ရုရှားနိုင်ငံ၌ကျင်းပနေသည့် လွှတ်တော်ရွေးကောက်ပွဲတွင် လက်ရှိအချိန်အထိမဲရေတွက်မှုများ အရ အာဏာရပါတီဖြစ်သည့် United Russia ပါတီက မဲအများစုကိုရရှိထားကြောင်း ရွေးကောက်ပွဲ ကော်မရှင်၏ ကနဦးစာရင်းများအရသိရသည်။
စက်တင်ဘာလ ၂၁ ရက် နံနက်ပိုင်းအထိရရှိထားသည့်စာရင်းများအရ မဲဆန္ဒနယ် ၉၀ ရာခိုင်နှုန်း တွင် United Russia ပါတီက မဲအရေအတွက် ၅၈ ရာခိုင်နှုန်းရရှိထားခြင်းဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲအတွက် မဲပေးမှုများကို စက်တင်ဘာလ ၁၈ ရက်တွင်စတင်ခြင်းဖြစ်ပြီး ရုရှား သမ္မတ ဗလာဒီမာပူတင်က ကရင်မလင်နန်းတော်မှနေ၍ အွန်လိုင်းမှတစ်ဆင့်မဲပေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ယခုပြည်သူများက ရွေးချယ်လိုက်မည့် လွှတ်တော်အမတ်များသည် လာမည့်ငါးနှစ်စာအတွက် နိုင်ငံ၏ အနာဂတ်ကိုပုံဖော်ပေးမည့်သူများဖြစ်မည်ဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် မဲဆန္ဒရှင်တစ်ဦးစီ၏ မဲတစ်ပြားစီက အရေးပါကြောင်းနှင့် နိုင်ငံသားများအနေဖြင့် ရွေးကောက်ပွဲမဲပေးမှုတွင် မဖြစ်မနေပါဝင်ကြရန် တိုက်တွန်းကြောင်း ပူတင်က ပြည်သူများသို့ပြောသည့် မိန့်ခွန်းတွင်ထည့်သွင်းပြောသည်ဟု သိရသည်။ Ref: RT
