆင့်ကျောင်းသား ၇၇၄ ဦး စုစုပေါင်းကျောင်းသား ၃၂၃၇ ဦးရှိပြီး ကျောင်းဆောင်များအနေဖြင့် စုစုပေါင်းကျောင်းဆောင် ၁၅ ဆောင်၊ စာသင်ခန်း ၅၇ ခန်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါကျောင်းတွင် လက်ရှိစာသင်ခန်း (၅၇) ခန်းဖြင့် သင်ကြားနေရသည့်အတွက် စာသင်ခန်းထပ်မံလိုအပ်နေပြီး အန္တရာယ်ဆောင်ဖြစ်သည့် ငုဝါဆောင်(၁၂၀ x ၃၀) ပေ သွပ်မိုး၊ အုတ်ညှပ် (၁)ထပ်ဆောင်အား ဖျက်သိမ်း၍(၁၄၀ x ၃၀) ပေ RCC (၃)ထပ် ဆောက်လုပ်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး)ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ တန်းစီဇယားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၉) ဦးစိုးမင်းစမ်း၏ မွန်ပြည်နယ် ကျိုက်ထိုခရိုင် ဘီးလင်းမြို့နယ်ကင်းရွာကျေးရွာရှိ ကင်းရွာအခြေခံပညာအထက်တန်းကျောင်းမှ မြနန္ဒာကျောင်းဆောင်သည် သက်တမ်း (၂၉)နှစ်ရှိပြီးအလွန်ဆိုးရွားစွာပျက်စီးနေပြီဖြစ်ပါသောကြောင့် ၎င်းကျောင်းဆောင်အားဖျက်သိမ်းပြီး အသစ်ဆောက်လုပ် ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် ဆောက်လုပ်ပေးမည်ဆိုပါက အစောဆုံးဘတ်ဂျက်တွင် ထည့်သွင်းဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိသိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်က မွန်ပြည်နယ်ဘီးလင်းမြို့နယ်အတွင်း စုစုပေါင်း လုပ်ငန်း(၁၂)ခုအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၂၆၆၆ ဒသမ ၆၇၀ သန်း ပါဝင်ပါကြောင်း၊ မွန်ပြည်နယ်ဘီးလင်းမြို့နယ် ကင်းရွာ အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်းအဆင့်ကျောင်းသား ၃၈၉ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ၅၄၆ ဦး၊ အထက်တန်းအဆင့်ကျောင်းသား ၁၃၅ ဦး၊ ကျောင်းသားပေါင်း ၁၀၇၀ ဦး တက်ရောက် သင်ကြားလျက်ရှိပါကြောင်း၊ အဆိုပါကျောင်းတွင် အန္တရာယ်ရှိကျောင်းဆောင် မြနန္ဒာအဆောင်အပါအဝင် ကျောင်း ဆောင် (၇)ဆောင်တွင် စာသင်ခန်း (၃၁)ခန်း ဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

အဆိုပါ ကျောင်းဆောင်များအနက် မြနန္ဒာဆောင်(၁၅၀x၃၀)ပေ အုတ်ညှပ်(၁)ထပ်ဆောင်တွင် ဘီးလင်းမြို့နယ် ပညာရေးမှူးရုံးမှ ကျောင်းဆောင်စိစစ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးချက်အရသက်တမ်း (၂၇)နှစ်ရှိပြီး ကျောင်းဆောက် လုပ်စဉ်က လယ်ယာမြေဖြစ်သောကြောင့် ယခုအခါကျောင်းဆောင် ၏ အောက်ခြေကြမ်းခင်းများနှင့် အုတ်နံရံများ ကွဲအက်နေခြင်း၊ အမိုးနှင့် မျက်နှာကြက် မိုးယိုမှုများဖြစ်ပေါ်နေသည့်အတွက် အဆိုပါကျောင်းဆောင်အား ဖျက်သိမ်းပြီး ကျောင်းသားဦးရေအရ လိုအပ်နိုင်သည့်အပေါ်တွင်စိစစ်၍ နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် အသစ်ထပ်မံဆောက်လုပ်ပေး နိုင်ရေး တိုင်းဒေသကြီး၏ တန်းစီဇယားဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဖြေကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၃) ဒေါ်ကျော့ယဉ်ဝင်း၏ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးဝမြို့ အခြေခံပညာအထက်တန်း ကျောင်းရှိ တစ်ထပ်ကျောင်းဆောင်(၂)ဆောင်နှင့် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အတွင်းရှိ နှစ်ထပ်ကျောင်းဆောင် (၁)ဆောင်တို့မှာ ကျောင်းဥပဓိရုပ် မကောင်း တော့ဘဲ ယိုယွင်းပျက်စီးဆွေးမြည့်နေပြီဖြစ်ပါသဖြင့် ဖျက်သိမ်းခွင့်ပြုရန်နှင့် ၎င်းနေရာများတွင် အစားထိုးလျက် (၁၇ဝ x ၃ဝx ၂၅)ပေ RCCနှစ်ထပ်ကျောင်းဆောင်(၁)ဆောင်နှင့် (၁ဝဝx ၃ဝx ၂၂)ပေ RCCနှစ်ထပ်ကျောင်းဆောင် (၁)ဆောင်တို့ အား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုခြင်း မေးခွန်း နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ကလေးဝ-အခြေခံ ပညာ အထက်တန်းကျောင်းတွင် အလယ်တန်းအဆင့်ကျောင်းသား (၆၁၁)ဦး၊ အထက်တန်းအဆင့် ကျောင်းသား(၁၉၇) ဦး၊ စုစုပေါင်း ကျောင်းသား (၈၀၈)ဦးသင်ကြားလျက်ရှိပြီး ကျောင်းဆောင်များအနေဖြင့် အန္တရာယ်ဆောင် ပေ(၉၆ x ၃၀) သွပ်မိုး၊ အုတ်ညှပ် (၁)ထပ်၊ အန္တရာယ်ဆောင် ပေ(၈၀ x ၃၀) သွပ်မိုး၊ အုတ်ညှပ်(၁)ထပ် အပါအဝင်စုစုပေါင်း ကျောင်း ဆောင် (၇)ဆောင်၊ စာသင်ခန်း(၃၅)ခန်းဖြင့်သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

အဆိုပါ ကလေးဝအခြေခံပညာအထက်တန်းကျောင်းတွင် အန္တရာယ်ရှိနေသော ကျောင်းဆောင် (၂)ဆောင်အား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖျက်သိမ်းခွင့်များ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ကျောင်းသားဦးရေ တိုးတက် လာသည့်အပေါ်မူတည်ပြီး ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရေးအတွက် ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး ဦးစားပေးအစီအစဉ်ဖြင့်  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် မူလတန်း အဆင့် ကျောင်းသား(၂၈၁)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား (၇၃)ဦး၊ စုစုပေါင်းကျောင်းသား (၃၅၄)ဦး သင်ကြား လျက်ရှိပြီး အဆိုပါကျောင်းတွင် အန္တရာယ်ဆောင် (၄၅x၃၀)ပေ သွပ်မိုး၊ အုတ်ညှပ်(၂)ထပ်ဆောင်အပါအဝင် ကျောင်း ဆောင်(၄)ဆောင်၊ စာသင်ခန်း (၁၂)ခန်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အတွက် အန္တရာယ် ဆောင်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖျက်သိမ်းခွင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ကျောင်းသားဦးရေ တိုးတက်လာသည့်အပေါ်မူတည်ပြီး ဖျက်သိမ်းသည့်မြေနေရာတွင် ကျောင်းဆောင်သစ်ဆောက် လုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဦးဇော်ဝင်းသန့်၏ ကျောင်းသားလူငယ် များ မိုဘိုင်းဖုန်းအသုံးပြုမှုအန္တရာယ်မှ ကင်းရှင်းနိုင်စေရေးအတွက် အခြေခံပညာကျောင်းများတွင် ကျောင်းချိန်အတွင်း မိုဘိုင်းဖုန်းသုံးစွဲ ခွင့်နှင့်ပတ်သက်၍ အမိန့်နှင့်ညွှန်ကြားချက်များ တင်းတင်းကြပ်ကြပ်ထုတ်ပြန်၍ တားမြစ်ထားခြင်း ရှိ/ မရှိ၊ ထုတ်ပြန်တားမြစ်ထားချက်အပေါ် မလိုက်နာပါက မည်ကဲ့သို့အရေးယူဆောင်ရွက်ရမည်ကို တိကျသောညွှန်ကြား ချက်များချမှတ်ပေးထားခြင်း ရှိ/မရှိနှင့် ကလေးသူငယ်ဆိုင်ရာ အွန်လိုင်းဥပဒေရေးဆွဲ၍ ကာကွယ်ပေးနိုင်ရန်ဆောင်ရွက် ထားခြင်းရှိ/မရှိ သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က အခြေခံပညာကျောင်းများတွင် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများကို အနှောင့်အယှက်မဖြစ်စေရန်၊ သင်ယူမှု အရည်အသွေးမြှင့်တင်စေရန်နှင့် ကျောင်းစည်းကမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်စေရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးတို့၏ အဆင့်ဆင့်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိရာ အထက် တန်း/ အလယ်တန်း/ မူလတန်းကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းချိန်အတွင်း Mobile Phone ယူဆောင်လာခြင်းနှင့် အသုံးပြုခြင်းတို့ကို တင်းတင်းကြပ်ကြပ်တားမြစ်သည့် စည်းကမ်းချက်များထုတ်ပြန်၍ ကျောင်းသား၊ ကျောင်းသူများ လိုက်နာဆောင်ရွက်ရန် အစီအစဉ်များ ချမှတ်လျက်ရှိပါ ကြောင်း။ 

        နည်းပညာခေတ်တွင် Mobile Phone ကဲ့သို့ Tablet, iPad, Computer (Desktop, Laptop) စသည့် Digital Device များအသုံးပြုခြင်းဖြင့် အထွေထွေဗဟုသုတများ၊ ကျောင်းသင်ခန်းစာနှင့် သက်ဆိုင်သော အကြောင်းအရာများ၊ ဘာသာစကားကျွမ်းကျင်မှု ဆိုင်ရာသင်ကြားမှုများအပြင် အခြားနည်းပညာဆိုင်ရာ အကြောင်းအရာမျိုးစုံကို လေ့လာ ဆည်းပူးနိုင်ပါကြောင်း၊ ၂၁ ရာစု ကျွမ်းကျင်မှုများအား လေ့လာသင်ယူနေသည့် မျိုးဆက်သစ်များအနေဖြင့် နည်းပညာ လေ့လာလိုက်စားပြီး ကျွမ်းကျင်ရန်လည်း လိုအပ်ပါကြောင်းနှင့် Mobile Phone ကန့်သတ်ခြင်း၏ ရည်ရွယ်ချက်မှာ ကလေးငယ်များ ဖုန်းအလွန်အကျွံသုံးစွဲခြင်းမှ ကာကွယ်ရန်၊ မကောင်းသည့်အကျင့်စရိုက်များ ကူးစက်နိုင်ခြင်း၊ အတုယူ မှားခြင်း၊ ကျောင်းသားအချင်းချင်း နိုင်ထက်စီးနင်းပြုမူခြင်း၊ စိတ်ဓာတ်ပျက်ပြားခြင်းစသည့် ဆိုးကျိုးများအား တားမြစ် ရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများတွင် ကျောင်းသားကလေးသူငယ်များ မိုဘိုင်းဖုန်းသုံးစွဲမှုကို တားမြစ်ကန့်သတ် သည့် ဥပဒေပြဋ္ဌာန်းချက် မရှိသေးသော်လည်း ကျောင်းသားကလေးသူငယ်များအား အွန်လိုင်းပလက်ဖောင်းမှတစ်ဆင့် ခြိမ်းခြောက်အန္တရာယ်ပြုခြင်း၊ အမြတ်ထုတ်ခြင်းတို့နှင့်ပတ်သက်၍ ဥပဒေကြောင်းအရ အကာအကွယ်ပေးခြင်း၊ အရေး ယူခြင်းများ ပြုလုပ်နိုင်ပါကြောင်း။

        သို့ပါ၍ ကျောင်းသားလူငယ်များ ကျောင်းချိန်အတွင်း Mobile Phoneသုံးစွဲမှုကို ထိထိရောက်ရောက် တားမြစ် နိုင်သော်လည်း ကျောင်းချိန်ပြင်ပအချိန်များတွင် အကျိုးရှိစွာအသုံးပြုနိုင်ရေးအတွက် ဆရာ၊မိဘ၊ကျောင်းသား ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြမည်ဆိုပါက ပိုမိုအကျိုးရှိသည် ရလဒ်များရနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူ များအတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ရုံးဝန်ထမ်းများမှ လှူဒါန်းမှုကို ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဝင်း၊ ဦးအောင်တင်မြင့်၊ ဦးအောင်ကျော်မင်းနှင့် ဒေါ်ဇင်ပပဦးတို့မှ သွားရောက်လှူဒါန်းခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံရယူခဲ့ပါကြောင်း၊ ထိုသို့ လှူဒါန်းခြင်းအား အမျိုးသားလွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ယင်းနောက် တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ဒုတိယနေ့ကို စက်တင်ဘာ ၂၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *