တရုတ်-အာဆီယံကုန်စည်ပြပွဲ(China-ASEAN Expo)၏ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပလက်ဖောင်းကို အပြည့်အဝအသုံးချ၍ စိုက်ပျိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်ရန်နှင့် ဒေသတွင်းစီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်ရည်ရွယ်၍ တရုတ်နိုင်ငံကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရက(China (Guangxi)-ASEAN Agricultural and Poverty Reduction Cooperation Conference)တရုတ်(ကွမ်ရှီး)-အာဆီယံ စိုက်ပျိုးရေးနှင့်ဆင်းရဲမှု လျှော့ချရေးပူးပေါင်းဆောင်ရွက်မှု ကွန်ဖရင့်ကို စက်တင်ဘာလ ၁၇ ရက်မှ ၁၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ခေတ်မီနည်းပညာသုံးစိုက်ပျိုးရေး(Smart Agriculture)၊ ဒီဂျစ်တယ်စီးပွားရေး (Digital Economy)နှင့်ဆင်းရဲမှုလျှော့ချရေး(Poverty Alleviation)စသည့် ကဏ္ဍများကို အဓိကထားဆွေးနွေးခဲ့ပြီး အဆင့်မြင့်ဆွေးနွေးပွဲများ(High-Level Dialogues)ကို ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။
တရုတ်(ကွမ်ရှီး)-အာဆီယံ စိုက်ပျိုးရေးနှင့်ဆင်းရဲမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုကွန်ဖရင့်သို့တက်ရောက်ရန် နန်နင်းမြို့၌ ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာရဲတင့်ထွန်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၇ ရက် နံနက်(၉)နာရီတွင် (၂၃)ကြိမ်မြောက်တရုတ်-အာဆီယံ ကုန်စည်ပြပွဲဖွင့်ပွဲသို့ အာဆီယံအဖွဲ့ဝင် ခုနစ်နိုင်ငံနှင့်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်သည်။
ညနေပိုင်းတွင် တရုတ်(ကွမ်ရှီး)- အာဆီယံစိုက်ပျိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးပူးပေါင်းဆောင်ရွက်မှု ကွန်ဖရင့်ဖွင့်ပွဲတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက အမှာစကားပြောကြားပြီး တရုတ်(ကွမ်ရှီး)-အာဆီယံ စိုက်ပျိုးရေးနှင့်ဆင်းရဲမှုလျှော့ချရေးပူးပေါင်းဆောင်ရွက် မှု စီမံကိန်းများအတွက် သဘောတူညီမှုလက်မှတ်ရေးထိုးပွဲ၌ အသိသက်သေအဖြစ် မှတ်တမ်းတင်ပါဝင်၍ ခေတ်မီနည်းပညာသုံးစိုက်ပျိုးရေးနှင့်ဆင်းရဲမှုလျှော့ချရေးပူးပေါင်းဆောင်ရွက်မှုကိုဖော်ဆောင်၍ အရည်အသွေးမြင့်ထုတ်လုပ်မှုစွမ်းအားများ ဖွံ့ဖြိုးတိုးတက်ရေးကိုပူးပေါင်းမြှင့်တင်ခြင်း စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်သည်။
စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ကြည့်ရှုလေ့လာပြီး JJR Science and Technology Group Co., Ltd. သို့ သွားရောက်၍ ဂြိုဟ်တုအသုံးပြု အဝေးထိန်းချုပ်သည့် နည်းပညာဖြင့် ရေပေးသွင်းခြင်း၊ ဓာတ်မြေဩဇာအရည်များထည့်သွင်းခြင်း၊ AI ရုပ်ပုံကားချပ်ဖြင့် ဆန်းစစ်ခြင်း၊ စုစည်းထားသော တိကျမှန်ကန်သည့် ယခင်မိုးလေဝသကိန်းဂဏန်းအချက်အလက်များနှင့် ယခုကိန်းဂဏန်း အချက်အလက်များကို နှိုင်းယှဉ်လေ့လာခြင်း၊ သီးနှံကြီးထွားမှုနှင့် ဖျက်ပိုးကျရောက်မှုများကို စောင့်ကြည့်လေ့လာ၍ သတိပေးခြင်း၊ တိကျမှန်ကန်သည့် ကိန်းဂဏန်းအချက်အလက်များဖြင့် စနစ်ကျသော စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများတွင် ဝန်ဆောင်မှုပေးခြင်းနှင့်အွန်လိုင်းမှ သစ်သီးဝလံများကုန်သွယ်ခြင်းဆောင်ရွက်နေမှုနှင့် JJR Science and Technology Group Co., Ltd. ၏ AI နည်းပညာအသုံးပြု ဘလူးဘယ်ရီ(Blueberry) စိုက်ခင်းတို့ကို ကြည့်ရှုလေ့လာသည်။
စက်တင်ဘာလ ၁၉ ရက် နံနက်ပိုင်းတွင် Guangxi Aquatic and Animal Husbandry School သို့သွားရောက်၍ ငါးမွေးမြူရေးနည်းပညာ၊ ငါးမျိုးစိတ်များမျိုးပွားထုတ်လုပ်ခြင်း၊ ရေထွက်သတ္တဝါများ၏ ရောဂါကာကွယ်/ကုသရေး၊ အစာနှင့်အာဟာရစီမံခန့်ခွဲမှု၊ ရေအရည်အသွေးစီမံခန့်ခွဲမှု၊ ရေထွက် ပစ္စည်းထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းများ၊ နွား၊ ဝက်၊ ကြက် စသည့် မွေးမြူရေးတိရစ္ဆာန်များ မွေးမြူထုတ်လုပ်ခြင်း၊ တိရစ္ဆာန်အာဟာရနှင့် အစာ ကျွေးစနစ်၊ မျိုးပွားရေးနှင့်မျိုးကောင်းမျိုးသန့် ထုတ်လုပ်ရေး၊ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေး၊ မွေးမြူရေးခြံစီမံခန့်ခွဲမှု၊ တိရစ္ဆာန်ထွက်ကုန်များထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးထိန်းသိမ်းခြင်း၊ အအေးခန်း/ Cold Chain၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ဆန်၊ ဆီ ထွက်ကုန်၊ မွေးမြူရေးထွက်ကုန်များ ပြုပြင်ထုတ်လုပ်ခြင်း၊ Quality Control နှင့် Food Safety တို့ကို လေ့လာခဲ့ကြောင်း သိရသည်။
