ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တူဗားပြည်နယ်ရှိ အထင်ကရနေရာများအား ကြည့်ရှုလေ့လာ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူဗားပြည်နယ်၊ ကီဇီးလ်မြို့တွင် တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များ၊ တူဗားပြည်နယ်အကြီးအကဲ မစ္စတာ ဗလာဒီစလပ် ခိုဗာလစ်ဂ်၊ ဒူးမား လွှတ်တော် ဒုတိယဥက္ကဋ္ဌ မစ္စတာ ကာရာ-အိုးလ် ရှော်ဘန်၊ တာဝန်ရှိသူများနှင့် အတူ ဩဂုတ်လ ၂၃ရက် နံနက်ပိုင်းတွင် ကီဇီးလ်မြို့ရှိ အထင်ကရနေရာများအား လှည့်လည်ကြည့်ရှု လေ့လာကြသည်။

ဦးစွာနိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မြစ်ကမ်းနံဘေးရှိ အာရှတိုက်၏ အလယ်ဗဟိုနေရာဖြစ်သည့် The Center of Asia အထိမ်းအမှတ်ကျောက်တိုင် သို့ သွားရောက် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြ များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးပြောပြီး The Center of Asia အထိမ်းအမှတ်ကျောက်တိုင်နေရာ၌ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

အဆိုပါ The Center of Asia ကျောက်တိုင်တည်ရှိသည့် နေရာသည် Great Yenisei နှင့် Little Yenisei မြစ်နှစ်ဆင်းဆုံစည်းရာ Yenisei မြစ်ကမ်း နံဘေး မြောက်လတ်တ္တီတွဒ် ၅၁ ဒီဂရီ၊ ၄၂ မိနစ်၊ ၄၁ စက္ကန့်နှင့်  အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ၊ ၂၇ မိနစ်၊ ၃၈ စက္ကန့်တွင်တည်ရှိပြီး အဆိုပါ The Center of Asia သည် အာရှတိုက်၏ ပထဝီဗဟိုချက် ကျရောက်သည့်နေရာကို အထိမ်းအမှတ်ကျောက်တိုင် အဖြစ် တည်ဆောက်ထားခြင်း ဖြစ်ကြောင်းနှင့် တူဗားပြည်နယ်၏အထင်ကရနေရာတစ်ခု ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် တူဗားပြည်နယ် အမျိုးသား ဂီတနှင့်ပြဇာတ်ရုံ “V.Kok-ool” သို့ရောက်ရှိကြပြီး တူဗားပြည်နယ်ယဉ်ကျေးမှုအဖွဲ့ က ကမ္ဘာကျော် တူဗာရိုးရာ လည်ချောင်းသံဖြင့် သံစဉ်ပြုလုပ်သီဆိုရသော ရိုးရာတေး သီချင်းများဖြင့်သီဆိုဖျော်ဖြေခြင်းနှင့် ရိုးရာတူရိယာပစ္စည်းများဖြင့် ယဉ်ကျေးမှုအဖွဲ့ များက တီးမှုတ်ဖျော်ဖြေ သရုပ်ဖော်တင်ဆက်ပြသခြင်းများကို ကြည့်ရှုအားပေး ကြပြီး တူဗားပြည်နယ် အမျိုးသားဂီတနှင့် ပြဇာတ်ရုံ “V.Kok-ool”၏ သမိုင်း မှတ်တမ်းပြခန်းအား လှည့်လည် ကြည့်ရှုလေ့လာကြသည်။

အဆိုပါ တူဗားပြည်နယ် အမျိုးသား ဂီတနှင့်ပြဇာတ်ရုံ “V.Kok-ool” သည် ကီဇီးလ်မြို့၏ ဗဟိုချက်မဖြစ်သော Arat Square (အာရက် ရင်ပြင်တွင်) တည်ရှိပြီး ၁၉၃၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ တူဗားပြည်နယ်၏ထင်ရှား ကျော် ကြားသော သရုပ်ဆောင်၊ စာရေးဆရာနှင့် ပြဇာတ်ရေးဆရာ Viktor Shogzhapovich Kok-ool ကို ဂုဏ်ပြု၍ နာမည်ပေးထားခြင်းဖြစ်ကာ၊ အဆိုပါအမျိုးသားဂီတနှင့် ပြဇာတ်ရုံတွင် ကမ္ဘာကျော်တူဗားရိုးရာ လည်းချောင်းသံသီချင်းများနှင့် ရိုးရာတူရိယာ ပစ္စည်းများ အသုံးပြု၍ တီးခတ် သီဆိုသရုပ်ဖော်တင်ဆက်ခြင်းများကို တူဗားဘာသာ စကားနှင့် ရုရှားဘာသာစကားတို့ဖြင့် ကဏ္ဍအလိုက် တင်ဆက်လေ့ရှိကြောင်း သိရှိ ရသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် တူဗားပြည်နယ် အမျိုး သားပြတိုက်သို့ရောက်ရှိကြရာ ပြတိုက်အကြီးအကဲနှင့် တာဝန်ရှိသူများက ရင်းရင်း နှီးနှီးကြိုဆိုနှုတ်ဆက်ကြပြီး ပြတိုက်အတွင်းခင်းကျင်းပြ သထားသည့် တူဗားလူမျိုး များ၏ တူဗားပြည်သူ့သမ္မတနိုင်ငံခေတ်မှ ကိုးကွယ်ခဲ့သည့် ဗုဒ္ဓရုပ်ပွားတော်များ၊ လူမျိုးရေးဆိုင်ရာ ရှေးဘိုးဘေးတို့၏ အသုံးအဆောင်ပစ္စည်းများ၊ လက်ဝတ်ရတနာ အဆင်တန်ဆာများ၊‌ ရှေးယခင်ကအမဲလိုက်ရာတွင်အသုံးပြုခဲသည့် လက်နက် ကိရိယာများ၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာများနှင့် တူဗားလူမျိုးများဝတ်စား ဆင်ယင်ခဲ့သည့် ရိုးရာဝတ်စုံများ၊ တူဗားဒေသရှိ ယခင်ကနေထိုင်မှုပုံစံသရုပ်ပြခန်း များအတွင်း စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုလေ့လာကြရာပြတိုက်မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ မေးမြန်းပြီး ပြန်လည် ဆွေးနွေးပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

            အဆိုပါ တူဗားပြည်နယ်အမျိုးသားပြတိုက်ကို ၁၉၂၉ ခုနှစ်တွင် စတင်တည် ထောင်ခဲ့ခြင်းဖြစ်ပြီး ယခုပြတိုက်နေရာသို့ ၂၀၀၈ ခုနှစ်တွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး၊ ပြတိုက်သည် တူဗားလူမျိုများ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို စုဆောင်းထိန်းသိမ်းပြသထားသည့် နေရာတစ်ခုဖြစ်ကြောင်း၊ တူဗားပြည်သူ့သမ္မတနိုင်ငံခေတ်မှ ရှားပါးအသုံးအဆောင်ပစ္စည်းများ၊ စာရွက်စာတမ်းများ၊ လူမျိုးရေးဆိုင်ရာပစ္စည်းများ၊ နတ်ကိုးကွယ်ယုံကြည်မှု၊ ဗုဒ္ဓဘာဘာနှင့် အော်သို ဒေါ့တို့၏ ဘာသာရေးဆိုင်ရာပြခန်းများ၊ တူဗားလူမျိုးတို့၏ မဟာမျိုးချစ်စစ်ပွဲတွင် ပါဝင်မှုပြခန်းများအပါအဝင် ပြခန်းပေါင်း ၂၄ ခန်းကိုခင်းကျင်းပြသထားကြောင်း၊ တူဗားပြည်နယ်အမျိုးသားပြတိုက်သည် တူဗားပြည်နယ်၏ ထူးခြားသော သမိုင်းဝင်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျထိန်းသိမ်းထားရှိသည့် နေရာတစ်ခု ဖြစ်ကြောင်းသိရှိရသည်။           

               ယခု နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိခဲ့သော ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူဗားပြည်နယ်၊ ကီဇီးလ်မြို့သည် ရုရှား နိုင်ငံတောင်ပိုင်း ဆိုက်ဘေးရီးယားဒေသရှိ တူဗားပြည်နယ်၏ မြို့တော်တစ်ခုဖြစ် ကြောင်း၊ တူဗားပြည်နယ်သည်ကုန်းတွင်းပိတ်ဒေသတစ်ခုဖြစ်ပြီး မြေမျက်နှာသွင်ပြင် များမှာထူးခြားပြီး Sayan Mountains နှင့် Altai Mountains တို့ကဒေသကို ဝန်းရံထားပြီး အလယ်ပိုင်းတွင်ကျယ်ပြန့်သည့် ချိုင့်ဝှမ်းလွင်ပြင်များရှိကြောင်း၊ ဒေသ အတွင်း Yenisei မြစ်ကဖြတ်သန်းစီးဆင်းလျက်ရှိပြီး ဒေသအတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် များစွာအထောက်အကူပြုလျက်ရှိသည့်မြစ်တစ်ခုဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများတွင် မြင်းမွေးမြူခြင်းသည် တူဗားဒေသ၏ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ်ပါဝင်ကြောင်း၊ တူဗားဒေသတွင်နေထိုင်ကြသူများ၏ ဘာသာ စကား၊ ဂီတ၊ ဝတ်စားဆင်ယင်မှုနှင့် ရိုးရာယုံကြည်မှုများသည် အလယ်အာရှနှင့် ဆိုက်ဘေးရီးယား ဒေသယဉ်ကျေးမှုများကို ပေါင်းစပ်ထားသည့်ပုံစံဖြစ်ကြောင်း၊ တူဗားဒေသသည် တိဗက်ဗုဒ္ဓဘာသာ၊ အော်သိုဒေါ့ခရစ်ယာန်ဘာသာနှင့် ရှာမန် နတ်ကိုးကွယ်မှုများ ယှဉ်တွဲတည်ရှိသည့် ယဉ်ကျေးမှုအစဉ်အလာများကို ကောင်းမွန်စွာ ထိန်းသိမ်းထားသည့်နေရာဖြစ်ကြောင်း၊ တူဗားဒေသ၏ မြို့တော်ဖြစ်သည့် ကီဇီး မြို့တွင် ရုရှားနိုင်ငံ၏အကြီးဆုံး ဗုဒ္ဓဘုရားကျောင်းတော်တည်ရှိပြီး ဗုဒ္ဓဘာသာ တက္ကသိုလ် ကိုလည်းဖွင့်လှစ်ထားရှိကြောင်း၊ (၄)ကြိမ်မြောက် နိုင်ငံတကာ ဗုဒ္ဓဘာသာ ဖိုရမ် မကြာခင်က ကျင်းပပြုလုပ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ဗုဒ္ဓဘာသာ ဘုန်းတော် ကြီးများနှင့် နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် လူမှုရေးနယ်ပယ်မှ ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း၊ အလားတူ အဆိုတော်တစ်ဦး တည်းမှနေ၍ မြစ်ရေစီးသံ၊ လေတိုက်သံ၊ မြင်းသံစသည်များကို အသံတုများအဖြစ် ဖန်တီးသီဆို သည့် ရိုးရာဂီတသည် တူဗားဒေသ၏ ထင်ရှားသော ရိုးရာဂီတဖြစ်ကြောင်း၊ တူဗား ဒေသသည် ဆောင်းရာသီတွင် အလွန်အေးမြပြီး နွေရာသီတွင် နေ့အပူချိန်မြင့်မား သဖြင့် ရာသီဥတုအလွန်ပြင်းထန်သည့် ဒေသတစ်ခုဖြစ်ကြောင်း၊ တူဗားဒေသသည် ယဉ်ကျေးမှု၊ လှပသည့် သဘာဝတောတောင်ရေမြေများနှင့်သမိုင်း ကြောင်းများအရ ထင်ရှားမှုများရှိသဖြင့် ရုရှားဖက်ဒရေးရှင်နိုင်ငံ၏ ထူးခြားလှပသည့် ဒေသတစ်ခုဖြစ် ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *