ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့သို့ တရားဝင်ခရီးစဉ်များ သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြန်လည်ရောက်ရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက် အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ်လည်းကောင်း၊ ဘယ်လာ ရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ်လည်းကောင်း သွားရောက်ခဲ့ပြီး ဩဂုတ်လ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တူဗား ပြည်နယ်၊ ကီဇီးလ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ တူဗား ပြည်နယ် အကြီးအကဲ မစ္စတာ ဗလာဒီစလပ် ခိုဗာလစ်ဂ်၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ မစ္စတာ ကာရာ-အိုးလ် ရှော်ဘန် နှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ရင်းရင်းနှီးနှီးပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတနှင့်အတူအဖွဲ့ဝင်များအဖြစ်လိုက်ပါသွားကြသော  ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ မြန်မာ အာကာသ အေဂျင်စီအမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်၊ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာကြသည်။

ညနေပိုင်းတွင် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြရာ ဒုတိယသမ္မတများ ဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာရုရှား ဖက်ဒရေးရှင်း နိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှတာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆို နှုတ်ဆက်ကြ သည်။

နိုင်ငံတော်သမ္မတ သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတ နိုင်ငံများသို့ တရားဝင်ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်နှင့်လည်းကောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံအကြား အစိုးရများနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက် မှုများ မြှင့်တင်ဆောင်ရွက်ရေး၊ ဘက်စုံကဏ္ဍစုံမှ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့်ဆက်လက်တိုးမြှင့် ဆောင်ရွက်ရေး၊ အာကာသသိပ္ပံနှင့် နည်းပညာကဏ္ဍ၊ စက်မှုလက်မှုနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၊ ခရီးသွားကဏ္ဍ အပါအဝင် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးနိုင်ခဲ့သကဲ့သို့ ကဏ္ဍများအလိုက် သဘောတူစာချုပ်များနှင့် နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုး အပြန်အလှန်လဲလှယ်ခြင်း၊ သက်ဆိုင်ရာနိုင်ငံ များနှင့် စီးပွားရေးကဏ္ဍမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးဖိုရမ်များကို ကျင်းပပြုလုပ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ် နိုင်ငံတို့၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးများကို  ပိုမိုတိုးမြှင့်ဆောင်ရွက် နိုင်ခဲ့ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် များစွာအကျိုးပြုအထောက် အကူပြုသည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *