မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာရပ်များ မတိမ်ကော၊မပပျောက်စေရန်နှင့်မျိုးချစ်စိတ်၊ဇာတိသွေး၊ဇာတိမာန်များရှင်သန်ထက်မြက်စေရန် ရည်ရွယ် ချက်များဖြင့်ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၉)ကြိမ်မြောက်တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁ ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်၍ အကောင်းဆုံးတံခွန်စိုက်ဆုအား ပေးအပ်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး ဒေါ်နန်းကူးကူ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အကဲ ဖြတ်ဝါရင့် အနုပညာရှင်၊ အတတ်ပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများတက်ရောက်ကြသည်။

အခမ်းအနားအစီအစဉ်အရ ဆုချီးမြှင့်ပွဲ ပထမပိုင်းကိုပြုလုပ်ရာ ဦးစွာ မျက်လှည့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၃)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ တပ်ကြပ်ကြီး ဇော်မင်းထွန်းနှင့်အဖွဲ့၊ ခေတ်ပေါ်တီးဝိုင်းပြိုင်ပွဲ(အဖွဲ့လိုက်)တွင် ပထမဆုရရှိသည့် အမှတ်(၄)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဒုတိယအရာခံဗိုလ် အောင်ဇော်နှင့်အဖွဲ့၊ မြန်မာ့ဆိုင်းဝိုင်း(အဖွဲ့လိုက်)အတီးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၁)တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ အရာခံဗိုလ်တင့်ဆန်းနှင့်အဖွဲ့တို့အား စိတ်ဓာတ်ရေးရာနှင့်လူထုဆက်ဆံရေးကော်မတီဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းက ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု(နန်းတွင်း) ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၂)တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ ဒုတိယအရာခံဗိုလ်(အစားခန့်)ဒေါ်သန္တာလင်းဦးဆောင်သော တေဇဂုဏ်အဖွဲ့၊ မြန်မာ့ရိုးရာယဉ်ကျေးမှု(စိတ်ကြိုက်)ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၂)တပ်မတော် ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ ဒုတိယအရာခံဗိုလ်(အစားခန့်)ဒေါ်သန္တာလင်းဦးဆောင်သော လယ်တောသူ ယိမ်းအဖွဲ့နှင့်မြန်မာ့ရိုးရာယဉ်ကျေးမှု(တိုင်းရင်းသားရိုးရာ)ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၂)တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှတပ်ကြပ်ကြီး/စာရေး ကျော့ယမင်းဦးဆောင်သော ညီညာစေတိုင်းရင်းသားယိမ်းအဖွဲ့တို့အား ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး ကိုကိုဦး က ဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် အငြိမ့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၄)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ရွှေပြည်တန်အငြိမ့်အဖွဲ့နှင့်ပြဇာတ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၁)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ မိုက်နောင်တစင်တင်ပြဇာတ်အဖွဲ့တို့အား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ် ရေးဦးစီးချုပ်(ကြည်း)ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏(၁၉)ကြိမ်မြောက် အဆို၊ အက၊ အရေး၊အတီး၊အငြိမ့်၊ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲတွင် အကောင်းဆုံးတံခွန်စိုက်ဒိုင်းဆုရရှိသည့် အမှတ်(၂)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က တံခွန်စိုက်ဒိုင်းဆုပေးအပ်ချီးမြှင့်သည်။

ထို့နောက် မြန်မာ့ဆိုင်းဝိုင်း(အဖွဲ့လိုက်)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၁)တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ အောင်ပါစေဧည့်ခံတီးလုံးဖြင့်တီးခတ်ဖျော်ဖြေခြင်း၊ ခေတ်ဟောင်းတေး(အမျိုးသား)အဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည်အမှတ်(၁)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ တပ်ကြပ် ကြီး အေးမင်းထွန်းက လူချွန်လူကောင်းတေးသီချင်း၊ ကာလပေါ်တေး(အမျိုးသမီး)အဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၁)တပ်မတော်အသံလွှင့်တပ်မှ တပ်ကြပ်ကြီး(အစားခန့်)ဒေါ်ကြည်စင်သန့်က တောင်တန်းပြာနဲ့ကျောပိုးအိတ်တေးသီချင်း၊ ခေတ်ပေါ်တေး(အမျိုးသမီး)အဆိုပြိုင်ပွဲတွင်ပထမဆုရရှိသည့် အမှတ်(၂)တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ ဗိုလ်ကြီး ဒေါ်မေအိန္ဒြေသန့် က ရူးရူးမိုက်မိုက်အချစ် တေးသီချင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု(နန်းတွင်းယိမ်း)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၂)တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ တေဇဂုဏ်နန်းတွင်းယိမ်းအကများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (စိတ်ကြိုက်ယိမ်း)ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အမှတ်(၁)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ လယ်တောသူကျေးလက်ယိမ်းအကများ၊ မျက်လှည့်ပြိုင်ပွဲ (အဖွဲ့လိုက်)ပြိုင်ပွဲတွင် တတိယဆုရရှိသည့် အမှတ်(၂)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှစိတ်ဝင်စားစရာ အကောင်းဆုံးမျက်လှည့်ပြကွက်များ၊ ခေတ်ပေါ်တီးဝိုင်း(အဖွဲ့လိုက်)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၄)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ တီးခတ်ဖျော်ဖြေခြင်း၊ အငြိမ့်(အဖွဲ့လိုက်)ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အမှတ်(၂)တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် မြဝတီအငြိမ့်အဖွဲ့က အငြိမ့်ကောက်နုတ်ချက်များဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ စစ်သည်၊ စစ်သမီးများက စည်းလုံးချစ်ကြည်ပြန်ဆုံကြမည် စုပေါင်းသီချင်းဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများက (၁၉)ကြိမ်မြောက်တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် တပ်ရင်း /တပ်ဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အကဲဖြတ်အနုပညာရှင်ကြီးများနှင့် စစ်သည်၊ စစ်သမီးများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

မွန်းလွဲပိုင်းတွင် ဆုချီးမြှင့်ပွဲဒုတိယပိုင်းကိုဆက်လက်ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးညွှန်ကြားရေးမှူးနှင့်တပ်မတော်အရာရှိကြီးများ၊ အကဲဖြတ်ဝါရင့် အနုပညာရှင်၊ အတတ်ပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်ပြိုင်ပွဲဝင်စစ်သည်၊ စစ်သမီးများ တက်ရောက်ကြသည်။
ဦးစွာဆုချီးမြှင့်ခြင်းကိုပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားများအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသည့် စစ်သည်၊ စစ်သမီးများအား ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် အကဲဖြတ်ပညာရှင်များကိုယ်စား အကြံပေးပညာရှင် ဦးသက်ဆွေက ပြိုင်ပွဲအပေါ်သုံးသပ်ချက်များအားဆွေးနွေးတင်ပြသည်။ ထို့နောက် ညွှန်ကြားရေးမှူးက ပြိုင်ပွဲကျင်းပခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားပြီး အကဲဖြတ်ပညာရှင်ကြီးများအားဂုဏ်ပြုလက်ဆောင်များပေးအပ် သည်။
ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲများကို မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို မတိမ်ကော၊ မပပျောက်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန်၊ အနုသုခုမ ပညာရပ်များမှတစ်ဆင့်နိုင်ငံသားတိုင်း၏ နှလုံးသား၌ ဇာတိသွေး၊ ဇာတိမာန်များကိုအရင်းခံသည့် မျိုးချစ်စိတ်များပွင့်လန်းရှင်သန်စေရန်နှင့်မိမိတို့တပ်ဖွဲ့များ၏ အနုပညာအရည် အသွေးများမှန်မှန်ကန်ကန်တိုးတက်ဖြစ်ထွန်းလာအောင် ဝါရင့်၊ သမ္ဘာရင့် အနုပညာရှင်၊ အတတ်ပညာရှင်ကြီးများထံမှ စစ်မှန်သည့် အနုပညာအမွေအနှစ်များကို မျိုးဆက်သစ်ပညာရှင်များလက်ဆင့်ကမ်းထိန်းသိမ်းနိုင်စေရန်ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ပြည်သူဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက်မြဝတီအနုပညာရှင်အဖွဲ့များနှင့်နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲများမှ စစ်သည်၊ စစ်သမီးများဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲတွင် ခေတ်ဟောင်းတေး၊ ကာလပေါ်တေး၊ ခေတ်ပေါ်တေး၊ အငြိမ့်ပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု(စိတ်ကြိုက်)ယိမ်းအက၊ နှစ်ပါးသွားအက၊ ပြဇာတ်ပြိုင်ပွဲ၊ မြန်မာ့ဆိုင်းဝိုင်းပြိုင်ပွဲ၊ ခေတ်ပေါ်တီးဝိုင်း၊ မျက်လှည့်ပြိုင်ပွဲနှင့် တေးသီချင်း အရေး ပြိုင်ပွဲ၊ စုစုပေါင်း ပြိုင်ပွဲအမျိုးအစား ၂၁ မျိုး ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
